မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 10 mei 2011

ငြိမ်းချမ်းရေးလမ်းကြောင်းကိုခင်ဗျားလည်းတွေးဖို့ကောင်းတယ်

မဇ္ဈိမသတင်းဌာန အင်္ဂါနေ့၊မေလ၁၀ရက်၂၀၁၁ခုနှစ်၂၀နာရီ၄၈မိနစ် . 
(စာရေးဆရာကြီး ဒဂုန်တာရာနှင့် အင်တာဗျူး)
ချင်းမိုင်(မဇ္ဈိမ)။ ။ဒဂုန်တာရာခေါ်ဆရာကြီးဦးဌေးမြိုင်သည်၁၉၃၆ခုနှစ်မေ၈ရက်ရန်ကုန်ဂျူဗလီဟောတွင် ကျင်းပသည့်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂညီလာခံကြီးကိုကျိုက်လတ်မြို့သပိတ်မှောက်ကျောင်းသားများ ကိုယ်စားလှယ်အဖြစ်ပါဝင်ခဲ့သူဖြစ်သည်။
၁၉၄ဝရန်ကုန်တက္ကသိုလ်သမဂ္ဂဝါဒဖြန့်ချိရေးမှူး၊အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊၁၉၄၆ဒီဇင်ဘာတာရာမဂ္ဂဇင်း ထုတ်ဝေသူ၊၁၉၅ဝတွင်မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌအဖြစ်စာပေလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်သည်။
ထို့ပြင် ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖြစ်၁၉၅၁တွင်ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ)၏ယာယီဥက္ကဋ္ဌ၊ ၁၉၅၂ခုနှစ်တွင်ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ)၏ဒုဥက္ကဋ္ဌတာဝန်များထမ်းဆောင်ခဲ့သည်။
၁၉၅၃တွင်သြစတြီးယားနိုင်ငံဗီယင်နာ၌ကျင်းပခဲ့သော''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ''အစည်းအဝေး၊၁၉၆၁ တွင်ဆွီဒင်နိုင်ငံစတော့ဟုမ်း၌ကျင်းပခဲ့သော''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ''အစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ၁၉၇၄တွင်ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီသဘာပတိအဖြစ်ရွေးချယ်ခံခဲ့ရသည်။
သရုပ်ဖော်စာပေဆိုတာခေတ်ရဲ့အဖြစ်အပျက်တွေကိုအရင်းအတိုင်းရေးတာ။အနုပညာမြောက်တာလည်း ပါတယ်၊မမြောက်တာလည်းပါတယ်။တချို့လည်းမြောက်တယ်လို့ မထင်ဘူး
၉၂နှစ်ပြည့်မွေးနေ့တွင်ငြိမ်းချမ်းရေးအယူအဆ၊ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီးယနေ့ခေတ်လူငယ်များအပေါ် အားကိုးမှု၊သမ္မတဦးသိန်းစိန်အပေါ်အမြင်၊ဒေါ်အောင်ဆန်းစုကြည်အပေါ်သဘောထား၊ဖက်ဒရယ်ရေးရာ အမြင်၊ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ၊စာပေဖြတ်သန်းမှု၊စာပေစိစစ်ရေးစသည်များကိုသိရှိနိုင်ရန် ဆရာကြီးဒဂုန်တာရာကိုမဇ္ဈိမသတင်းထောက်မျိုးသန့်ကဆက်သွယ်မေးမြန်းထားသည်။
ကိုယ်တိုင်စာပေဖြတ်သန်းမှုနဲ့အခုခေတ်လူငယ်တွေဖြတ်သန်းနေတဲ့စာပေဖြတ်သန်းမှုယှဉ်ပြပေးပါလား။
“စာပေဖြတ်သန်းမှုက၁၉၄၆မှာကျနော်ကတာရာမဂ္ဂဇင်းကိုထုတ်တာ၊ကျနော်အဲဒီအချိန်တုန်းက စာပေသစ်လို့ကြွေးကြော်လိုက်တယ်၊အဲဒီခေတ်ကကျော်သွားပြီဗျ။စာကိုလွတ်လွတ်လပ်လပ်ရေးလို့ရတဲ့ လွတ်လပ်ရေးကမရပြန်ဘူး။ဒီမှာဘာမှရေးခွင့်မရှိဘူးဗျာ။အခုကမလွတ်လပ်တော့ဘူးဗျ။ကျနော်တို့ခေတ်က အကြောင်းကိုရေးလို့မရဘူး။ရေးရင်ဟိုဖြတ်ဒီဖြတ်ဖြတ်တော့ပုံကပျက်သွားပြီ။လူငယ်တွေကလုပ်ရမှာ၊ လူငယ်တွေကလည်းမလွတ်လပ်တော့လုပ်လို့မရဘူး။အဲဒီတော့နိုင်ငံခြားထွက်တာပေါ့၊အမှန်က ကိုယ့်တိုင်းပြည်မှာကိုယ်လုပ်ရမှာ။အခုမြန်မာပြည်သားတွေသူများတွေခိုင်းတာလုပ်နေရပြီ၊ စိတ်မကောင်းဘူးဗျ”
အခုခေတ်လူငယ်အများအပြားကမြန်မာ့သမိုင်းရဲ့အဖြစ်မှန်တွေကိုမသိကြဘူး။အဲဒီတော့ဒီလူငယ်တွေကို ဘာပြောချင်လဲဘဘ။
“သမိုင်းကိုမသိဘူးဗျ။တကယ်မသိတော့တာ။ဟိုတနေ့ကဗျာအတိုက်အခံမီဒီယာတခုကအမျိုးသမီးတယောက်ဗျ အသံလွှင့်တာနာမည်တော့ကျနော်မပြောချင်တော့ပါဘူး၊ကိုအောင်ဆန်းကိုကွန်မြူနစ်ပါတီဝင်မဟုတ်ဘူးလို့ ပြောလို့ပြော။အဲဒါသူစာမဖတ်လို့ပေါ့ဗျ။ကွန်မြူနစ်ပါတီကိုစထောင်တဲ့လူတွေထဲမှာကိုအောင်ဆန်းပါတယ်၊ အတွင်းရေးမှူးဗျ”
မြန်မာ့နိုင်ငံရေးမှာအရေးပါခဲ့ကြသူတွေအကြောင်းရေးထားတဲ့ရုပ်ပုံလွှာအထ္တုပ္ပတ္တိတွေရေးဖြစ်ပုံပြောပါအုံး။
“တာရာထုတ်မယ်ဆိုတော့ကျနော်ကအထ္ထုပ္ပတ္တိရေးတာကိုကျနော်ကဝါသနာပါတယ်၊အတ္ထုပ္ပတ္တိရေးခြင်းဖြင့် မိမိကိုယ်ကိုလည်းဆန်းစစ်ရာရောက်တယ်။စာပေမှာလည်းစကားလုံးအသစ်ကိုရှာရတယ်။ စကားလုံးအသစ်၊ အတွေးအခေါ်အသစ်။အဲဒီတော့ပိုကောင်းတယ်။အဲဒါတွေရေးမယ့်လူမရှိတော့ကျနော်ကအောင်ဆန်း ရေးလိုက်ရတာ။နောက်တော့မှလူတွေကြိုက်ကြတယ်ထင်ပါတယ်။အောင်ဆန်းပြီးတော့ကိုဗဟိန်း၊ ကိုဗဟိန်းပြီးတော့ကိုဗဆွေတို့ အဲဒီလို ရေးတာ”
ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရေးထားတဲ့အောင်ဆန်းသို့မဟုတ်အရိုင်းမှာဗိုလ်ချုပ်ကိုဘာ့ကြောင့် အရိုင်းလို့ သုံးနှုန်းခဲ့တာလဲခင်ဗျ။
“ကိုအောင်ဆန်းရဲ့ရိုးသားမှုကိုကျနော်ကရေးခဲ့တာအရိုင်းဆိုတာ၊စကားလုံးကရှာမရတော့အရိုင်းတပ်လိုက်တာ။ မဂ္ဂဇင်းကထွက်ခါနီးနေပြီဗျာ။ရုပ်ပုံလွှာဆိုတဲ့နာမည်ကဆရာဇော်ဂျီပေးတာပါ၊ဆရာသိန်းဟန်ပေးတာပါ”
ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး အမှတ်ရစရာလေး တခုလောက် ပြောပြပေးပါ။
“သူကတော့ကျနော့်ထက်၎နှစ်ပဲကြီးတယ်ဗျ၊သူကတကယ်ရိုးသားတယ်ဗျ။အာဏာလုံးဝမမက်ဘူး။ အဲဒါတော့ကျနော်ပြောနိုင်တယ်။ဒီလက်နက်အားကိုးတဲ့စိတ်ကတော့သူခပ်ငယ်ငယ်တုန်းကတော့ ရှိပုံရတယ်”
အခုခေတ် လူငယ်တွေ ရေးကြတဲ့ ရသစာပေပေါ်မှာကော ဘယ်လိုသုံးသပ်လဲခင်ဗျ။
“လူငယ်တွေရေးကြတယ်။ဒါကရေးပါစေ၊ကောင်းပါတယ်။ကောင်းပါတယ်ဆိုတာကျနော်တို့အကြိုက် ဟုတ်ချင်မှ ဟုတ်မယ်။ကျနော်တို့ကြိုက်တာ၊မကြိုက်တာအရေးမကြီးဘူးဗျ။ခေတ်အကြောင်းကိုရေးရင် ခေတ်ပေါ်စာပေလို့ခေါ်တယ်ဗျ။ကျနော်တို့သဘောတူလည်းအရေးမကြီးဘူး၊မတူတာလည်းအရေးမကြီးဘူး။ ခေတ်အလိုက်ပြောင်းသွားမှာပဲ။ခေတ်ကိုကျနော်တို့ကမလုပ်နိုင်ဘူး။ခေတ်ကသာကျနော်တို့ကို လုပ်နိုင်တယ်”
အခုခေတ် စာပေအရေးအသားတွေက ဘာတွေကို အလေးပေးတယ်လို့ ထင်မိလဲခင်ဗျ။
“ခေတ်ကတော့သရုပ်ဖော်စာပေလို့ကျနော်ကပြောချင်တယ်။သရုပ်ဖော်စာပေဆိုတာခေတ်ရဲ့ အဖြစ်အပျက်တွေကိုအရင်းအတိုင်းရေးတာ။အနုပညာမြောက်တာလည်းပါတယ်၊မမြောက်တာလည်း ပါတယ်။တချို့လည်းမြောက်တယ်လို့မထင်ဘူး။ကဗျာလည်းကျနော်ကကဗျာလို့မယူဆဘူးဗျ။ စကားပြေကိုလည်းကဗျာလို့ ပြောချင်ပြောတာ”
စာပေစိစစ်ရေးကို ဘယ်လိုသုံးသပ်မိလဲဗျ။
“သူတို့ကိုမတတ်ဘူးလို့လည်းမပြောချင်ဘူးဗျာ။မတတ်ဘူးလို့ပြောရမှာလည်းအားနာတယ်။သူတို့တွေကို ကိုယ့်လူတွေလိုသဘောထားတယ်။အဲဒါကြောင့်ကျနော် ရန်သူမရှိ၊ မိတ်ဆွေရှိလို့ ပြောတာ။ ဒါပေမဲ့ သူတို့က ကျနော့်ကို ရန်သူလို သဘောထားရင်တော့ မတတ်နိုင်ဘူးဗျာ”
ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာကိုကော နည်းနည်း ပြောပြပါအုံး။
လက်နက်နည်းဟာမအောင်မြင်နိုင်ဘူး။ခဏတော့အောင်မြင်သလိုလိုထင်ရပြီးအာဏာတော့ ရကောင်းရမယ်“လူကြီးဖြစ်တော့ပိုပြီးတော့ငြိမ်းချမ်းရေးကိုကြိုက်လာတယ်။အစကတည်းကလည်း ငြိမ်းချမ်းရေးလုပ်တာပါပဲ။ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့နဲ့တွဲလုပ်တာ။အခုကျတော့လူကလည်း သိပ်မရှိတော့ဘူး။လုပ်မယ်လို့ကြံကာရှိသေးတယ်။ကျနော်တို့ငြိမ်းချမ်းရေးရမှဖြစ်မယ်။ငြိမ်းချမ်းရေးမရရင် ဘာမှ ဖြစ်မှာမဟုတ်ဘူး”
နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်။ အဲဒါကိုကော ဘာပြောချင်လဲခင်ဗျ။
“ခဏခဏကြားတယ်ဗျာ၊စိတ်မကောင်းဘူး။လူငယ်တွေကိုတိုက်တွန်းချင်တာကငြိမ်းချမ်းရေးအဖွဲ့တွေ နယ်တိုင်းရွာတိုင်းမှာဖွဲ့စေချင်တယ်။အစိုးရပဲဖြစ်ဖြစ်ဘယ်သူလုပ်လုပ်ပါ။ဘာဖြစ်လို့လဲဆိုတော့လူတွေက မကောင်းကြဘူးဗျာ၊စာလည်းမဖတ်ဘူး။အဆင့်အတန်းကတော့ချက်ချင်းမြင့်လာမှာမဟုတ်ဘူး။ အဆင့်အတန်းမြင့်လာတဲ့အချိန်မှာကိုယ်ပိုင်အုပ်ချုပ်ရေးကိုကြိုက်တဲ့သူ၊ဖယ်ဒရယ်အုပ်ချုပ်ရေးကို ကြိုက်တဲ့သူတွေ ပေါ်စေချင်တယ်။ အဲဒီလူတွေက ခေါင်းဆောင်သွားမှာပဲ”
၁၉၆၂ ခုနှစ်တုန်းကအာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။
“သူဟာနိုင်ငံရေးသမားမဟုတ်ဘူး။နိုင်ငံရေးသမားဆိုတာဒါမျိုးမဟုတ်ဘူး။သူကလက်နက်ကိုအာဏာရတယ် ထင်နေပုံရတယ်။ဖက်ဒရယ်ဆိုတဲ့ဟာကိုလည်းကောင်းကောင်းနားလည်ပုံမရဘူး။ကိုအောင်ဆန်းကတော့ ကောင်းကောင်းနားလည်တယ်။သူကစာဖတ်ဝါသနာပါတယ်။ဗိုလ်နေဝင်းကဖတ်ပုံမရဘူးဗျ။သူကအာဏာ ရအောင်တော့လုပ်တတ်ဟန်တူတယ်။အဲဒီတော့သူကအာဏာရသွားတော့ငြိမ်းချမ်းရေးရအောင် မလုပ်တော့ဘဲနဲ့ စစ်နည်းနဲ့ပဲ သူက လုပ်တာလေ”
ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကိုကော ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။
“ဒီမိုကရေစီနိုင်ငံပဲဖြစ်မယ်။ဖက်ဒရယ်ဆိုတာလည်းလူမျိုးတမျိုးတမျိုးမှာသူ့မှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်။ သူလုပ်ချင်တာ လုပ်ခွင့်ရှိရမယ်”
တိုင်းရင်းသား နယ်ခြားစောင့်တပ်တွေပေါ်မှာကော ဘယ်လို မြင်လဲဗျ။
“အဲဒါအလကားပဲဗျ။သူတို့ထိန်းချုပ်မှုအောက်ကိုရောက်အောင်လုပ်တာ။သူတို့ကလက်နက်ကိုယုံကြည်ဟန် တူပါတယ်ဗျ။လက်နက်နည်းဟာမအောင်မြင်နိုင်ဘူး။ခဏတော့အောင်မြင်သလိုလိုထင်ရပြီးအာဏာတော့ ရကောင်းရမယ်”
ရွေးကောက်ပွဲကနေ တက်လာတဲ့ အခု နိုင်ငံတော်သမ္မတ အပေါ်မှာကော။
“ကိုသိန်းစိန်ကိုကျနော်မသိဘူး၊ကျနော်တို့ထက်အများကြီးငယ်မှာပေါ့ဗျ။အစိုးရကဘာအစိုးရမှန်းမသိဘူးဗျ။ စစ်သမားတွေပဲ၊အဲဒီလိုပဲမြင်တယ်။ဒါပေမဲ့သိန်းစိန်ကသိပ်ဆိုးပုံမရဘူးထင်တယ်။ဒါကတော့ စောင့်ကြည့်ရမှာ။ပြောတဲ့အတိုင်းလုပ်ရင်တော့ကောင်းတယ်။နောက်လာတဲ့လူတွေကို ငြိမ်းချမ်းရေးနည်းနဲ့သာတိုင်းပြည်ကိုထူထောင်မယ်ဆိုရင်အစိုးရကောင်းပေါ့။သူ့မိန့်ခွန်းထဲမှာပါသလို သန့်ရှင်းတဲ့အစိုးရ ဖြစ်မယ်ပေါ့။ မဟုတ်ရင်တော့ ဖြစ်မှာမဟုတ်ဘူး၊ ကြာမယ်ပေါ့ဗျာ”
ဦးသိန်းစိန်ဟာဒီမိုကရေစီနိုင်ငံထူထောင်ဖို့တကယ်စိတ်ဝင်စားတယ်လို့ ထင်လားခင်ဗျ။
“တခြားစစ်သမားတွေနဲ့စာရင်တော့စာဖတ်တယ်လို့ကျနော်ကြားတယ်။ဗိုလ်သိန်းစိန်ကတော့တခြားစစ်သမားတွေနဲ့ စာရင်တော့ဒီမိုကရေစီဘက်ကိုယိမ်းတဲ့လူတယောက်လို့သတ်မှတ်တဲ့အတွက်သူ့ကိုတော့ အားကိုးစိတ်ရှိတယ်။ပြောလို့သာပြောရတယ်။သူကတကယ်ငြိမ်းချမ်းရေးလုပ်မလားမလုပ်လား ကျနော်မသိဘူး။ပြောရဲရအောင်လည်းသူကလုပ်ပြတာတွေလည်းမရှိသေးဘူး၊ အဲဒါမျိုးလုပ်ပြတယ်ဆိုရင်တော့ ကျနော် အကြီးအကျယ် ထောက်ခံရမှာပဲ”
နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ပြောနေကြတယ်။နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး ဘာပြောချင်ပါလဲ။
“အကျဉ်းသားတွေရှိတယ်ဗျာ၊အများကြီးပဲ။မင်းကိုနိုင်တို့ဘာတို့ကောင်လေးတွေကဘာမှအပြစ်မရှိဘဲနဲ့ အဖမ်းခံရတယ်။တကယ်သာလွတ်လွတ်လပ်လပ်ဥပဒေအတိုင်းလုပ်မယ်ဆိုရင်အဖမ်းခံစရာ အကြောင်းမရှိဘူး။သူတို့ကလွတ်လပ်ရေးအတွက်ဒီမိုကရေစီအရေးအတွက်လုပ်တာပဲ။ ဘာလို့အဖမ်းခံရမလဲအဖမ်းခံရတော့လည်းနှစ်တွေကအများကြီး။ပြောရင်းပြောရင်းနဲ့စိတ်က တော်တော်မကောင်းဘူး”
ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်တုန်းကလွတ်လပ်ရေးရအောင်လုပ်ပေးနိုင်ခဲ့တယ်။သူ့သမီး လက်ထက်မှာကောဘာများမျှော်လင့်လို့ ရနိုင်မလဲခင်ဗျ။
“မလုပ်နိုင်တာမဟုတ်ဘူး၊လုပ်သင့်သလောက်သူလုပ်တယ်။လုပ်ခွင့်ရှိသလောက်သူလုပ်တယ်။ရတော့ ရမှာပဲဗျာ။သူကလည်းကြီးသွားပြီလေ၊အခု၆ဝကျော်။သူလုပ်မှာပါ၊ဒီကောင်မလေးကတော့လုပ်နိုင်လိမ့်မယ်။ ဒီမိုကရေစီနည်းနဲ့ထူထောင်မယ့်တိုင်းပြည်ကိုသူလိုလားတယ်၊လူကောင်းပါ။လွတ်လပ်ရေးက ခင်ဗျားတို့အပါအဝင် ပြည်သူလူထုက ဆုံးဖြတ်ပါ။ တကယ့်လွတ်လပ်ရေး ရမှပဲ ငြိမ်းချမ်းရေး ရမယ်”
ဘဘ လိုချင်တဲ့ ငြိမ်းချမ်းရေးကော ဘယ်လိုအခြေအနေမျိုးမှာ ရနိုင်မယ်လို့ မျှော်မှန်းလဲ။
အချင်းချင်းညီညွတ်တဲ့စိတ်ကလေး၊သဘောချင်းတိုက်ဆိုင်တဲ့စိတ်ကလေး၊ငြိမ်းချမ်းရေးလိုချင်တဲ့ စိတ်ကလေးပြင်းထန်ရင်ရရမယ်“စောင့်ကြည့်ရမှာပဲဗျာ။စောင့်ကြည့်ရမှာပဲလို့ပြောရတာကလဲခင်ဗျားတို့ အားရချင်မှအားရမယ်၊ယုံချင်မှလည်းယုံမယ်။ခင်ဗျားကတော့ကျနော့်စာတွေဖတ်ဖူးပုံရတယ်။ ပြောပုံကြည့်ရတာခင်ဗျားတို့လိုစိတ်ဓာတ်ရှိတဲ့လူတွေများရင်ငြိမ်းချမ်းရေးရရမယ်။နှေးတော့ နှေးမယ်”
မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ် ဘာများ ပြောချင်ပါလဲခင်ဗျ။
‘‘ညီညွတ်ကြပါ၊ညီညွတ်ကြရင်ငြိမ်းချမ်းရေးနီးစပ်မယ်။အဲဒါပဲပြောချင်တယ်။အဲဒါကိုတော့ကျနော် ခိုင်ခိုင်မာမာယုံကြည်တယ်။တန်းတူအခွင့်ရေးရရင်ညီညွတ်ရေးရမယ်။ညီညွတ်ရေးဆိုတာလည်ပင်းဖက်ဖို့၊ လက်ဆွဲနှုတ်ဆက်ဖို့မလိုဘူး။သီချင်းပြိုင်တူဆိုဖို့လည်းမဟုတ်ဘူး။အချင်းချင်းညီညွတ်တဲ့စိတ်ကလေး၊ သဘောချင်း တိုက်ဆိုင်တဲ့ စိတ်ကလေး၊ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ကလေး ပြင်းထန်ရင် ရရမယ်’’
မြန်မာလူငယ်တွေကိုကော ဆုံးမစကား ဘာပြောချင်လဲခင်ဗျ။
“လူငယ်တွေကိုတော့စာဖတ်ဖို့ပြောချင်တယ်။ကျနော်လည်းစာဖတ်တယ်။လူငယ်တွေစိတ်ဓာတ်ထဲမှာ ငြိမ်းချမ်းရေးစိတ်ဓာတ်ပြင်းထန်ရင်ငြိမ်းချမ်းရေးရရမယ်။ငြိမ်းချမ်းရေးလမ်းကြောင်းကိုတော့ခင်ဗျားလည်း တွေးဖို့ကောင်းတယ်။တွေးပါ၊တွေးလို့ရသမျှခင်ဗျားလုပ်ရင်တော့သူရဲကောင်းလို့ယူဆမှာပဲ။ တခြားသူတွေလုပ်ရင် တခြားသူတွေ သူရဲကောင်းပေါ့ဗျာ”
မွေးနေ့ အမှတ်တရအဖြစ် ဘာများပြောချင်ပါလဲ။
“ဟိုတုန်းကတော့အရေးတော်ပုံအောင်ပါစေ၊အခုတော့ငြိမ်းချမ်းရေးအောင်ပါစေလို့ဆုတောင်းချင်တယ်။ ငြိမ်းချမ်းရေးအကြောင်းကိုတတ်နိုင်သမျှအသံလွှင့်ပေးကြပါ။လူတွေလည်းသတိရရင် ငြိမ်းချမ်းရေးအကြောင်းတွေးကြ။အသက်ကြီးတဲ့အထိလုပ်ကြရမှာပဲ။ နောက်တခုက အစိုးရကလည်း ဗိုလ်သိန်းစိန်ပြောသလိုကောင်းမွန်တဲ့အစိုးရ၊သန့်ရှင်းတဲ့အစိုးရဖြစ်ရင်ငြိမ်းချမ်းရေးကရကိုရရမယ်။ လူငယ်တွေကိုလည်း အားကိုးတယ်ဗျာ”





Geen opmerkingen: