မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 10 mei 2011

လက်တွေ့အကောင်အထည်ဖော်ရင်အာဏာနဲ့ချည်းလုပ်လို့မရ”

ဧရာဝတီ Tuesday, 10 May 2011 15:38 အင်တာဗျူး
.မြန်မာနိုင်ငံမှာနှစ်ပေါင်း၂၀ကျော်အတွင်းပထမဆုံးပေါ်ပေါက်လာတဲ့လွှတ်တော်နဲ့လွှတ်တော် ကိုယ်စားလှယ်တွေဟာပြည်သူတွေရဲ့အကျိုးစီးပွားကိုဘယ်လောက်ရှေးရှုဖော်ဆောင်နိုင်မလဲ၊ စနစ်တခုကနေတခုကိုပြောင်းလဲခဲ့ပြီလားဆိုတဲ့မေးခွန်းတွေနဲ့မြန်မာဒီမိုကရေစီဟာ ဘယ်ကိုဦးတည်နေသလဲဆိုတဲ့ ဆွေးနွေးငြင်းခုံမှုတွေ ရှိနေပါတယ်။၂လကြာကျင်းပခဲ့တဲ့လွှတ်တော် အစည်း အဝေးတွေနဲ့အစိုးရအဖွဲ့အပြောင်းအလဲတွေဟာပြည်သူလူထုရဲ့အမြင်မှာဘယ်လိုအဓိပ္ပာယ် ဆောင်ခဲ့ပါသလဲဆိုတာကိုဝါရင့်သတင်းစာဆရာတဦးလည်းဖြစ်၊၁၉၉၀ခုနှစ်ရွေးကောက်ပွဲကာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်းဖြစ်ခဲ့တဲ့ စာရေးဆရာမောင်ဝံသကိုဧရာဝတီသတင်းထောက်ထက်အောင်ကဆက်သွယ်မေးမြန်းထားပါတယ်။
                                                          စာရေးဆရာမောင်ဝံသ(ဓာတ်ပုံ-myanmarisp.com)
မေး။ ။လွှတ်တော်အစည်းအဝေးကျင်းပခဲ့တာ၊အစိုးရသစ်ကို အာဏာလွှဲပြောင်း ခဲ့တာတွေကို ကြည့်ရင် စစ်အစိုးရဟာစနစ်တကျနဲ့အသေးစိတ်စီစဉ်ဆောင်ရွက်သွားတာ တွေ့ရတယ်။ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းကိုလည်းအကောင်းမြင်ခဲ့တာတွေရှိသလို၊NLDကတောင်မှ သတိနဲ့ ကြိုဆိုပါတယ်လို့ ပြောခဲ့တယ်။ လက်ရှိလွှတ်တော်နဲ့ အစိုးရသစ်ရဲ့အခင်းအကျင်းပေါ်မှာပြည်သူတွေက ဘာတွေမျှော်မှန်းထားကြသလဲဆိုတာ သတင်းစာဆရာ တယောက်အနေနဲ့ ဘယ်လိုသုံးသပ် မိပါသလဲ။
ဖြေ။ ။ပေါ်လာတဲ့လွှတ်တော်အသစ်နဲ့ပတ်သက်ပြီးပြည်သူလူထုရဲ့ယုံကြည်ကိုးစားမှု အနေနဲ့ပြောမယ်ဆိုရင်တော့ပြည်သူတွေကနေ၀ိုင်းဝန်းထောက်ခံတယ်လို့ပြောလို့ မရဘူး၊ ပြည်သူလူထုရဲ့အသံကို မကြားရဘူး။ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာအငြင်းပွား စရာတွေ တော်တော်ကြီးကို ပေါ်ပေါ်တင်တင်ဖြစ်ခဲ့တော့ပြည်သူလူထုရဲ့ရွေးကောက်ပွဲအပေါ်သဘောထားကလည်း အားရစရာ မရှိဘူး။ အဲဒီက ထွက်ပေါ်လာတဲ့ လွှတ်တော်အပေါ်မှာ ပြည်သူလူထုရဲ့ အမြင်က စိတ်ဝင်စားမှု မတွေ့ရဘူး။ သို့သော် အရှိတရား အနေနဲ့ ပြောမယ်ဆိုရင် ပေါ်လာတဲ့ လွှတ်တော်ကတော့ တကယ်လက်တွေ့သဘော ဆောင်ရွက်နေပြီးပေါ့။ လွှတ်တော် အစည်း အဝေး ကျင်းပတယ်၊ သမ္မတတို့၊ ဒုသမ္မတတို့ရွေးတယ်၊ သမ္မတက ဦးဆောင်ပြီး အစိုးရဖွဲ့တယ် ဆိုတာတွေကို မြင်ရတာပေါ့။ အဲဒီဖြစ်ရပ်တွေကို ကြည့်တော့လည်း အစိုးရအဖွဲ့က လူမပြောင်းဘူး။ ၃၊ ၄ ယောက်လောက်ပဲ လူသစ်တွေ့ရတော့ ဘာမှလည်း မထူးပါဘူးကွာ ဆိုတဲ့ အမြင်မျိုးတွေရှိတယ်။ ဒါက ပြည်သူလူထုရဲ့ အမြင်ကို သတင်းစာသမား တယောက်အနေနဲ့ ကြားရတာ ပေါ့လေ။
နောက်တခါဦးသိန်းစိန်ကသမ္မတကြီးတယောက်အနေနဲ့ပထမဦးဆုံးမိန့်ခွန်းပြောတယ်၊ နောက်ရက်တွေမှာလည်းပြောသင့်တဲ့အမှာစကားတွေ၊သြ၀ါဒမိန့်ခွန်းတွေပြောတယ်။အဲဒီလို ပြောတဲ့အခါမှာမိန့်ခွန်းမှာပါတဲ့အချက်တွေကကောင်းမွန်တဲ့အုပ်ချုပ်ရေးဖော်ထုတ်ဖို့ပြောတယ်၊ သန့်ရှင်းတဲ့အစိုးရဖော်ထုတ်ဖို့ပြောတယ်၊တရားဥပဒေစိုးမိုးဖို့ပြောတယ်၊နောက်တရားဥပဒေ စိုးမိုးရေးနဲ့အတူ အဂတိလိုက်စားမှုကိုတိုက်ဖျက်သွားဖို့ပြောတယ်။ ဒါတွေက အမြဲတမ်း မှန်နေတဲ့တရားတွေပဲလေ။ ဒါတွေက တိုင်းပြည်ခေါင်းဆောင်တယောက်အနေနဲ့အစိုးရကောင်းတခုအနေနဲ့လုပ်ကိုလုပ်ရမယ်၊ ပြောလည်းပြောရမယ့် စကားတွေပေါ့။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီး အငြင်းပွားစရာမရှိဘူး။ သဘောမတူဘူး၊ လက်မခံနိုင်ဘူးလို့လည်း ပြောစရာအကြောင်းမရှိဘူးပေါ့။
ဒီတော့ လူတွေကြားထဲမှာ ပြောတာတွေကတော့ ဟုတ်ပြီ၊ လက်တွေ့ဘာတွေလုပ်မလဲ ဆိုတာ စောင့်ကြည့် ကြတာပေါ့ ဆိုပြီး ပြောလာတယ်။ ကျနော်တို့က သတင်းစာသမား တယောက်အနေနဲ့ ပြည်သူလူထုရဲ့ အသံကိုလည်းနားထောင်သလိုကိုယ်တိုင်သုံးသပ် ပြောဆိုရေးသားတာကိုလည်း လုပ်ပါတယ်။ ကျနော်ဆိုရင် နိုင်ငံတော်သမ္မတရဲ့မိန့်ခွန်းကိုပထမကြိုဆိုတယ်၊နောက်ပြီးစောင့်ကြည့်ရမယ်ဆိုတာနဲ့တင်မကပါဘူး၊ မြန်နိုင်သမျှမြန်မြန်လက်တွေ့အကောင်အထည်ဖော်ပါလို့ တွန်းအားပေးချင်တယ်၊ တိုက်တွန်းချင်တယ် လို့ပြောခဲ့ပါတယ်။အခုအစိုးရသစ်တက်လာတာ၁လကျော်ပဲရှိသေးတယ်၊ဒါကအပြောစခန်းပေါ့။အဲဒီကနေ အလုပ်စခန်းကိုတက်ဖို့ရှိသေးတယ်။အလုပ်စခန်းကိုတက်တဲ့အခါမှာလည်းပြောထားတဲ့အတိုင်းကို တတ်နိုင်သမျှအကောင် အထည် ဖော်နိုင်အောင် ဆက်ကြိုးစားသွားဖို့ပဲ လိုမယ်ထင်တယ်။
ကျနော်ရေးခဲ့တဲ့စာတွေထဲမှာလည်းပါပါတယ်။ ပြီးခဲ့တဲ့ ဖြစ်ခဲ့တဲ့ အခြေအနေတွေက တော်တော်ကြီးကို ဆိုးဆိုးရွားရွားယိုယွင်းခဲ့တာကိုးဗျ။အခု ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင် အဲဒီ လုပ်မယ့်သူတွေက တော်တော်ကြီးကိုဒုက္ခရောက်မယ်၊အခက်အခဲအကျပ်အတည်းတွေ တွေ့မယ်။ဘာဖြစ်လို့လဲဆိုတော့ အကျင့်ပျက်တယ်၊စနစ်တွေလည်းပျက်တယ်၊လုပ်ထုံးလုပ်နည်းတွေလည်းပျက်တယ်။အဲဒီလို ပျက်တဲ့နေရာမှာအစိုးရပိုင်စီမံခန့်ခွဲရေးပိုင်းပျက်ရုံမကဘဲ၊၀န်ထမ်းတွေပျက်ရုံမကဘဲ၊ ပြည်သူလူထုဘက်ကလည်း စိတ်နေစိတ်ထားတွေ၊ ထားရမယ့် သဘောထားတွေ တော်တော်များများ ပျက်ကုန်တယ်။ ဘာကြောင့် ဒီလိုပျက်တယ်ဆိုတာ အားလုံးက သိကြတာပဲ။ ဘာမှ သိပ်စဉ်းစား နေစရာ မလိုပါဘူး။ အဲဒါကြီးကို နိုင်ငံတော် သမ္မတအသစ်နဲ့ အစိုးရသစ်က တကယ်တန်း အခု ပြောထားတဲ့အတိုင်း အကောင်အထည်ဖော်မယ်၊ ပြုပြင်မယ်၊ ပြောင်းလဲမယ် ဆိုရင်တောင် သူတို့အတွက်လည်း တော်တော်အခက်အခဲတွေ ရှိလိမ့်မယ်လို့ မြင်ရ တွေ့ရ ပါတယ်။
မေး။ ။ အခက်အခဲတွေ အများကြီးထဲက အကြီးဆုံးအခက်အခဲကအစိုးရသစ်ရဲ့Credibilityပါပဲ။ အုပ်ချုပ်ရေး ပုံစံသစ်နဲ့သွားပေမယ့်ဗျူရိုကရေစီယန္တယားကိုမောင်းနှင်မယ့်သူတွေကလွန်ခဲ့တဲ့နှစ်၂၀ကလူတွေပဲ ဖြစ်နေတယ်။ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့အာဆီယံရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်လို့ ပြောလိုက်တော့လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့အင်ဒိုနီးရှားကမြန်မာပြည်ဟာတကယ်ပြောင်းလဲပြီလား ဆိုတာကို လေ့လာပြီးမှဒီကိစ္စကိုအဖွဲ့တွင်းမှာဆုံးဖြတ်မယ်လို့ပြောလိုက်တာဟာ ဒေသတွင်းမှာလည်း အစိုးရသစ်ရဲ့Credibilityဟာပြဿနာရှိနေတယ် မဟုတ်ဖူးလား။
ဖြေ။ ။ကျနော်တို့တိုင်းပြည်ရဲ့ပုံရိပ်ကအာဆီယံမှာ၊ကမ္ဘာ့အမြင်မှာပြန်ကောင်းလာဖို့ကပြောထားတဲ့ လုပ်ငန်းစဉ်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့၊ ကြိုးစားဖို့ လိုတယ်။ လက်တွေ့ အကောင်အထည် ဖော်ရင်လည်း အာဏာနဲ့ချည်း လုပ်လို့မရဘူး။ ပူးပေါင်းဆောင်ရွက်ရမယ်။ တတ်နိုင်သမျှ ဒီမိုကရေစီ အင်အားစုတွေရဲ့ပါဝင်ဆောင်ရွက်မှုကို ဖိတ်ခေါ်ရမယ်။ အဲဒါမျိုး ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ အခု ပြည်နယ်နှစ်ခု၊သုံးခုလောက်မှာဗျာ၊ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)မဟုတ်တဲ့ တိုင်းရင်းသား ပါတီတွေကို ပြည်နယ် အစိုးရတွေမှာ ၀န်းကြီးနေရာပေးတယ် ဆိုတာတွေဟာ ကောင်းတဲ့ ပုံရိပ်၊ ကောင်းတဲ့အလားအလာပါပဲ။ ဒါမျိုးတွေကို ပြည်ထောင်စု အစိုးရ အဆင့်မှာရော ဘာလို့မလုပ်နိုင်ရမှာလဲ။ ပြည်ထောင်စု အစိုးရမှာ ဆိုလည်း ရွေးကောက်ပွဲနိုင်မှရယ် မဟုတ်ဘဲ တိုင်းပြည် ကောင်းရာကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်ပြီး လုပ်မယ့်သူတွေဆိုရင်အခြေခံဥပဒေအရ ထည့်လို့ရတာပါပဲ။ပွင့်ပွင့်လင်းလင်းပြောရရင်PowerSharingတမျိုးနဲ့ပူးပေါင်းဆောင်ရွက်လို့လည်း ရပါတယ်။ အဲဒါကို စဉ်းစားကြဖို့ ကောင်းတာပေါ့။
မေး။ ။လက်ရှိအခြေအနေမှာဒီမိုကရေစီအပြောင်းအလဲအတွက်ကြိုးပမ်းနေတဲ့ အင်အားစုတွေဘက်က အရင်ကပြောနေခဲ့တဲ့၉၀ရွေးကောက်ပွဲရလဒ်ကလည်းပြီးဆုံးသွားပြီ၊ဖွဲ့စည်းပုံကို လက်မခံဘူး၊ အခု နိုင်ငံရေး အဆောက်အုံသစ်မှာလွှတ်တော်ပြင်ပကပဲကစားမယ်ဆိုရင်ထိရောက်ပါ့မလား၊လွှတ်တော်တွင်းဝင်ရောက် ကစားဖို့ကိစ္စကရောရှေ့လာမယ့်၅နှစ်အတွင်းမှာလုပ်ဆောင်သင့်သလားဆိုတာတွေနဲ့ပတ်သက်လို့ သတင်းစာဆရာ တယောက်အနေနဲ့ ဘယ်လိုများ ဝေဖန်ချင်ပါသလဲ။
ဖြေ။ ။နိုင်ငံရေးကတော့လွှတ်တော်ထဲရောက်မှလုပ်လို့ရတာမဟုတ်ပါဘူး။လွှတ်တော်ပြင်ပကလည်း လုပ်လို့ရရမှာပဲ။ဒါကဒီမိုကရေစီပဲလေ။ဒီမိုကရေစီစနစ်မှာလွှတ်တော်တွင်းနိုင်ငံရေးရှိမယ်၊ လွှတ်တော်ပြင်ပနိုင်ငံရေးရှိမယ်၊နောက်ပြီးတသီးပုဂ္ဂလနိုင်ငံရေးရှိမယ်။နောက်ပြီး အများပြည်သူရဲ့သဘောထားတွေကိုပုံသွင်းပေးနေတဲ့ပညာတတ်တွေ၊စာပေအနုပညာရှင်တွေရှိမယ်။ ဒါတွေအားလုံးဟာ နိုင်ငံရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိတယ်။ သို့သော် အာဏာပြဿနာကို ပြောမယ်ဆိုရင်တော့အာဏာရှိနေတဲ့သူကတော့သူတို့အကောင်အထည်ဖော်မယ့်မူဝါဒလုပ်ငန်းစဉ်တွေကို လုပ်သွားလို့ရတာပေါ့။
အဲဒီ အာဏာရနေတဲ့ လူတွေကလည်း တိုင်းပြည်အကျိုးကိုကြည့်ပြီး ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် လွှတ်တော်တွင်းတင် မကဘူး လွှတ်တော်ပြင်ပ နိုင်ငံရေးနဲ့လည်း ဆက်စပ်မှုရှိရမယ်၊ ပူးပေါင်းဆောင်ရွက်မှု ရှိရမယ်။သမ္မတမိန့်ခွန်းမှာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံသေးတဲ့ သူတွေလည်း လွှတ်တော်ထဲ ၀င်ကြပါ၊ရွေးကောက်ပွဲဝင်ကြပါလို့ ဖိတ်ခေါ်တာတော့ ရှိတာပေါ့။ ဘာပဲပြောပြောပေါ့ဗျာ၊ အတိုက်အခံဆိုရင် ချေမှုန်းမယ်၊အမြစ်မကျန်အောင်လုပ်မယ်ဆိုတဲ့ ကြုံးဝါးတာတွေထက် စာရင်တော့ ကျနော်တို့နဲ့ သဘောမတူတဲ့သူတွေနဲ့လည်းတူတဲ့လုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်ပါ့မယ်ဆိုတဲ့ သဘောထားမျိုးကိုတော့ကြိုဆိုတာပေါ့ဗျာ။အဲဒီအပေါ်မှာလည်းလွှတ်တော်ပြင်ပနိုင်ငံရေး အင်အားစုတွေကလည်း တုန့်ပြန်ဖို့တော့လိုတယ်။ အခုလည်း အပြုသဘော တုန့်ပြန်ကြတာ တွေ့ရပါတယ်။
မေး။ ။လွတ်လပ်ပြီးမြန်မာ့သမိုင်းမှာ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဟာတတိယမြောက်ဖြစ်ပါတယ်။ အရင်က၁၉၄၇ ခုနှစ်နဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရှိခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟောင်း ၂ ခုကို ပြန်ကြည့်ရင်ဆယ်စုနှစ်တခုကျော်ပဲတည်တံ့တယ်။အခု၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြုပြင်ပြောင်းလဲဖို့တောင်းဆိုနေတာတွေကရှိနေတော့ လက်ရှိဖွဲ့ စည်းပုံနဲ့ အာဏာအဆောက်အအုံကရော ရေရှည်ခံပါ့မလား။မြန်မာ့နိုင်ငံရေးဟာရှေ့လျှောက် တည်ငြိမ်မှုရှိဖို့ဆိုရင် ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ထင်မြင်မိပါသလဲ။
ဖြေ။ ။လက်ရှိရှိနေတဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ပေါ့ဗျာ။ ပထမဆုံး NLD ရဲ့သဘောထားကိုပြောရရင်၊NLDကပထမတုန်းက၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုလုံးဝကို လက်မခံဘဲအားလုံးပါဝင်တဲ့နောက်ထပ် အမျိုး သားညီလာခံလိုမျိုး၊ အခြေခံဥပဒေ ရေးဆွဲရေး ညီလာခံလိုမျိုးနဲ့အသစ်ပြန်ဆွဲမယ်ဆိုတဲ့သဘောထားမျိုးရှိခဲ့တယ်လို့သိခဲ့ရတယ်။ အဲဒီလို လုပ်ဆောင်မယ်ဆိုရင် တော်တော်ကြီးကို ဆောင်ရွက်ရလိမ့်မယ်။ နောက်ပိုင်းကျတော့ ဒီမိုကရေစီ အင်အားစုတွေဘက်က သဘောထားက ၂၀၀၈ အခြေခံဥပဒေမှာ ပြည်သူလူထု လက်မခံနိုင်တဲ့ အချက်တွေကို ပြန်ပြီးပြုပြင်ဖို့ သင့်တယ်ဆိုတဲ့ အသံတွေထွက်လာတယ်။ ဒါက ဒီလိုပဲဖြစ်သင့်တယ်၊ ဒီမိုကရေစီအင်အားစုတွေဘက်က မလွန်ဘူးလို့ ထင်တယ်။
ပြည်သူလူထု လက်ခံတဲ့ အခြေခံဥပဒေ ဖြစ်တဲ့အထိကို ကျနော်တို့က တောင်းဆိုရမှာပေါ့။ အဲဒီလို တောင်းဆိုတဲ့ အခါကျတော့ အစိုးရဘက်ကလည်း သမ္မတမိန့်ခွန်းမှာ ပါတယ်။ အခြေခံဥပဒေကို ပြင်ချင်ရင် လွှတ်တော်ထဲဝင်၊ လွှတ်တော်ထဲ လာပါ၊ လွှတ်တော်ထဲက ပြင်ပါလို့ ပြောလာတယ်။ အဲဒီတော့ ဒီမိုကရေစီအင်းအားစုတွေဘက်က ရွေးမယ်ဆိုရင်လွှတ်တော်ထဲဝင်ပြီး ပြင်မလား၊လွှတ်တော်ပြင်ပက ဖိအားပေးပြီးပြင်မလား၊ဒီနှစ်ခုပဲရွေးရတော့မှာပဲ။လာမယ့်၅နှစ်အတွင်းမှာဒီနှစ်ခုထဲက တခုခုဖြစ်လာနိုင်ပါတယ်။ အခြေခံဥပဒေကို လွှတ်တော်ထဲကနေ ၀င်ပြီးပြင်ဖို့ ကြိုးစားမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ ပိုပြီး အားလုံး ပါဝင်မှု များလာမယ်ဆိုရင် အဲဒီ ရွေးကောက်ပွဲဟာ တော်တော် ကြည့်ကောင်းမယ်လို့ ထင်ပါတယ်။
အားလုံးသိတဲ့အတိုင်းပဲ။၂၀၁၀ရွေးကောက်ပွဲဟာ ပါတီမှတ်ပုံတင် တာကလည်း ဖုတ်ပူမီးတိုက်၊ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းတာကလည်း ရက်အကန့်အသတ်နဲ့ ဖုတ်ပူမီးတိုက်၊ ပါတီတွေက စည်းရုံရေးလည်း အဆင်သင့်မဖြစ်၊ကိုယ်စားလှယ်လောင်းတောင်မှပဲ ဆွဲခန့်တွေပေါ့ဗျာ၊ ရတဲ့သူနဲ့ဝင်ပြိုင်ကြဆိုတော့ဒါတွေကသိကြတဲ့အတိုင်းပဲ။အဲဒီလိုအခြေအနေ ကနေ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်မယ်ဆိုရင် အခုကတည်းက ပြင်ဆင်လို့ရပါပြီ။ စည်းရုံးရေးကို ပြင်ဆင်လို့ရတယ်။ ကိုယ်စားလှယ် လောင်းတွေကို ပြင်ဆင်လို့ရတယ်။ ပိုပြီးလွတ်လပ် ပွင့်လင်းတဲ့ ရွေးကောက်ပွဲ အခြေအနေကောင်းတွေ ဖန်တီးဖို့ကို ပြည်တွင်းကရော၊ နိုင်ငံတကာကပါ တောင်းဆိုလို့ရတယ်။ ဒီလိုသာ လုပ်နိုင်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ AllInclusiveလို့ ပြောလို့ရမယ်။ အဲဒီ အနေအထားက ပေါ်ထွက်လာမယ့် ရလဒ်က တိုင်းပြည်အတွက် ကောင်းမှာပါပဲလို့ ကျနော်မြင်ပါတယ်။ ။



Geen opmerkingen: