မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 17 mei 2011

နိုင်ငံရေးဆိုတာလုပ်သင့်တယ်ဆိုတဲ့ဇေယျာသော်

မဇ္ဈိမသတင်းဌာန အင်္ဂါနေ့၊ မေလ ၁၇ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၃ မိနစ် . 
မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW)ခေါင်းဆောင်လည်းဖြစ်ဟစ်ပ်ဟော့ပ်အဆိုတော်လည်းဖြစ်သူ အသက်၃၁နှစ်ရှိဇေယျာသော်အင်္ဂါနေ့ကကော့သောင်းထောင်မှလွတ်မြောက်လာသည်။
၂ဝဝ၈ခုနှစ်နိုဝင်ဘာလ၂ဝရက်နေ့ကကိုဇေယျာသော်အားနိုင်ငံခြားငွေကိုင်ဆောင်မှုပုဒ်မ၂၄/၁ အရ ထောင်ဒဏ်၁နှစ်၊တရားမဝင်အသင်းဖွဲ့စည်းမှုပုဒ်မ၆/၈၈ဖြင့်၅နှစ်စုစုပေါင်းထောင်ဒဏ်၆နှစ် ချမှတ်ခဲ့သည်။ ထို့နောက်မြန်မာပြည် တောင်ဘက်စွန်း တနင်္သာရီတိုင်းရှိ ကော့သောင်းထောင် သို့ပြောင်း ရွှေ့လိုက်သည်။
တရားမဝင်အသင်းဖွဲ့စည်းမှုပုဒ်မဆိုင်ရာ၅နှစ်ချခံထားရာမှအယူခံဝင်ရာတွင်၂နှစ်လျှော့ပေါ့ခွင့်ရရာကျန်၎ နှစ်တွင်သုံးနှစ်ထောင်ဒဏ်ကျခံပြီးဖြစ်၍ကျန်၁နှစ်လျှော့ပေါ့ဖြင့်လွတ်မြောက်လာခြင်းဖြစ်သည်။
GenerationWave(GW)အဖွဲ့သည်အဆိုတော်ဇေယျာသော်ဦးဆောင်မှုဖြင့်၂ဝဝ၇ရွှေဝါရောင် တော်လှန်ရေး ကာလတွင်ပေါ်ပေါက်လာသည်။
အဆိုတော်အနဂ္ဂ၊ဟိန်းဇော်၊ရန်ရန်ချန်းတို့နှင့်အတူ၂ဝဝဝနှစ်ကုန်ပိုင်းကမြန်မာနိုင်ငံတွင်ပထမဆုံး ဟစ်ပ်ဟော့ပ်အဖွဲ့ဖြစ်သည့် အက်ဆစ်အဖွဲ့ကို စတင်တည်ထောင်ခဲ့သည်။
မေး။ ။ကော့သောင်းကနေရန်ကုန်လေယာဉ်နဲ့ပြန်ရောက်မယ်ဆိုပြီးမိသားစုတွေရန်ကုန် လေဆိပ်မှာစောင့်နေကြပါတယ်။အာဏာပိုင်တွေကကိုဇေယျာသော်လွှတ်မယ်ဆိုတာဘယ်လို အကြောင်းကြားပါသလဲ။
ဒီနေ့နေ့လယ်၁ နာရီခွဲမှာကျနော်ကော့သောင်းအကျဉ်းထောင်ထဲကနေစထွက်လာခဲ့ပါတယ်။ အကျဉ်းထောင်အာဏာပိုင်တွေကတော့အကျဉ်းသားအားလုံးကို၁နှစ်လျှော့ပေါ့ခံစားခွင့်ဖို့ဆိုပြီး အမိန့်ကြေညာစာထုတ်လိုက်တယ်လို့ပြောပါတယ်၊ကျနော်ကသတ်မှတ်ထားတဲ့ကာလ၁နှစ်မလိုတော့လို့ ဒီနေ့လွှတ်မယ်ဆိုပြီးတော့မနေ့ညကကျနော့်ကိုအကြောင်းကြားပါတယ်။
မိသားစုတွေကကြိုပြီးသိထားကြတယ်၊ညကသတင်းကြေညာတဲ့အချိန်မှာထောင်ကိုလှမ်းပြီးတော့ ဆက်သွယ်ကြတော့လွှတ်တဲ့စာရင်းထဲမှာပါမပါသူတို့စုံစမ်းလိုက်တော့ကြိုသိပါတယ်။
မေး ။ ။ခုလိုလွတ်မြောက်လာတဲ့အတွက်ဘယ်လိုခံစားရပါသလဲ။
ယုံကြည်ချက်ကြောင့်အကျဉ်းသားတွေအကျဉ်းကျခံနေရတာအများကြီးရှိပါသေးတယ်၊ကျနော် တယောက်ထဲလွတ်လို့လည်းကျနော့အတွက်ကျနော်တော့ဝမ်းမသာနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအရပ်ရပ်တိုင်းမှာရှိနေတဲ့ထောင်တွေထဲမှာကျနော်တို့ရဲ့အစ်ကိုတွေ၊အစ်မတွေ၊ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်ရောင်းရင်းတွေကျတော်တို့ရဲ့ညီတွေ၊နှမတွေအများကြီးကျန်ပါသေးတယ်၊ဒီလူတွေ အားလုံးကိုလည်း လွတ်မြောက်စေချင်ပါတယ်။ အဲဒီတော့မှ အပြည့်အဝ ဝမ်းသာနိုင်မှာပါ။
မေး ။ ။ကိုဇေယျာသော်ဟစ်ဟော့ပ်အဆိုတော့ကနေနိုင်ငံရေးထဲရောက်လာခဲ့ပုံကို ပြောပြပေးပါ။
ကျနော်နိုင်ငံရေးထဲကိုစပြီးရောက်လာခဲ့ရတာကတော့မဟုတ်တာမမှန်တာမတရားတာကိုခေါင်းငုံ့မခံချင်တဲ့ လူငယ်စိတ်နဲ့ပဲကျနော်ရောက်လာခဲ့တာပါ။ဘာဖြစ်ရမယ်ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ ခံယူချက် တိတိကျကျတော့အရင်တုန်းကမရှိခဲ့ပါဘူး။ဒါပေမဲ့အခု ထောင်ထဲမှာသုံး နှစ်ကျော်ကျော်ကိုယ့်ကိုယ်ပြန်ပြီး သုံးသပ်ခွင့်ရလာတယ်၊ အဲလို ဖြစ်လာတဲ့အတွက်ကြောင့် နိုင်ငံရေးဆိုတာ လုပ်သင့်တယ် ဆိုတဲ့ အမြင်ကို ပို မြင်လာပါတယ်။
မေး ။ ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် သူငယ်ချင်းအသိုင်းအဝိုင်းတွေက ကျောခိုင်းသွားကြလား။
ကျောခိုင်းသွားတာမျိုးမရှိပါဘူးခင်ဗျ၊ဒီနေ့ပြန်လာတဲ့အချိန်မှာကျနော်ရဲ့သူငယ်ချင်းရဲဘော်ရဲဘက် ရန်ရန်ချန်းကစလို့နောက်ဆုံးကိုမျိုးကျော့မြိုင်တို့အဆုံးအားလုံးကျနော့်ကိုလာကြိုကြပါတယ်။ ဖက်လှဲတကင်းကို လာကြိုကြပါတယ်။ ကျနော်တို့ အနုပညာ အသိုင်းအဝိုင်းက လာကြိုကြပါတယ်။
အရင်တုန်းကနိုင်ငံရေးလုပ်လိုက်တဲ့လူတယောက်ဆိုရင်မကြည့်ရဲ၊ဘယ်သူမှမဆက်ဆံရဲတဲ့ပုဂ္ဂိုလ်မျိုး ပတ်ဝန်းကျင်က ထင်ကြတာမျိုး ကြားဖူးတယ်။ ဒါပေမဲ့ အခု လူငယ်တွေမှာကတော့ နိုင်ငံရေးဆိုတာ
နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တယ်၊ ဒါကြောင့်ဒီအရေးကိုလုပ်တာအပြစ်တခုကျူးလွန်တာ မဟုတ်ဘူးဆိုတဲ့ အမြင်နဲ့ ကျနော်ကို ဖက်လှဲတကင်း ကြိုဆိုတဲ့အတွက် ကျနော်အရမ်း ဝမ်းသာပါတယ်။
မေး ။ ။ နိုင်ငံရေးကြောင့် ထောင်ကျသွားတော့ နောင်တရမိသလိုများ ခံစားရသလား။
ကျနော့ဘဝ ပိုပြီး အဓိပ္ပာယ် ရှိသွားတယ်လို့ ခံယူတယ်၊ ကျနော့် အသက်၃၁နှစ် ရှိပြီဗျ၊ ကျန်ခဲ့တဲ့ အသက် ၂၆ နှစ်လောက်ကိုဒီလိုတန်ဖိုးရှိတဲ့ဘဝဘာလို့မဖြစ်လာရတာလဲဆိုကျနော်နှမြောမိတယ်။ နိုင်ငံရေးလုပ်တယ် ဆိုတာအင်မတန်မှကိုမွန်မြတ်ပြီး အင်မတန်မှကောင်းတဲ့အလုပ်ပါ။ ဒီအလုပ်ကို လူငယ်တွေအားလုံးကိုလုပ်စေချင်ပါတယ်၊ကျနော်ကိုယ်တိုင်လည်းလုပ်အုံးမှာပါ။ အားလုံး လုပ်အောင်လည်း ကျနော်တိုက်တွန်းပါတယ်။
မေး ။ ။ မိဘတွေကကော ပြန်ထွက်လာရင် ဘာတွေလုပ်စေချင်လဲ။
ကျနော့်ရဲ့မိဘတွေကတော့ကျနော်ဘာပဲလုပ်လုပ်နောက်ကွယ်ကနေအမြဲတမ်းကူညီပေးနေတာပါ၊ သူတို့ကလည်းခေတ်မီတဲ့မိဘတွေဖြစ်တဲ့အတွက်ကြောင့်အမြင်ကျယ်ပါတယ်။ နိုင်ငံရေး လုပ်တယ်ဆိုတာကို တားမြစ်မယ့်မိဘအမျိုးအစားမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အခုထောင်ကလွတ်ကထဲကိုကကျနော် မိဘတွေနဲ့စကားကိုမပြောရသေးဘူးဗျ၊ဝိုင်းပြီးနှုတ်ဆက်ကြတဲ့သူငယ်ချင်းတွေရယ်မေးကြတဲ့ အင်တာဗျူးတွေဒါတွေကိုပဲကျနော်ထိုင်ဖြေနေတာပါပဲ၊ဒါကိုလည်းသူတို့ နားလည် ခွင့်လွှတ်ထားပေးပါတယ်။
မေး ။ ။ ကိုဇေယျာသော် ထောင်ထဲမှာကဗျာတွေ စပ်မိသေးလား။
ထောင်ထဲမှာစာရွက်နဲ့ဘောပင်ကိုင်ဆောင်ခွင့်မရှိဘူးခင်ဗျ၊အဲတော့ကျနော်စိတ်ကူးထဲမှာပဲရေးထား တာမျိုးတွေတော့ရှိပါတယ်။ဒါပေမဲ့သေသေချာချာချရေးထားတာမဟုတ်တော့နောင်ချပြီးရေးပြီးရင်ကျနော် ထုတ်ပြပါ့မယ်။
မေး ။ ။ ကိုဇေယျာသော်တို့ တည်ထောင်ထားခဲ့တဲ့ GW နဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
GW(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)ဆိုတဲ့နာမည်နဲ့နိုင်ငံရေးရာကိစ္စလုပ်ခဲ့ကြတယ်ပေါ့ဗျ၊ ဝါသနာပါတဲ့သူငယ်ချင်းတွေလုပ်ခဲ့ကြတာပါ၊ကျနော်တို့နိုင်ငံဒီပုံစံအတိုင်းသွားနေလို့မဖြစ်တော့ဘူး၊ အပြောင်းအလဲတခုတော့ဖြစ်မှဖြစ်တော့မယ်ဆိုပြီးနိုင်ငံရဲ့အပြောင်းအလဲဖြစ်လာအောင် တွန်းအားပေးတဲ့အနေနဲ့ ကျနော်တို့ စပြီးလုပ်ခဲ့ကြတာပါ။
GWအဖွဲ့နဲ့ကျနော်ကိုယ်တိုင်သုံးနှစ်လောက်အဆက်အသွယ်ပြတ်သွားတယ်ဆိုတော့သူတို့ဘာတွေ လက်ရှိဆက်လုပ်နေတယ်ဆိုတာကျနော်မသိသေးဘူး၊ဒါပေမဲ့သူတို့တွေလည်းနိုင်ငံအတွက် တကယ် အကျိုးရှိမယ့် အလုပ်တွေ လုပ်နေကြတယ်လို့ ကျနော်ထင်ပါတယ်၊ ကျနော် အားလည်း ပေးပါတယ်။





Geen opmerkingen: