မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 28 mei 2011

အစိုးရကျောင်းတချို့လာဘ်ယူနေဆဲ

ယုယမိုး Saturday, 28 May2011 20:19
.ကျောင်းအပ်ရာသီကာလအစိုးရကျောင်းများတွင်သတ်မှတ်နှုန်းထားထက်ပို၍အလှူငွေကောက်ခံခြင်းများ မပြုလုပ်ရန်ညွှန်ကြားထားသော်လည်းအခြေခံပညာကျောင်းအချို့တွင်လာဘ်ယူမှုများရှိနေဆဲဖြစ်သည် ဟုသိရသည်။
မကြာသေးမီကရန်ကုန်တိုင်းဒေသကြီအတွင်းရှိအထင်ကရကျောင်းများဖြစ်သောအထက(၂)မင်္ဂလာဒုံ၊ အထက(၁)ဒဂုံ၊အထက(၂)ကမာရွတ်၊အထက(၂)လသာ၊အထက(၂)ဗဟန်း၊ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း(TTC)အစရှိသည့်ကျောင်း၁၉ကျောင်းအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဦးဉာဏ်ထွန်းဦးက ခေါ်ယူသတိပေးမှုများ ပြုလုပ်ခဲ့သည်။
ခေါ်ယူသတိပေးခြင်းခံခဲ့ရသည့်ကျောင်းများကရန်ပုံငွေ၊အလှူငွေကြေးများကောက်ခံခြင်းမရှိသော်လည်း အဆိုပါနာမည်ရကျောင်းများသို့ဝင်ခွင့်ရရှိစေရန်လာဘ်ပေးနေရမှုများရှိနေသည်ဟုပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC)မှ ကျေင်းသားမိဘ တစ်ဦးဖြစ်သူ မမျိုးမျိုးက ဧရာဝတီကိုပြောသည်။
“ကျောင်းဝင်ခွင့်ရဖို့ကသက်ဆိုင်ရာပညာရေးဌာနကပါမောက္ခတွေ၊စစ်တပ်ကရာထူးကြီးအရာရှိတွေရဲ့ လက်မှတ်တွေပါမှဖြစ်တာပါ၊သူတို့လက်မှတ်တွေရဖို့အတွက်ကြားထဲကပွဲစားတွေကို လိုင်းကြေးသဘောမျိုးပေးရပါတယ်ဒီနှစ်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း(TTC)ကျောင်းဝင်ခွင့် ရဖို့ကျောင်းသားသစ်ဝင်ကြေးကကျပ်၁၀သိန်းကနေ၁၅ သိန်းကြားရှိပါတယ်”ဟု သူကဆိုသည်။
ရန်ကုန်မြို့၏နာမည်ရကျောင်းများဖြစ်သည့်ဒဂုံ(၁)နှင့်အထက(၂)ကမာရွတ်(စိန်အော်ဂတ်စတင်း) ကျောင်းများ၏ကျောင်းသားသစ်ဝင်ကြေးမှာလည်းကျပ်နှစ်သိန်းမှသုံးသိန်းကြားရှိသည်ဟု ကမာရွတ်မြို့နယ်မှအဋ္ဌမတန်းတတ်ရောက်မည့်ကျောင်းသားမိခင်တစ်ဦးကပြောပြခဲ့သည်။
၂၀၁၁-၂၀၁၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး နေ့များကို မေလ၂၅ရက်မှ ၃၁ရက်အတွင်း တစ်နိုင်လုံးရှိ အခြေခံပညာကျောင်း တွင်ပြုလုပ်ရမည်ဟု ပညာရေး ၀န်ကြီးဌာနက ညွှန်ကြားထားသည်။
ရန်ကုန်မြို့၏အထင်ကရကျောင်းများတွင်သာမကအခြားမြို့နယ်ရှိကျောင်းများတွင်လည်းဝင်ခွင့်ရရှိစေရန် ကျောင်းအုပ်ကြီးများအားလာဘ်ပေးရမှုများရှိနေပြီးကျောင်းအပ်ရာသီမရောက်ခင်ကပင် ကျောင်းအပ်လက်ခံကာအမြတ်ထုတ်လျက်ရှိသည်ဟုဒဂုံမြို့သစ်မြောက်ပိုင်းမှကျောင်းသားမိဘတစ်ဦး ကဆိုသည်။
“အထက၃ဒဂုံမြို့သစ်မြောက်ပိုင်းကကျောင်းအုပ်ကြီးတစ်ဦးဆိုရင်ကျောင်းအပ်ရာသီဖြစ်တဲ့မေလ၂၅ ရက်နေ့မတိုင်ခင်ကတည်းကကျောင်းအပ်လက်ခံတာတွေလုပ်နေပါတယ်သူနဲ့ခင်မင်ရင်းနှီးတဲ့သူတွေ အဆက်အသွယ်နဲ့လာတဲ့သူတွေဆိုရင်အလှူငွေအဖြစ်သုံးသောင်းကျပ်ကောက်ခံပြီး အဆက်အသွယ်ကောင်းမရှိတဲ့ကျောင်းသားကျောင်းသူတွေဆိုငါးသောင်းပေးရပါတယ်အချို့ ပိုက်ဆံတတ်နိုင်သူတွေကိုဆိုတစ်သိန်းနဲ့အထက်ကောက်ခံပြီးအကျိုးအမြတ်ထုတ်နေပါတယ်” ဟုပြောပြသည်။
အဆိုပါကျောင်းအုပ်ကြီးသည်မိဘများကိုသာမကကျောင်းရှိဆရာ၊ဆရာမများအပေါ်တွင်လည်း လာဘ်စားမှုများရှိနေသည်ဟုသူကဆိုသည်။
“အတန်းကောင်းကောင်းလိုချင်ရင်ဆရာမတွေဆီကနေကျပ်တစ်သိန်းကနေတစ်သိန်းခွဲအထိတောင်းပါတယ်၊ မပေးနိုင်တဲ့ဆရာ၊ဆရာမတွေကိုအတန်းပိုင်ရာထူးမပေးပါဘူး၊သူ့ကိုလာဘ်ပေးပြီးတော့မျက်နှာရအောင် လုပ်တဲ့သူတွေကိုပဲအတန်းပိုင်တို့၊အတန်းမှူးရာထူးတို့ပေးပါတယ်” ဟု၎င်းကပြောသည်။
အဆိုပါကျောင်းသည် ဒဂုံမြို့သစ် မြောက်ပိုင်း ဘုရင့်နောင်လမ်းမကြီး(ကျောင်းလမ်း)တွင်တည်ရှိပြီး ၃၅ရပ်ကွက်နှင့် ၃၆ရပ်ကွက် အကြားတည်ရှိသည်။
မန္တလေးတိုင်းဒေသကြီးချမ်းအေးသာဇံမြို့နယ်ရှိမြို့နယ်ပညာရေးမှူးတစ်ဦးသည်ယခုလ၂၄ရျက်နေ့က ကျောင်းအပ်နှံရေးနေ့ရန်ပုံငွေအဖြစ်ငွေကျပ်တစ်သောင်း၊နှစ်သောင်းစသည်ဖြင့်မိဘများထံမှ ခွဲတမ်းဖြင့် ကောက်ခံရန်ချမ်းအေးသာဇံမြို့နယ်ရှိကျောင်းအုပ်ကြီးများအားညွှန်ကြားထားသောကြောင့် ကျောင်းအပ်နှံရန်ပင် အဆင်မပြေသည့် မိဘများမှာ အခက်အခဲတွေ့နေရသည် ဟု မန္တလေးမြို့ အထက(၁၄)မှ ကျောင်းသားမိဘတစ်ဦးက ဧရာဝတီကိုပြောသည်။
အခြေခံပညာကျောင်းများတွင် ကျောင်းသားမိဘများနှင့် ဆရာ၊ဆရာမများ အကြား ယင်းကဲ့သို့ လာဘ်ပေး လာဘ်ယူမှုများဖြစ်ပေါ်နေခြင်းသည်အစိုးရ၏ပညာရေးဌာနအတွက်ဘတ်ဂျက်ချထားပေးမှု နည်းပါးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ရန်ကုန်မှ ကျောင်းအုပ်ဆရာကြီးတစ်ဦးက သုံးသပ်ပြသည်။
အစိုးရသစ်လက်ထက်တွင်ဝန်ကြီးဌာနပေါင်း၃၁ခုရှိပြီးအခြားဝန်ကြီးဌာနများနှင့်စာလျှင်ပညာရေးဝန်ကြီးဌာနသည် လာဘ်စားမှုအနည်းဆုံး ဌာန တစ်ခုဖြစ်သည်ဟုလေ့လာသုံးသပ်သူများက ဆိုသည်။
အစိုးရ၏၀န်ကြီးဌာနများသို့ချထားပေးသောဘတ်ဂျတ်တန်ဖိုးများအရကာကွယ်ရေးဝန်ကြီးဌာနသည် ၂၁.၁၃ ရာခိုင်နှုန်း ဖြင့်အများဆုံး ရရှိကာပညာရေးဝန်ကြီးဌာနသည်၎.၉၇ ရာခိုင်နှုန်းခန့်သာ ရရှိသည်ကို ဧရာဝတီကရရှိထားသော၂၀၁၁ခုနှစ်ဖေဖော်ဝါရီလ၁၁ရက်နေ့ကထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော် ပြန်တမ်းအရ သိရသည်။
ယခုပညာသင်နှစ်မှစတင်၍ကျောင်းနေအရွယ်ကလေးတိုင်းအခြေခံပညာသင်ယူနိုင်စေရန် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ငါးသန်းကျော်အတွက်ငွေကျပ်သန်း ၂၄၀၀တန်ဖိုးရှိ ကျောင်းသုံး စာအုပ်များ အခမဲ့ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမြအေး ပြောကြားချက်ကို မေလ ၂၆ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အခြေခံပညာ ကျောင်းပေါင်းလေးသောင်းရှစ်ရာ ကျော်ရှိပြီး အဆိုပါကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူဦးရေ ရှစ်သန်းကျော် ရှိကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

Geen opmerkingen: