မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 7 mei 2011

CDMA 450 နှင့် 800 MHz ဖုန်းချပေးမှု အကန့်အသတ်မရှိ ရပ်ဆိုင်း

ဆက်လင်း Saturday, 07 May 2011 22:42
.အစိုးရနှင့်နီးစပ်သူဦးတေဇပိုင်ထူးထရေးဒင်းကုမ္ပဏီလုပ်ငန်းခွဲတခုဖြစ်သည့်Eliteကုမ္ပဏီက ရောင်းချပေးနေသည့်CDMA800နှင့်450MHzဖုန်းများချထားပေးမှုကိုရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်းမိုဘိုင်းဖုန်းလျှောက်ထားသည့်ဝန်ဆောင်မှုလုပ်ကိုင်နေသောဖုန်းဆိုင်များမှ သိရသည်။
ယခုနှစ်ဖေဖော်ဝါရီလအတွင်းကရန်ကုန်ရှိအလုံမြို့နယ်အိတ်ချိန်းရုံးတွင်CDMAငါးသိန်းတန်ဖုန်း အသစ်လျှောက်ရန်နှင့်အင်တာနက်တပ်ဆင်ရန်လျှောက်ထားသူများကိုတွေ့ရစဉ်(ဓာတ်ပုံ-မိုးမခ)
CDMA450MHzဖုန်းများချထားပေးမှုကိုပြီးခဲ့သည့်ဧပြီလ၂၆ရက်နေ့ကတည်းကရပ်နားထားခဲ့ပြီးCDMA800 MHzဖုန်းများချထားပေးမှုကိုယမန်နေ့မှစ၍ရပ်နားမည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအကြီးတန်းအရာရှိတဦးက အတည်ပြုပြောကြားသည်။
အဆိုပါအကြီးတန်းအရာရှိက“လိုင်းတွေအရမ်းကြပ်သွားမှာစိုးလို့ခဏရပ်လိုက်တာပါ။ တာဝါတိုင်အသစ်တွေ ထပ်ထောင်ပြီးရင် ပြန်ချပေးသွားမှာပါ” ဟု ဆက်ပြောသည်။
CDMA450MHzဖုန်းများမှာချထားပေးမှုရပ်ဆိုင်းလိုက်သည့်နေမှစ၍ဈေးတက်သွားခဲ့ပြီးယခင်ကပြင်ပပေါက်ဈေး ငါးသိန်းခွဲခန့်သာရှိရာမှ ခြောက်သိန်းခန့်အထိ မြင့်တက်သွားခဲ့သည်။
“လူကြီးလက်မှတ်နဲ့လာတဲ့ ဖုန်းလျှောက်လွှာတွေကိုတော့ တလုံးစနှစ်လုံးစ ဆက်ချပေးနေပါတယ်။ အရင်လို တနေ့တရာနှစ်ရာလာလျှောက်သလောက်ချပေးတာတော့မလုပ်တော့ဘူး”ဟုမြန်မာ့ဆက်သွယ် ရေးလုပ်ငန်း တယ်လီဖုန်းလျှောက်ထားမှုလျှောက်လွှာလက်ခံဌာနမှ ၀န်ထမ်းတဦးက ပြောသည်။
တယ်လီဖုန်းလျှောက်ထားမှုဝန်ဆောင်မှုဆောင် ရွက်ပေးနေသည့်အရောင်းဆိုင်တစ်ဆိုင်က“800MHz ဖုန်းကလည်းချထားပေးစရာအလုံးတသောင်းလောက်ပဲကျန်တော့တယ်။ဒါမကုန်မချင်းတော့ နည်းနည်းချင်း ထပ်ချပေးသွားမယ် ထင်တယ်” ဟု ဆိုသည်။
Mr.Foneအရောင်းဆိုင်မှတာဝန်ရှိသူတစ်ဦးက“450MHz ဖုန်း တွေကတော့ ရပ်သွားတာ ဆယ်ရက်လောက် ရှိပြီဆိုတော့ ငါးသောင်းလောက် ဈေးတက်သွားတယ်။800MHz တွေလည်း မချပေးတာ အခုမှဆိုတော့ ဈေးတက်မတက်တော့မသိဘူး။ဒါပေမယ့်ဒီဖုန်းတွေကတဆင့်ပြန်ဝယ်ရင် အခုလေးသိန်းခွဲလောက်ပဲ ဈေးပေါက်တော့တာဆိုတော့ အများကြီးတော့ မတက်လောက်ပါဘူး” ဟု ရှင်းပြသည်။
ပြည်ထောင်စုဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းထွန်းက မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်း ဆက်သွယ်ရေးလိုင်း အင်အားကို သန်း ၃၀ အထိ တိုးချဲ့သွားမည်ဟု ယခင်လက ကျင်းပသည့် ၁/၂၀၁၁ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
ရန်ကုန်မြို့ရှိစီးပွားရေးလုပ်ငန်းရှင်တဦးက “ဦးသိန်းစိန်က လက်ရှိ သူဌေးကြီး (Tycoon) တွေကို တယောက်မှ ကြည့်မရဘူး။ အခု Elite က ချပေးတဲ့ဖုန်းတွေကို ရပ်လိုက်တာလည်း ဆက်သွယ်ရေးလုပ်ငန်း အားလုံးကို ဦးတေဇတယောက်တည်းက ချုပ်ထားတာ မဖြစ်စေချင်ဘူးထင်တယ်။ ဆက်သွယ်ရေးဝန်ကြီး ပြောသွားတဲ့ သန်း၃၀ ကလည်းGSMစနစ်နဲ့ဖုန်းတွေပဲဖြစ်ဖို့များတယ်။ဦးတေဇကိုလုပ်ပိုင်ခွင့်တွေ ထပ်ပေးတော့မယ့်ပုံ မရှိတော့ဘူး” ဟု သုံးသပ်သည်။
ဇန်န၀ါရီလ ၁၈ ရက်နေ့မှစ၍ကျပ်၅ သိန်းတန် CDMA800MHzဖုန်းများကို အင်တာနက် အသုံးပြုခွင့် တရားဝင်ပေးခဲ့သော်လည်းအင်တာနက်လိုင်းနှေးကွေးခြင်း၊ပြတ်တောက်ခြင်း၊SIMကတ်များ ပျက်စီးခြင်းတို့ကြောင့် သုံးစွဲသူများ အခက်အခဲ ဖြစ်နေကြောင်းလည်း သိရသည်။
CDMA 800 MHz ဖုန်းများကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် စတင်ချထားပေးခဲ့ပြီး CDMA 450 MHz ဖုန်းများကို ၂၀၁၀ သြဂုတ်လတွင် စတင်ချထားပေးခဲ့သည်။

Geen opmerkingen: