မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 4 mei 2011

မြန်မာ သတင်းလွတ်လပ်ခွင့် မရှိ အိုဘားမား ပြော

ရန်ပိုင် Wednesday, 04 May 2011 19:53
.မြန်မာနိုင်ငံသည် ကျူးဘား၊ မြောက်ကိုရီးယား နိုင်ငံများကဲ့သို့ သတင်းစာ လွတ်လပ်ခွင့် မရှိသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိ နေကြောင်း ယမန်နေ့က ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ တွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြော လိုက်သည်။
ရန်ကုန်မြို့ရှိလမ်းဘေးဂျာနယ်အရောင်းဆိုင်တဆိုင်တွင်ဂျာနယ်ဝယ်နေသောသံဃာတော်တပါးကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
အိုဘားမား၏ ပြောကြားချက်တွင် မြန်မာနိုင်ငံသည် ဘီလာရုစ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ တာမင်နစ္စတန်နိုင်ငံများကဲ့သို့ပင် သတင်း လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ဖိနိုပ်ချုပ်ချယ်သည့် နာမည်ပျက်စာရင်းဝင်ဖြစ်ကြောင်း ပါရှိသည်။
ပြီးခဲ့သည် တနင်္လာနေ့ က ၀ါရှင်တန်အခြေစိုက် FreedomHouseအဖွဲ့ က ထုတ်ပြန်သည့် အစီရင်ခံစာ၌ သတင်းလွတ်လပ်ခွင့် မရှိဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံကိုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်ဘလော့ဂါအပါအ၀င်သတင်းသမား၂၆ ဦးကို အစိုးရက ဖမ်းဆီးထားသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)က ထုတ်ပြန်သည့် စာရင်းအရ သိရသည်။
သို့သော် မကြာမီက အာဏာလွှဲပြောင်းရယူခဲ့သည့် သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ အစိုးရအတွက် စတုတ္ထမဏ္ဍိုင်ဟုခေါ်သော သတင်း မီဒီယာများ၏ ကဏ္ဍသည် အရေးကြီးကြောင်း ၎င်း၏ မိန့်ခွန်းများ၌ ထည့်သွင်းပြောဆိုခဲ့သည်။
“တဖက်ကလည်း စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍ ကို အလေးထားဖို့ လိုအပ်ပါတယ်၊ စာနယ်ဇင်းများက တဆင့် ပြည်သူတွေ သိသင့်တဲ့ အချက်များကို အသိပေးသွားဖို့ လိုသလို စာနယ်ဇင်းများက အပြုသဘောဆောင် အကြံပြုချက်များ ကိုလည်း အလေးထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်”ဟု ဦးသိန်းစိန် ၏ မိန့်ခွန်းပါ ပြောကြားချက်ကို ဧပြီ ၁ ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာ ၌ ဖော်ပြထားသည်။
ထိုသို့သမ္မတကသတင်းစာများကိုစတုတ္တမဏ္ဍိုင်အဖြစ်ပြောဆိုခဲ့သော်လည်း ပြည်တွင်းစာနယ်ဇင်းလောကရှိ သတင်းသမားအများစုကမူလက်ရှိအနေအထားအရမြန်မာနိုင်ငံ၌သတင်းလွတ်လပ်ခွင့်မှာ အနည်းငယ်သာရှိသေးသည်ဟု ပြောဆိုသည်။
မန္တလေး အခြေစိုက် သတင်းသမားတဦးက“သတင်းလွတ်လပ်ခွင့်ရတယ်လို့ မဆိုနိုင်ဘူး၊ ပြည်သူလူထုနဲ့ ဆိုင်တဲ့ သတင်းမှန်တွေ၊ ၀န်ထမ်းတွေနဲ့ ပတ်သက်တဲ့ သတင်းမှန်တွေကို ဖော်ပြခွင့်မရှိသေးဘူး”ဟု ဆိုသည်။
မကြာသေးခင်က ဖျော်ဖြေရေး ကဏ္ဍနှင့် ပတ်သက်သည့် သတင်းများ၊ အားကစားသတင်းများ၊ ကျန်းမာရေးနှင့်ပတ်သက်သည့် သတင်းများကို စာပေစိစစ်ရေးသို့တင်ပြရန်မလိုအပ်ဘဲ ခွင့်ပြုမည်ဟု သတင်းများ ထွက်ပေါ်လာကြောင်း၊ သို့သော်လည်း နိုင်ငံရေး နှင့် ပတ်သက်သည့် သတင်းများကို ဆက်လက်ပိတ်ပင်ထားဦးမည်ဟု ထင်ကြောင်း မန္တလေး အခြေစိုက် သတင်းသမားက ပြော သည်။
ဦးကျော်သူဦးဆောင်သည့် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ၁၀ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခဲ့သည့် ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ငွေလှူဒါန်းမှု သတင်းနှင့် ဓာတ်ပုံများကို ပြည်တွင်းထုတ် ဂျာနယ်များတွင် မကြာသေးမီက ဖော်ပြ ထားသည်ကို တွေ့ရသည်။
ယခင်က ပိတ်ပင်ထားသည့် နိုင်ငံရေး ခေါင်းဆောင်များ၏ သတင်းများ၊ ဓာတ်ပုံများကို ဖော်ပြခွင့်ရရှိခြင်းကို ကြည့်၍ သတင်းလွတ် လပ်ခွင့်ရှိပြီဟု မဆိုနိုင်ကြောင်း၊ တင်းကျပ်စွာ ပိတ်ပင်ထားသည့် စည်းမျဉ်းများထဲမှ အနည်းငယ်ကိုသာ လျှော့ပေါ့ ပေးခြင်းသာဖြစ် ကြောင်း၊ စစ်မှန်သည့် သတင်းလွတ်လပ်ခွင့်ရရန် လိုအပ်ကြောင်း ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ မောင်ဝံသက ပြော ဆိုသည်။



Geen opmerkingen: