မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 6 mei 2011

မြန်မာကို အာဆီယံ ဥက္ကဋ္ဌ ပေးရေးဆုံးဖြတ်ရန် ရွှေ့ဆိုင်း

ခင်ဦးသာ Friday, 06 May 2011 18:54
အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်အား လာမည့်၂၀၁၄ခုနှစ်တွင်မြန်မာနိုင်ငံကို လွှဲပြောင်းပေရေးအတွက် ဆုံးဖြတ်ချက်ကို ယခုနှစ်နှောင်းပိုင်းအထိရွှေ့ဆိုင်းထားမည်ဟုလက်ရှိဥက္ကဋ္ဌအင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ နာတာလ်ဂဲဝါး (Mr Natalegawa) က ပြောဆိုသည်။
အာဆီယံအစည်းအဝေးတက်ရောက်ရန်ယမန်နေ့ကဂျကာတာမြို့မာဒေးကားနန်းတော်သို့ ရောက်ရှိလာသည့်သမ္မတဦးသိန်းစိန်အားအင်ဒိုနီးရှားသမ္မတဆူစီလိုဘန်ဘန်းယူဒိုယိုနိုက ကြိုဆိုနေစဉ် (ဓာတ်ပုံ - Reuters)
မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်စဉ်များနှင့်ပတ်သက်၍အချက်အလက်ရှာဖွေရေးအဖွဲ့တခု မကြာမီရက်သတ္တပတ်အတွင်းစေလွှတ်မည်ဖြစ်ပြီးမြန်မာပြည်အာဆီယံဥက္ကဋ္ဌ တာဝန်ပေးရေးကို အလောသုံးဆယ်လုပ်ဆောင်သွားမည်မဟုတ်ဟုမစ္စတာနာတာလ်ဂဲဝါး ကဧရာဝတီသို့ ယနေ့ ပြောသည်။
“ဒီခရီးစဉ်ကနေနိုင်ငံရေးအခြေအနေတွေ၊ အစိုးရသစ်ဟာ ဘာအပြောင်းအလဲတွေလုပ်ထားပြီလဲဆိုတာတွေ လေ့လာသွားမယ်၊ လေ့လာပြီးမှ ဥက္ကဋ္ဌ တာဝန်ပေးသင့်မပေးသင့် စဉ်းစားသုံးသပ် သွားမယ်”ဟု အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးက ဆက်ပြောသည်။
မြန်မာနိုင်ငံသည်အာဆီယံဥက္ကဋ္ဌတာဝန်ယူမည်ဆိုပါကအာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနိုင်ခြေရှိမရှိဆိုသည် ကိုလည်း အကဲဖြတ်ရမည်ဟု မစ္စတာ နာတာလ်ဂဲဝါး က ဆိုသည်။
မြန်မာနိုင်ငံအား အာဆီယံဥက္ကဋ္ဌ တာဝန်ပေးရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ လာရောက်မည့် ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံလိုကြောင်း မစ္စတာ နာတာလ်ဂဲဝါးက ပြောဆိုသည်။
ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ပြီးခဲ့သည့်လတွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ မြန်မာအစိုးရသစ်၏နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်သည်၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူရေးအတွက်လျှောက်ထားခဲ့သည်။
“မြန်မာနိုင်ငံတွင်းကနိုင်ငံရေးအခြေအနေတွေကိုမသုံးသပ်နိုင်ဘဲနဲ့အစိုးရသစ်ကို လူအများရဲ့ယုံကြည်မှုတွေပေးဖို့ဖိအားပေးတာမျိုးကို လက်မခံနိုင်ဘူး”ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာ၌မေလ၇ ရက်နှင့် ၈ ရက်နေ့တွင် ပြုလုပ်မည့် ၁၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး (The18thAseanSummit) မတိုင်မီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အာဆီယံ ဥက္ကဋ္ဌတာဝန်အားမြန်မာကို ပေး သင့်မပေးသင့် ကိစ္စများကို အကြိုဆွေးနွေးခဲ့ကြသော်လည်း အဖြေမရကြသေးပေ။
မြန်မာနိုင်ငံသမ္မတသစ်ဦးသိန်းစိန်သည်နံနက်ဖြန်ပြုလုပ်မည့်၁၈ကြိမ်မြောက်အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက် မည် ဖြစ်ပြီး ၎င်း၏ အစိုးရသစ်အား အာဆီယံနှင့် နိုင်ငံတကာ၏ ထောက်ခံမှုရရှိရေးတို့ကို လိုလားသည့် လက္ခဏာများကို လည်း တွေ့ နေရသည်။
မြန်မာနိုင်ငံ၌ စစ်တပ်မှအရပ်သားပုံစံပြောင်းလာသော အစိုးရကို အပြုသဘောဆောင်သော အပြောင်းအလဲဟုရှုမြင်ကြပြီးသမ္မတသစ်ဦးသိန်းစိန်သည်ဆွေးနွေးရ လွယ်ကူသောသဘောထားပျော့ပျောင်းသည့် ခေါင်းဆောင်တဦးဖြစ်မည်လိမ့်ဟု အာရှသံတမန်များက မျှော်လင့်နေကြကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ် အဖီဆစ်ဝေ့ချာချီဝ က“မြန်မာအစိုးရသစ်နဲ့ ထိတွေ့ဆက်ဆံဖို့နည်းလမ်းကလွဲရင် တခြားရွေးချယ်စရာ ဘာမှမရှိဘူး၊ ထိတွေ့ဆက်ဆံမှုမလုပ်ဘူး ဆိုရင်မြန်မာပြည်သူတွေရဲ့အခြေအနေဟာ လက်ရှိထက် အများကြီးဆိုးသွားလိမ့်မယ်”ဟု မကြာသေးခင်က ဧရာဝတီကို ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံအားအာဆီယံဥက္ကဋ္ဌတာဝန်ပေးရေးမပေးရေး ကိစ္စသည် အာဆီယံအဖွဲ့ကြီးအပြင် အနောက်နိုင်ငံများထောက်ခံမှုလည်းလိုအပ်ပြီးအမေရိကန်အစိုးရသည် မြန်မာနိုင်ငံရေးအခြေအနေတိုးတက် ပြောင်းလဲလာမှုမတွေ့ရသေးဟုဆိုကာ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူရေးကို ကန့်ကွက်ထားသည်။
မစ္စတာနာတာလ်ဂဲဝါးသည်မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ရန် မြန်မာအစိုးရကို တောင်းခံခဲ့သော်လည်း ဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရသစ်သည်အလုပ်များလွန်းနေသေးသည်ဟုဆိုကာ လာရောက်ခွင့်မရခဲ့ပေ။
သို့သော် အာဆီယံ ထိပ်သီးအစည်းအဝေးပြုလုပ်ရန် ရက်ပိုင်း အလို မေလ ၃ ရက်နေ့၌ ၎င်းအား လာရောက် လည်ပတ်ခွင့် ပြုကြောင်း မစ္စတာနာတာလ်ဂဲဝါး က ဆက်ပြောသည်။
“အာဆီယံ ထိပ်သီးအစည်းအဝေး ကိစ္စနဲ့အလုပ်များနေတဲ့အချိန်မှာ ချက်ချင်း လာခွင့်ပြုတော့ ကျနော်လည်း မသွားနိုင်တော့ ဘူး ပေါ့”ဟု ၎င်းက ဆိုသည်။
“မြန်မာစိုးရက သူ့အကျိုးစီးပွားအတွက် ကျနော့်ကို အသုံးချလိုက်မှာလည်း ကျနော်စိုးရိမ်တယ်ဗျာ”ဟုလည်း မစ္စတာ နာတာလ်ဂဲဝါး က ဆက်ပြောသည်။
ဂျကာတာ၌ ယမန်နေ့ကပြုလုပ်သော အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေး(TheASEANSenior OfficialsMeeting)၌၂၀၁၄အတွက်အာဆီယံဥက္ကဋ္ဌတာဝန်အားမလေးရှားနိုင်ငံကသာယူသင့်ပြီး မြန်မာနိုင်ငံအနေဖြင့်၂၀၁၆ ခုနှစ်မှသာယူသင့်သည်ဟုစင်္ကကာပူကိုယ်စားလှယ်က ပြောဆိုပြီး ထိုင်းကိုယ်စားလှယ်ကမူ ၂၀၁၄ တွင်မြန်မာနိုင်ငံက ယူလျှင် လည်း ပြဿနာမရှိဟု ပြောဆိုခဲ့သည်။
၂၀၀၆ ခုနှစ် အာဆီယံ၏ ဥက္ကဋ္ဌတာဝန်ယူရန် အလှည့်ကျခဲ့သေည်လည်း ယခင် နအဖစစ်အစိုးရသည် အနောက်နိုင်ငံများ၏ ဖိအားများ၊ အမေရိကန်အစိုးရ၏ ဖိအားများ စသည်တို့ကြောင့် ဥက္ကဋ္ဌ တာဝန်ယူရန် မြန်မာအစိုးရအနေဖြင့် အဆင်သင့်မဖြစ် သေး ဟု ဆိုကာ ၂၀၀၅ ခုနှစ်က ငြင်းပယ်ထားခဲ့သည်။



Geen opmerkingen: