မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 10 mei 2011

ဘင်္ဂလားပင်လယ်ပြင်တွင်မုန်တိုင်းဖြစ်နိုင်ခြေရှိ

ခင်ဦးသာ Tuesday, 10 May 2011 17:25
.ဘင်္ဂလားပင်လယ်ပြင်အလယ်ဗဟို၌မုန်တိုင်းဖြစ်နိုင်ခြေအရိပ်လက္ခဏာများတွေ့နေရ၍ မိုးဦးရာသီဖြစ်သော မေလတွင်သတိထားရန်လိုအပ်ကြောင်းမိုးလေ၀သနှင့်ဇလဗေဒပညာရှင်ဒေါက်တာထွန်းလွင်က ပြောသည်။
ဦးထွန်းလွင်ဝက်ဘ်ဆိုက်တွင်တွေ့ရသည့်ဘင်္ဂလားပင်လယ်အော်အတွင်းမုန်တိုင်းဖြစ်နိုင်ခြေ သတိပေးချက်ပြမြေပုံ(ဓာတ်ပုံ-tunlwin.com)
“မေလထဲမှာမုန်တိုင်းဖြစ်ခဲ့ဖူးတာတွေရှိခဲ့တော့သတိထားဖို့လိုအပ်ပါတယ်။ ဘင်္ဂလားပင်လယ်ပြင်က မုန်တိုင်းကတော့စောင့်ကြည့်နေတုန်းပဲရှိပါသေးတယ်။အရမ်းကြီးစိုးရိမ်စရာအနေအထားတော့ မတွေ့ရသေးပါဘူး” ဟု ဦးထွန်းလွင်က ဆိုသည်။
ဘင်္ဂလားပင်လယ်ပြင်၌ဖြစ်ပေါ်နိုင်ခြေရှိသောမုန်တိုင်းသည်မြန်မာနိုင်ငံနှင့်အလှမ်းဝေးကွာနေ၍ စိုးရိမ်းစရာမရှိ သော်လည်းပင်လယ်ကမ်းရိုးတန်းဒေသတလျှောက်တွင်နေထိုင်သော ဒေသခံများအနေနှင့်မူ မေလအတွင်း သတိထား သင့်ကြောင်း ၎င်းက ဧရာဝတီကို ပြောသည်။
ဦးထွန်းလွင်၏၀က်ဘ်ဆိုက်တွင်မေလ၉ရက်နေ့နေ့စွဲဖြင့်တနင်္သာရီတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်တို့၌ မိုးသည်းထန်ခြင်း၊မိုးသက်လေပြင်းကျရောက်ခြင်း၊မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်ပြီးပင်လယ်ပြင်၌ လေပြင်းတိုက်ခတ်ခြင်းနှင့်အတူလှိုင်းကြီးနိုင်၍ပင်လယ်ပြင်ထွက်သူများအနေဖြင့်သတိထားရန် လိုအပ်ကြောင်း ထုတ်ပြန်ရေးသား ထားသည်။
ရခိုင်ပြည်နယ်၏ကမ်းရိုးတန်းဒေသတလျှောက်တွင်နေထိုင်ကြသောဒေသခံများသည် ဘင်္ဂလားပင်လယ်ပြင်၌မုန်တိုင်းဖြစ်ပေါ်မည်ဟုကြားသိနေရ၍စိုးရိမ်နေကြကြောင်း၊အထူးသဖြင့် ဂီရိလေမုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသခံများသည် စိုးရိမ်မှုကြီးနေကြကြောင်း မြေပုံမြို့နေ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
“မုန်တိုင်းဝင်မယ်ဆိုပြီးကောလာဟလသတင်းတွေထွက်နေတော့လူတွေကကြောက်နေကြတယ်။တချို့က နေစရာအိမ်တောင်လုံခြုံမှုမရှိကြသေးတော့ပိုပြီးတော့ကြောက်နေကြတယ်”ဟု မြေပုံဒေသခံက ဆိုသည်။
၂၀၁၀ပြည့်နှစ်အောက်တိုဘာလ၂၂ရက်နေ့တွင်တိုက်ခတ်ခဲ့သောဂီရိဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်းရာနှင့်ချီသေဆုံးခဲ့ကာသိန်းချီ၍အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးအများစုမှာယနေ့အထိနေထိုင်စရာ အမိုးအကာ လုံခြုံမှု မရရှိကြသေးပေ။
၂၀၀၈ခုနှစ်မေလ၂ရက်နှင့်၃ရက်နေ့တို့ကတိုက်ခတ်ခဲ့သောနာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့်လူဦးရေ တသိန်းလေးသောင်းကျော် သေကျေ ပျောက်ဆုံးခဲ့ကာ၂သန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။
ဘင်္ဂလားပင်လယ်ပြင်၌ဖြစ်ပေါ်သောမုန်တိုင်းအများစုသည်ရခိုင်ပြည်နယ်၏ ပင်လယ်ကမ်းရိုးတန်း ဒေသကို ဖြတ်ကျော်လေ့ရှိပြီး၁၈၇၇ ခုနှစ်မှ၂၀၁၀ပြည့်နှစ်အတွင်းမုန်တိုင်းအကြိမ်ရေ၈၄ကြိမ်အနက်၈၂ ကြိမ်သည် ရခိုင်ကမ်းရိုးတန်း ဒေသကိုဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း ဦးထွန်းလွင်က ဆိုသည်။
ယခုနှစ်သည်ယခင်နှစ်များနှင့်မတူဘဲဖေဖော်ဝါရီ၊မတ်လတို့မှစ၍အချိန်အခါမဟုတ်မိုးရွာခြင်း၊ မိုးသည်းထန်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း စသည့်ရာသီ ဥတုဖောက်ပြန်မှုများကို ကြုံတွေ့ခဲ့ရကြောင်းလည်း သူကပြောသည်။
အချိန်အခါမဟုတ်မိုးသည်းထန်ခဲ့၍ပဲစိုက်သည့်တောင်သူများ၊ဆားကွင်းလုပ်ငန်းများပျက်စီးဆုံးရှုံးမှု ကြုံတွေ့ခဲ့ရကြောင်း တောင်သူများက ပြောဆိုကြသည်။
“နွေမှာ မိုးတွေ ဆက်တိုက်ရွာတော့ ပဲစိုက်ဧက ထောင်ချီပြီး ပျက်စီးသွားရတယ်။ အထွက်နှုန်းက ထက်ဝက် လျော့ကျသွားတယ်” ဟု မကွေးတိုင်း စလင်းမြို့နယ်မှ ပဲစိုက်တောင်သူ ဦးမောင်မောင်ကပြောသည်။
မတ်ပဲ၊ကုလားပဲ၊ပဲတီစိမ်းစသည့်ပဲတို့အများဆုံးပျက်စီးခဲ့ပြီးယခင်ကတဧကလျှင်တင်း၃၀ ထွက်သော်လည်းယခုနှစ်ရာသီဥတုဆိုးရွားမှုကြောင့်၁၅ တင်း ၀န်းကျင်သာ ထွက်တော့သည်ဟု သိရသည်။
ယခုရာသီသည်ပဲပေါ်သည့်ရာသီဖြစ်၍မကွေးတိုင်းမှပဲစိုက်တောင်သူအများစုမှာဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည်ဟု ပဲစိုက်တောင်သူက ပြောသည်။
နာဂစ်မုန်တိုင်းဖြစ်ပေါ်ပြီးနောက်တွင်ရာသီဥတုဖောက်ပြန်မှုများကိုမကြာခဏကြုံတွေ့နေကြရသော ဧရာဝတီမြစ်ဝကျွန်းပေါ်မှပဲစိုက်တောင်သူများနှင့်ဆားကွင်းလုပ်ငန်းရှင်များသည်လည်းဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း လပွတ္တာမြို့မှ ဆားလုပ်ငန်းရှင် ဦးမောင်ကြီးက ဆိုသည်။
“ဧပြီလ၂၅ရက်ကစပြီးမိုးတပတ်လောက်ရွာလိုက်တာဆားကွင်းတွေအကုန်ပျက်သွားတယ်။လေးချိုးတချိုးပဲ ပြန်ရတော့တယ်”ဟုဦးမောင်ကြီးကပြောသည်။
လပွတ္တာမြို့နယ်၌ဆားကွင်းလုပ်ငန်းရှင် ၂၀၀ ကျော်ရှိပြီး အများစုသော ဆားကွင်းများ ပျက်စီးသွားကြောင်း၊ ဧရာဝတီတိုင်းတတိုင်းလုံးတွင်ဆားလုပ်ငန်းရှင်၇၀၀ကျော်ရှိပြီးတနိုင်ငံလုံး၏၈၀ရာခိုင်နှုန်းသောဆားများကို ဧရာဝတီတိုင်းမှထုတ်လုပ်ကြောင်း၊သို့သော်ယခုနှစ်တွင်ရာသီဥတုဖောက်ပြန်မှုကြောင့် ဆားအထွက်နှုန်းများသိသာစွာလျော့ကျသွား၍ ဆားရှားပါးမှု ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။





Geen opmerkingen: