မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 13 mei 2011

အစိုးရသစ်လက်ထက်ပထမဆုံးအကြိမ်ဂျာနယ်တစောင်ယာယီအပိတ်ခံရ

ဆက်လင်း Friday, 13 May 2011 16:53
အပတ်စဉ်ထုတ်ပြည်တွင်းသတင်းဂျာနယ်တစောင်ဖြစ်သည့်TrueNews(သစ္စာ)သတင်းဂျာနယ်ကိုထုတ်ဝေခွင့်နှစ်ပတ်ရပ်ဆိုင်းလိုက်သည်ဟုမြန်မာနိုင်ငံစာပေစိစစ်နှင့်မှတ်ပုံတင်ဌာနမှစာစစ်မှူးတဦးကပြောသည်။
                                                                            TrueNews(သစ္စာ)သတင်းဂျာနယ်
ယင်းသို့သတင်းဂျာနယ်တစောင်ကိုပိတ်ပင်ခြင်းသည်သမ္မတဦးသိန်းစိန်အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ် ဖြစ်သည်။
မေလ၃ရက်ကထုတ်ဝေခဲ့သည့်သစ္စာသတင်းဂျာနယ်တွင်ကျပ်၁၅သိန်းတန်ဂျီအက်စ်အမ်ဖုန်းပိုင် ဆိုင်ထားသူများ ကျပ် တသိန်း ရှစ်သောင်း ထပ်မံပေးသွင်းလျှင် ငါးသိန်း တန်ဂျီအက်စ်အမ်ဖုန်း တလုံးရမည် ဆိုသည့်သတင်းအားမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအင်ဂျင်နီယာချုပ်ဦးဇော်မင်းဦး၏ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ယင်းသတင်းနှင့်ပတ်သက်၍မြန်မာ့ဆက်သွယ်ရေးမှစာပေစိစစ်ရေးကို ကန့်ကွက်စာပို့ခဲ့သဖြင့် ယခုကဲ့သို့ထုတ်ဝေခွင့် နှစ်ပတ်ရပ်နားလိုက်ခြင်းဖြစ်သည်ဟု အမည် မဖော်လိုသူ အထက်ပါ စာစစ်မှူးက ဧရာဝတီသို့ပြောသည်။
“အကြောင်းပြချက်ကတော့မျက်နှာဖုံးသတင်းကိုခွင့်ပြုချက်မရဘဲထုတ်ဝေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်တာပါ”ဟု သစ္စာဂျာနယ် နှင့်နီးစပ်သူတဦးက ဆိုသည်။
မေလ၃ရက်နေ့တွင်ထုတ်ဝေခဲ့သော သစ္စာသတင်းဂျာနယ် အတွဲ ၃ အမှတ် ၃၄ တွင် အဆိုပါ ဂျီအက်စ်အမ် ဖုန်းသတင်းနှင့်အတူယူနီဖောင်းသာလဲပြီးလူပြောင်းလဲခြင်းမရှိဟူသောအဓိပ္ပာယ်ဖြင့်ရေးဆွဲထားသည့် ကာတွန်းဆရာအော်ပီကျုယ်၏ကာတွန်း၊နာရေးကူညီမှုအသင်းဘဏ္ဍာရေးမှူးရွှေဇီးကွက်၏ ကိုယ်တိုင်ရေးဆောင်းပါးများပါထည့်သွင်းဖော်ပြခဲ့သဖြင့်ယင်းသို့ပိတ်ပင်ခြင်းဖြစ်နိုင်သည်ဟုလည်း၎င်းက ဆက်လက်ပြောဆိုသည်။
“အဲဒီအပတ်မှာနာရေးကူညီမှုအသင်းကိုဒေါ်အောင်ဆန်းစုကြည်လာတဲ့သတင်းတင်တယ်ခွင့်မပြုဘူး။ ကျော်သူအင်တာဗျူးတင်တယ်။ဆိုင်းငံ့ဆိုပြီးနောက်တပတ်ရွှေ့လိုက်တယ်။တယ်လီဖုန်းသတင်းကလည်း သူတို့ဌာနကတာဝန်အရှိဆုံးလူပြောထားတာကိုအထောက်အထားခိုင်ခိုင်လုံလုံနဲ့ရှိတယ်”ဟု အမည်မဖော်လိုသူ သတင်းထောက် တဦးက ပြောပြသည်။
သမ္မတသစ်ဦးသိန်းစိန်ကမတ်လ၃၁ရက်နေ့သမ္မတအိမ်တော်၌ပြုလုပ်သည့်ပြည်ထောင်စုအဆင့်အစိုးရ အဖွဲ့ဝင်များကိုပြောကြားသည့်မိန့်ခွန်းတွင်“စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကိုအလေးထားဖို့လိုအပ်ပါတယ်။စာနယ်ဇင်းများကတဆင့် ပြည်သူတွေသိသင့်တဲ့အချက်များကို အသိပေးသွားဖို့လိုသလို စာနယ်ဇင်းများက အပြုသဘောဆောင် အကြံပြုချက်များကိုလည်း အလေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု ထည့်သွင်းပြောကြားထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းများအတွင်းသတင်းဂျာနယ်များတွင်ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံများကိုဖော်ပြ ခွင့်ပြုခြင်း၊ ယခင်ခွင့်မပြုခဲ့သည့် အကြောင်းအရာတချို့ကိုရေးသားခွင့်ပြုခြင်းတို့ကြောင့် စာပေလွတ်လပ်ခွင့် တစုံတရာရလာမည်လားဟုမျှော်လင့်ချက်ရှိခဲ့သော်လည်းဒေါ်အောင်ဆန်းစုကြည်နှင့်NLDပါတီကို လူထုက ဆက်လက်ထောက်ခံဆဲဆိုသည့်သတင်း၊လယ်ယာမြေအဓမ္မသိမ်းယူသည့်သတင်း၊အလုပ်သမားများ အခွင့်အရေးဆုံးရှုံးသည့်သတင်းများကိုဖော်ပြခွင့်မပြုကြောင်းသတင်းဂျာနယ်အယ်ဒီတာတဦးက ပြောဆိုသည်။
“သူတို့လွတ်လပ်ခွင့်ပေးလာတယ်ဆိုတာမျိုးဖြစ်အောင်အပေါ်ယံပေးတာပါ။ဒေါ်အောင်ဆန်းစုကြည် ဆိုလည်းဓာတ်ပုံကိုပဲပေးတာ။နာရေးအသင်းကိုလာတော့လူတွေကဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုလိုက်ကြည့်တယ်။
ဘယ်လိုကြိုဆိုတယ်ဆိုတာမျိုးတွေဆိုခွင့်မပြုဘူး။နောက်ပြီးNLDကဘာတွေလုပ်တယ်ဆိုတာမျိုး ခွင့်မပြုဘူး။ကလေးစစ်သားကိစ္စတို့၊လယ်သိမ်းတာတို့ကိုအမှန်အတိုင်းရေးလည်းခွင့်မပြုဘူး”ဟုလည်း ၎င်းက ပြောပြသည်။
သစ္စာသတင်းဂျာနယ်ကို၂၀၀၈ခုနှစ်ဇွန်လ၆ရက်တွင်စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး၂၀၀၉ခုနှစ် အောက်တိုဘာလကလည်း ထိုင်းနိုင်ငံရောက် ကလေးအလုပ်သမားတဦး ၏ဓာတ်ပုံကိုဖော်ပြခဲ့သဖြင့် နှစ်လ ပိတ်ပင်ခြင်းခံခဲ့ရဖူးသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ် မြောက်လာသည့် သတင်းနှင့်ဓာတ်ပုံကို မျက်နှာဖုံးတွင်ဖော်ပြခဲ့သဖြင့် သတင်းဂျာနယ် ၉ စောင်ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံခဲ့ရသည်။
အစိုးရသစ်လက်ထက်တွင် အားကစား၊ သုတရသ၊ ဂမ္ဘီရ၊ နည်းပညာ၊ အနုပညာနှင့် ကလေးစာပေ ထုတ်ဝေသည့်ဂျာနယ်အမျိုးအစားခြောက်မျိုးကိုစာပေစိစစ်ရေးတင်ပြရန်မလိုဘဲထုတ်ဝေခွင့်ပြုမည်ဟုတာဝန်ရှိသူများကပြောဆိုခဲ့သော်လည်းယနေ့အထိမည်သည့်အချိန်စတင်ခွင့်ပြုမည်ကို တိတိကျကျထုတ်ပြန်ခြင်း မရှိသေးပေ။
ပြီးခဲ့သည် မေလ၂ ရက်နေ့ က ၀ါရှင်တန်အခြေစိုက် FreedomHouseအဖွဲ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် သတင်းလွတ်လပ်ခွင့်မရှိဆုံး၁၀နိုင်ငံစာရင်း၌မြန်မာနိုင်ငံပါဝင်ကြောင်းဖော်ပြထားပြီး ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ဖြစ်သည့်မေလ၃ရက်နေ့တွင် အမေရိကန်သမ္မတဘားရက် အိုဘားမားကလည်း မြန်မာနိုင်ငံသည် ကျူးဘား၊ မြောက်ကိုရီးယားနိုင်ငံများကဲ့သို့သတင်းစာလွတ် လပ်ခွင့် မရှိသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောဆိုထားသည်။

Geen opmerkingen: