မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 30 november 2010

ကမ္ဘာ့ထိပ်တန်းအတွေးအခေါ်သမားများတွင်ဒေါ်အောင်ဆန်းစုကြည်ပါဝင်

ဧရာဝတီ Tuesday, 30 November 2010 16:52
.၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည်ကို Foreign Policy မဂ္ဂဇင်းကြီးက ထည့်သွင်းဖော်ပြလိုက်သည်။

ယနေ့တွင်သားဖြစ်သူကင်မ်အဲရစ္စနှင့်အတူရန်ကုန်မြို့ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်။(ဓာတ်ပုံ-GettyImages)
နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို အတွေးအခေါ်သမား ၁၀၀ အနက် အဆင့် ၇၅ တွင် ထည့်သွင်းဖော်ပြထားသည်။
ရွေးချယ်ခံရခြင်းနှင့် ပတ်သက်၍ ForeignPolicy မဂ္ဂဇင်းကြီးသို့ ဗီဒီယိုမှတဆင့် ဂုဏ်ပြု အမှတ်တရ ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က သူနေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း ကမ္ဘာကြီးသည် ပြောင်းလဲလာကြောင်းနှင့် ဒီမိုကရေစီရေးအတွက် ဆက်လက် တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း ပြောသွားသည်။
ထို့ အပြင် ဒေါ်အောင်ဆန်းစုကြည်က “ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ ကျမဘဝဟာ ကာလအပိုင်းအခြား နှစ်ခုအတွင်း ကျင်လည်နေခဲ့ပါတယ်။ တွေးတောပြီး အပြန်ပြန်အလှန်လှန် သုံးသပ်ခြင်း ဆိုတဲ့ ကာလအပိုင်းအခြားနဲ့ လုပ်စရာတွေ များလွန်းလို့ ပြေးလွှားနေတဲ့ အတွေးတွေကို ဆုပ်ကိုင်ဖို့ အချိန်မရနိုင်တဲ့ ကာလအပိုင်းအခြားပါပဲ” ဟု ဆိုသည်။
“ဒါပေမယ့် ဒီနှစ်တွေထဲမှာ အတွေးတခု ဝင်နေတာက ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် တိုးတက်မှုတခုရဖို့ ကျမတို့အားလုံး အတူတူ လက်တွဲ လုပ်ဆောင်ကြရမယ် ဆိုတာပါပဲ။ ဒါက လူသားဖြစ်တည်မှုနဲ့အတူ မွေးဖွားလာတဲ့ အတွေးအခေါ်ပါ။ အများနဲ့ လုပ်တာ အကျိုးရှိပါတယ်။ တဦးကိုတဦး ကူညီရိုင်းပင်းကြဖို့ ကြိုးစားကြရပါမယ်။ ဒါဟာ ဘယ်တော့မှ အိုမင်းဟောင်းနွမ်းသွားမယ့် အတွေးအခေါ် မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပြောင်းလဲနေသော အခြေအနေသစ်ကို တွေ့ရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျမကို လာရောက် အားပေးသူတွေ၊ နှုတ်ဆက်ဖို့ လာတဲ့ သူတွေနဲ့ ကျမတို့ လုပ်ဆောင်နေတာကို ဆက်လက်ယုံကြည်ကြောင်း ပြသသူတွေဟာ လွန်ခဲ့တဲ့ နှစ်များစွာက ကျမ အလုပ် တွဲလုပ်ခဲ့ဖူးသူတွေထက် ပိုပြီး ငယ်ရွယ်နေကြပါတယ်။ တကယ့်ကို မျိုးဆက်သစ်တွေပါ။ မျိုးဆက်သစ်ပေါင်း များစွာလို့ ကျမပြောပါရစေ။ ကျမတို့နဲ့ ပူးပေါင်းလာတယ်။ တကယ့်ကို နုပျိုနေတဲ့ ကမ္ဘာသစ်ပါပဲ” ဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က တချိန်တည်းတွင် ထိုလူငယ်မျိုးဆက်များသည် သတင်းနည်းပညာ တော်လှန်ရေးသစ်၌ ပို၍ အကျွမ်းတဝင်ဖြစ်နေသည့် ထူးသည့် ကမ္ဘာသစ်ဖြစ်ကြောင်း၊ သူ့ကို ပျော်ရွှင်စေ၊ အားတက်စေ၊ လန်းဆန်းစေခဲ့ကြောင်း၊ သတင်းနည်းပညာသည် ကွဲပြားသည့် လူအမျိုးမျိုး၊ ကွဲပြားသည့် မျိုးဆက်များကြားတွင် ပိုမိုကောင်းမွန်သော ကူးလူးဆက်ဆံမှုကို ဖြစ်ပေါ်စေကြောင်း သုံးသပ် ပြောကြားသွားသည်။
“ကမ္ဘာကို ထိပ်တန်း အတွေးအခေါ်သမားအဖြစ် ဘာတွေ ပြောပေးနိုင်မယ်ဆိုတာ မသိပါဘူး။ ပြောနိုင်တာကတော့ ကျမဟာ ပြန်လည်မျှဝေပေးဖို့၊ အတွေးအခေါ်သစ်တွေ သင်ယူဖို့၊ လူငယ်တွေဆီက သင်ယူလေ့လာဖို့၊ ကျမ အကျယ်ချုပ်ကျခံနေရတဲ့ ကာလအတွင်း ဖြတ်သန်းခဲ့သူတွေဆီကနေ ဘာတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာကို သင်ယူဖို့၊ ထပ်ဆောင်း ဆင်ခြင်မှုတွေကို သင်ယူဖို့ အသင့်ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဆင်ခြင်တွေးခေါ်ခြင်းသည် ပြီးဆုံးသည်၊ အဆုံးသတ်သွားသည်ဟူ၍ မရှိကြောင်း၊ ဤသည်မှာပင် စိတ်ဓာတ်နှင့် နှလုံးသား၏ အဆုံးမရှိ ခရီးဆက်နေသော လူ့သဘာဝ၏ အလှတရားဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အုပ်စိုးမှုအပြောင်းအလဲထက် “အရည်အသွေး တန်ဖိုး အပြောင်းအလဲ” အတွက် ရှေရှည်ပြုပြင်ပြောင်းလဲမှုကို ဆော်သြခဲ့ကြောင်း Foreign Policy မဂ္ဂဇင်းကြီးက ရေးသားထားသည်။
“သူ (ဒေါ်အောင်ဆန်းစုကြည်) က လုပ်စရာရှိတာတွေ စလုပ်နေပါပြီ။ သူ့ရဲ့ ပါတီ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) ဆက်လက် ရပ်တည်ရေးအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်တယ်၊ မကြာသေးမီက ပြီးစီးသွားတဲ့ ရွေးကောက်ပွဲ မသမာမှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ကတိပြုတယ်။ လွတ်လွတ်ချင်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ 'ကျမတို့ လုပ်စရာတွေလည်း အများကြီး ရှိသေးတယ်' ဆိုတဲ့အတိုင်းပါပဲ” ဟု Foreign Policy မဂ္ဂဇင်းကြီးက မှတ်ချက်ပေးထားသည်။
ကမ္ဘာ့ အတွေးအခေါ်သမား ၁၀၀ အနက် ထိပ်ဆုံးတွင် ဘီလျံနာ သူဌေးကြီးများဖြစ်သော စီးပွားရေးရင်းနှီးမြှုပ်နှံသူ ဝါရင်း ဘတ်ဖတ် နှင့် မိုက္ကရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ် ဂိတ်တို့ရှိနေပြီး အမေရိကန် သမ္မတ အိုဘားမားက တတိယဖြစ်သည်။
ဂျာမန် အဓိပဓိဖြစ်သူ အင်ဂလာ မာကယ်က အဆင့် ၁၀ တွင်ရှိနေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အဆင့် ၁၃ ဖြစ်သည်။

တိုက်ပွဲများဆက်ဖြစ်၊ဒုက္ခသည်ထပ်မံထွက်ပြေးလာ

သန်းထိုက်ဦး Tuesday, 30 November 2010 17:04
.ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)တပ်ဖွဲ့ဝင်များ ယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေသောကြောင့် ဒေသခံရွာသား ၃၀၀ ကျော် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့နယ် အတွင်းသို့ ရောက်ရှိလာကြောင်း သိရှိရသည်။
              တိုက်ပွဲများကြောင့်ယနေ့ထပ်မံထွက်ပြေးလာရသောစစ်ပြေးဒုက္ခသည်များ(ဓာတ်ပုံ-ဧရာဝတီ)
ပြီးခဲ့သည့် တပတ်မှ စတင်၍ DKBAတပ်ဖွဲ့နှင့် စစ်အစိုးရ တပ်ရင်းများ မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတွင် အပြန် အလှန် ပစ်ခတ်မှုများ ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်း ဒေသတွင် DKBAတပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့နှင့် စစ် အစိုးရ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ)၈လက်အောက်ခံ တပ်ရင်းများ ဖြစ်ပွားနေကြောင်း သိရသည်။
ထွက်ပြေး တိမ်းရှောင်နေသော ဖလူးဒေသခံ တဦးက ယနေ့ နံနက် ၉ နာရီခန့်တွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ် ခတ်ခဲ့ကြကြောင်း ပြောသည်။
ယမန်နေ့က တိုက်ပွဲ ထပ်မံ ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ၄ လုံး ကျခဲ့ကြောင်း ထိုင်းအာဏာပိုင် များကလည်း ပြောဆိုသည်။ လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများသည် ပိုမို ပြင်းထန် လာနိုင်ကြောင်းလည်း ဆိုသည်။
အဆိုပါ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဖလူးကျေးရွာရှိ ဒေသခံများသည် နီးစပ်ရာ ဆွေမျိုးများထံနှင့် ထိုင်းနိုင်ငံ တ ဖက်ကမ်း မဲဆောက်မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းသို့ တချို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထွက်ပြေး တိမ်းရှောင် လာသူများသည် ဖလူးကြီးနှင့် ဖလူးငယ် ကျေးရွာဒေသခံ အများစု ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်က ဒုက္ခသည်များကို သွားရောက်တွေ့ဆုံခဲ့သည့် ကရင်အမျိုးသမီး အစည်းအရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော် ဘလူးမင်း နိုက်ဇန် က“ရွာသားတွေ ချောင်းဖြတ်ပြီးတော့ ပြေးလာတယ်၊ ရွာသား ၁၀၀ လောက်ရှိမယ်၊ အဲဒီမှာ ကလေး၊ လူကြီးပါတယ်၊ တပတ်လောက်ပဲရှိသေးတဲ့ မွေးစကလေးလည်း ပါတယ်၊ သုံးလ နှစ်လသား ကြီးကြီးငယ်ငယ် အားလုံးပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။

                တိုက်ပွဲများကြောင့်ယနေ့ထပ်မံထွက်ပြေးလာရသောစစ်ပြေးဒုက္ခသည်များ(ဓာတ်ပုံ-ဧရာဝတီ)
ယနေ့ ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်း နယ်ခြားစောင့် စခန်းဝင်းအတွင်း စောင့် ရှောက် ထားရှိကြောင်းလည်း သိရသည်။
ယမန်နေ့ညနေတွင် တနင်္ဂနွေနေ့က ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည် ၁၀၀၀ ခန့်ကို ထိုင်း အာဏာပိုင်များက နေရပ် ပြန်ခိုင်းခဲ့သည်။ သို့သော် ဒုက္ခသည်အများစုက နေရပ်ပြန်ကြသော်လည်း မြန်မာဘက်တွင် စိတ်ချရသည့် အနေအထား မရှိသောကြောင့် ဒုက္ခသည် ၁၀၀ ခန့် ဆက်လက် နေထိုင်ခဲ့ကြကြောင်း သိရသည်။
ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ် ဖြတ်ကျော်ခွင့် ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။
နောက်ဆုံး သတင်းများအရ ဖလူးကျေးရွာကို နအဖ ခြေလျင်တပ်ရင်း (ခလရ)၃ ရင်း၊ အမြောက်တပ်ရင်းနှင့် အဂျင်နီယာ တပ်ရင်း အပါအ၀င် တပ်ရင်း ၅ ရင်းခန့် ထိန်းချုပ်ထားကြောင်း သိရသည်။

ယမန်နေ့ကလည်း ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU ) တပ်မဟာ ၆ တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်အစိုးရဘက်မှ တပ်သား ၂ ဦးသေဆုံး၍

ကုလကိုယ်စားလှယ်၏မြန်မာပြည်ခရီးစဉ်အောင်မြင်မှုမရှိဟုနိုင်ငံရေးပါတီများပြော

ခင်ဦးသာ Tuesday, 30 November 2010 18:24
.ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ၏ ခရီးစဉ်သည် ရွေးကောက်ပွဲ ရလဒ်အတွက်အပြောင်းအလဲ တစုံတရာ ဖြစ်လာနိုင်ဖွယ်မရှိသည့် အပြင် မြန်မာ့ နိုင်ငံရေး အတွက်လည်း ပြောင်းလဲမှု ဖြစ်မလာနိုင်ဟု နိုင်ငံရေး ပါတီ ခေါင်းဆောင်များက ဆိုသည်။
ကုလသမဂ္ဂကိုယ်စားလှယ်မစ္စတာဗီဂျေနမ်ဘီယာမြန်မာပြည်မှမထွက်ခွာမီရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်(ဓာတ်ပုံ-AP)
“ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ အချက်အလက်တွေ လာယူတဲ့ သဘောပါ။ ထူးခြားတဲ့ အပြောင်းအလဲ ဖြစ်မလာနိုင်ပါ ဘူး။ ရလဒ်ပေါ်မူတည်ပြီးတော့ တရားတယ်၊ မတရာဘူး ဆိုတာပဲ ပြောနိုင်မယ်ထင်တယ်” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေ က ဧရာဝတီိကို ပြောသည်။
လက်ရှိ အခြေအနေအရ မစ္စတာ နမ်ဘီယာ၏ ခရီးစဉ်သည် အောင်မြင်မှု မရသေးသော်လည်း မြန်မာအစိုးရ အနေနှင့် ပူးပေါင်းလိုစိတ်ရှိ၍ ဆွေးနွေး အဖြေရှာမှုများ ပြုလုပ်မည်ဆိုပါက ပြောင်းလဲမှု ဖြစ်လာမည်ဟုလည်း ဦးသုဝေက ဆက်ပြောသည်။
မစ္စတာ နမ်ဘီယာသည် မြန်မာနိုင်ငံ၏ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည် အပါအ၀င် ဒီမိုကရက်တစ် အင်အားစု ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံရေးပါတီများအနေဖြင့် ကုလသမဂ္ဂ ကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း အဓိက ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာမှာ ရွေးကောက်ပွဲရလဒ်၊ မဲမသမာမှု၊ ကော်မရှင်၏ စီမံခန့်ခွဲရေး ညံ့ဖျင်းမှု၊ မဲလိမ်၊ မဲခိုးမှုများကို အသေးစိတ် ဆွေးနွေး တင်ပြခဲ့ကြကြောင်းသိရသည်။
“ဒီဆွေးနွေးပွဲကနေ အပြောင်းအလဲကို မမျှော်လင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကုလသမဂ္ဂဆိုတာ ကုလသမဂ္ဂ အဆင့်ပဲ လုပ်ပေးနိုင်မှာပေါ့။ အစီရင်ခံစာ ထုတ်မယ်၊ မှတ်မယ် ဒါပါပဲ”ဟု အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။
“လုံခြုံရေးကောင်စီရောက်တဲ့ကိစ္စတွေတောင်အောင်မြင်အောင်မလုပ်နိုင်ခဲ့တာတွေက အများကြီးရှိခဲ့တာပဲ။ ကုလသမဂ္ဂ အနေနဲ့ ပြတ်ပြတ်သားသား လုပ်နိုင်တာ မရှိသေးဘူး” ဟု လည်း ၎င်းက ဆက်ပြောသည်။
မစ္စတာ နမ်ဘီယာသည် လက်ရှိမြန်မာ့ နိုင်ငံရေးအခြေအနေ အပြင် မြန်မာနိုင်ငံ၏ လိုအပ်ချက်များ၊ အကူအညီ ပေးနိုင်မည့် အရေးကိစ္စ များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ကူညီနိုင်မယ့် ဟာတွေမေးတော့ ကျနော်တို့နိုင်ငံမှာက အဘက်ဘက်က ချို့ယွင်းနေတယ်။ ပညာရေး၊ ကျန်းမာရေးက အစ ကူညီဖို့ လိုအပ်တာတွေ ပြောဖြစ်တယ်။ ပါတီရဲ့လိုအပ်ချက်ထက် ပြည်သူတွေ လိုအပ်နေတာတွေပေါ့” ဟု ဦးသုဝေက ဆိုသည်။
ကုလသမဂ္ဂ ကိုယ်စားလှယ်၏ ခရီးစဉ်သည် မြန်မာ့ နိုင်ငံရေးအတွက် မထူးခြားဟု ဆိုနေကြသော်လည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမူ အောင်မြင်သော ခရီးစဉ်တခုဟု မီဒီယာများကို ပြောဆိုခဲ့သည်။ ကုလ သမဂ္ဂသည်မြန်မာ့အရေးအား များစွာ အကူအညီ ပေးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
“ကုလသမဂ္ဂ အနေနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်စေချင်ရင် ဖွဲ့စည်းပုံမရေးဆွဲခင်၊ ဒါမှ မဟုတ်လည်း ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လာ ဆွေးနွေးသင့်တယ်။ အခုပြောသွားတဲ့ အနာဂတ် နိုင်ငံရေးမှာ အားလုံး ပါဝင်နိုင်ရေးဆိုတာ သိပ်တော့ လက်တွေ့ မဖြစ်လောက်ဘူးလို့ ထင်ပါတယ်။ ဒီလိုဖြစ်လာဖို့ ဆိုတာလည်း လက်ရှိ တာဝန်ယူ အုပ်ချုပ်နေသူတွေ အပေါ်မှာ အဓိက ကျမယ်ထင်တယ်” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။
ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း၌ အားလုံးပါဝင်နိုင်မည် ဆိုပါက အကောင်းဆုံး အခြေအနေ တခု ဖြစ်လာ မည့်အပြင် လူတိုင်းကလည်း မျှော်လင့်ကြောင်း၊ သို့သော် လက်ရှိ အစိုးရသည် ရွေးကောက်ပွဲရလဒ် အရ မကြာခင် လွှတ်တော်ခေါ်ယူမည်ဟု ထင်ကြောင်း၊ ထို့ကြောင့် အားလုံး ပါဝင်နိုင်ရေးသည် ဖြစ်နိုင်ခြေ နည်းသည်ဟု ထင်ကြောင်း ၎င်းက ဆိုသည်။
RNDP ပါတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မဲမသမာမှုများ၊ ရွေးကောက်ပွဲ အတွေ့အကြုံ၊ မြန်မာ့နိုင်ငံရေး အပေါ် ကုလသမဂ္ဂ ပါဝင် ဆောင်ရွက်ပေးနေခြင်း ထိရောက်မှု ရှိ၊ မရှိ၊ ဂီရိလေဘေးဒုက္ခသည်များ အပေါ် ကုလသမဂ္ဂ၏ ကူညီမှု အားနည်းနေခြင်း စသည်တို့ကို ဆွေးနွေး ပြောဆိုခဲ့ ကြောင်းသိရသည်။
ထို့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။
ချင်းအမျိုးသား ပါတီ၏ ဥက္ကဋ္ဌ ဦးဇိုဇမ် ကလည်း ကုလ သမဂ္ဂ အနေနှင့် မြန်မာ့နိုင်ငံရေးကို မည်သို့မျှ လုပ်ပေးနိုင်လိမ့်မည်ဟု မထင်ကြောင်း၊ မြန်မာနိုင်ငံ အရေးကို မြန်မာ ပြည်သူများကသာ လုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ကိုယ်စားလှယ်နှင့် ဆွေးနွေးမှုသည် ၎င်းတို့ လိုအပ်သည့် အစီရင် ခံစာအတွက် အချက်အလက် ပေးလိုက်သည့် သဘောသာ ဖြစ်ကြောင်း ပြောဆိုသည်။
“ပြည်သူတွေ လိုနေတဲ့ ဒီမိုကရေစီအရေး၊ တန်းတူဖြစ်ရေးတွေ အတွက် လုပ်ပေးဖို့ ကျနော်တို့ကို ပြည်သူတွေက ရွေးကောက် တင်မြှောက် ပေးထားတာပါ။ ဒါကြောင့် ကုလသမဂ္ဂ မပါလည်းဘဲ ကျနော်တို့က ဒီမိုကရေစီ ရရှိရေးကို လွှတ်တော်ကနေ ရအောင် ယူသွားမှာပါ။ မယူပေးနိုင်ဘူးဆိုရင် ကျနော်တို့ တာဝန်မကျေ ဖြစ်သွားမှာပေါ့” ဟုလည်း ဦးဇိုဇမ်က ဆိုသည်။
မစ္စတာ နမ်ဘီယာသည် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၃ ရက်ကြာ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ ပါတီများ၊ ရွေးကောက်ပွဲ ဝင်ခဲ့သည့် နိုင်ငံရေး ပါတီများ အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ (တစည) စသည့် ပါတီများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်း ဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် အီဗရာဟင် ဂန်ဘာရီတို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။

ကျပ်တသောင်းတန်သတင်းနေပြည်တော်တွင်ပျံ့နှံ့

နရီလင်းလက် Tuesday, 30 November 2010 18:32
.စစ်အစိုးရသည် ဘဏ္ဍာရေးပြဿနာများဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လာမည့် နှစ်ဆန်းပိုင်းတွင် ငွေစက္ကူ အသစ် ထုတ်ဝေ သွားရန် အာဏာပိုင်များက ပြောဆိုနေသည်ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်းကြားတွင် ပျံ့နှံ့ နေသည်။
နေပြည်တော်ရှိဆောက်လက်စလွှတ်တော်အဆောက်အအုံသစ်အနီး၌အလုပ်သမားများ အလုပ်လုပ်နေသည်ကိုမတ်လ၂၇ရက်နေ့ကတွေ့မြင်ရစဉ်(ဓာတ်ပုံ-Reuters)
“ဒီဇင်ဘာ ဒါမှမဟုတ် နှစ်ဆန်းမှာ ကျပ် တသောင်း တန် ငွေစက္ကူသစ် ထုတ်မယ်ဆိုပြီး ပြောနေတယ်။ အဓိက ဘဏ္ဍာရေး အခြေအနေကို အမြန်ဆုံးဖြေရှင်းနိုင်မယ့် နည်းကို ရွေးချယ်တာလို့ ခန့်မှန်းကြတာပါပဲ”ဟု နေပြည်တော် ကာကွယ်ရေးဝန်ကြီး ဌာနမှ အရာရှိတဦးက ပြောသည်။
ထို့အပြင် အာဏာပိုင်များအနေနှင့် လက်ရှိ နေပြည်တော်တွင် တည်ဆောက်နေသည့် အဆောက်အအုံ စီမံကိန်းများအတွက် ဆောက်လုပ်ရေး ကုမ္ပဏီ ကြီးများကို ကျပ် ဘီလီယံ ပေါင်းများစွာ ပေးရန် ရှိသည်ဟု ၎င်းက ပြောဆိုသည်။
“ပုဂ္ဂလိက အိမ်ရာ၊ ဆေးရုံ၊ ရုံး အဆောက်အအုံတွေအတွက် အစိုးရကနေ ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ဘယ်ကုမ္ပဏီက ဘယ်နေရာတွေ တည်ဆောက်ဆိုပြီး ခွဲချပေးထားတယ်။ ဘီလီယံနဲ့ ချီပြီးပေးရမယ့် အကြွေးတွေအတွက် လောလောဆယ် အာဏာပိုင်တွေက စစ်အသုံးစရိတ်တွေအတွက် သုံးထားတာတွေရှိတော့ မပေးနိုင်သေးဘူး”ဟု စစ်ဘက် ဆိုင်ရာ ဗိုလ်ချုပ်ကြီး တဦးက ပြောသည်။
၂၀၀၉ ခုနှစ်ကလည်း စစ်အစိုးရသည် ၎င်း၏ အသုံးစရိတ် လိုငွေပြမှုကို ဖြေရှင်းလိုခြင်းကြောင့် ၂၀၀၉ ခု အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၅၀၀၀ ကျပ် တန်များ ထုတ်ဝေခဲ့သည့် ဖြစ်စဉ်များရှိသောကြောင့် ယခုတကြိမ် တွင် လည်း အလားတူလုပ်ရပ်မျိုး ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် တို့ကို နေပြည်တော် အထူး ခရိုင်ဟု သတ်မှတ်ကာ တည်ဆောက်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နေလျက်ရှိသည်။
စစ်အစိုးရသည် မြို့တော်သစ် နေပြည်တော်ကို တည်ဆောက်၍ အုပ်ချုပ်ရေး မြို့ တော် အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ပြီး ရုံး အဆောက်အအုံများ၊ ပန်းဥယျာဉ်များ၊ တိရစ္ဆာန် ရုံများ၊ ဟိုတယ်ဇုန် များကို ခမ်းနားကြီးကျယ် စွာတည်ဆောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် လမ်းများဖောက်လုပ်ခြင်းတို့ဖြင့် နေပြည်တော်ကို စည်ကား စေရန် ပြုလုပ်ခဲ့သည်။
“ရုံးအဆောက်အအုံတွေဆိုလည်းအကြီးကြီးတွေနဲ့ခမ်းခမ်းနားနားဆောက်၊အတွင်းပိုင်း ပြင်ဆင်မှုတွေဆိုရင်လည်း တကယ့် ကို အကုန်ကျခံလုပ်ထားတော့ ဒီအတွက်လောလောဆယ် ဆောက်လုပ်ရေးကုမ္ပဏီတွေက စိုက်ပြီး လုပ်နေတာပေါ့။ အကုန် လုံးပြီးသွားရင်တော့ ဘယ်ကုမ္ပဏီက ဘယ်လောက် တာဝန်ယူထားတာအတွက် ရှင်းပေးမှာမျိုး။ နေပြည်တော် တည်ဆောက် လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ခွင့်ရနေတာကလည်း အာဏာပိုင်နဲ့ နီးစပ်တဲ့သူတွေ ချည်းပဲ”ဟု နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းခွင်မှ အင်ဂျင်နီယာတဦးက ပြောသည်။
နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းများကို စစ်အစိုးရနှင့် နီးစပ်သူများဖြစ်သည့် ဦးဇော်ဇော် မက်စ်မြန်မာ၊ ဦးအောင်ခမ်းထီ နေပြည်တော် ဆောက်လုပ်ရေး၊ ဦးတေဇ ထူး ကုမ္ပဏီ၊ ဦးရန်ဝင်း အေ၀မ်း ကုမ္ပဏီ စသည့် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီ ၂၂ ခု က လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရသည်။
“ကျနော်တို့ ကုမ္ပဏီကျတော့ အိမ်ရာစီမံကိန်း အတွက် တာဝန်ယူဆောက်ပေးရတာ။ ဒီအတွက် မြေကွက် တကွက်ကို ကျပ် သိန်း၂၀ သွင်းပြီး ဆောက်ပေးရတယ်။ ပြီးသွားရင်တော့ သူတို့က ကိုယ်တည်ဆောက်ထားတဲ့အပေါ်မှာ ဥပမာ-သိန်း ၅၀၀ ဆိုလည်း ၅၀၀ ပုဂ္ဂလိက ကုမ္ပဏီတွေကို ပြန်ရှင်းပေးမယ်။ အာဏာပိုင်တွေက ဒီအိမ်ရာတွေကို တဖက်မှာ ပြီးခဲ့တဲ့ ကျောက် မျက်ပွဲ တုန်းကလို ငှားတာ ၊ ရောင်းတာတွေ ပြန်လုပ်မှာပေါ့။ အလုံးအရင်းနဲ့ အမြတ်ပြန်ရမယ့် စီးပွားရေးပေါ့”ဟု ပုဗ္ဗသီရိ မြို့ နယ်တွင် တည်ဆောက်ရေး တာဝန်ယူထားသည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက ဆက်လက်၍“ကျောက်မျက်ပွဲ တုန်းကဆို လုံးချင်းအိမ်တလုံးကို ဒေါ်လာ ၃၀၀ နဲ့ ငှားတာ တော်တော်စီးပွားဖြစ်သွား တယ်။ နိုင်ငံခြားငွေ ရဖို့ ကျောက်မျက်ပွဲကိုလည်း အာဏာပိုင်တွေက ၃ လ တကြိမ်လုပ်မယ်။ သူတို့အတွက် တည်းခိုနိုင်မယ့် အိမ်ရာတွေ တည်ဆောက်ပြီး နိုင်ငံခြားငွေ ရအောင်လုပ်မှာပေါ့ ။ တဖက်မှာ ဟိုတယ်တွေလည်းဆောက်နေသလို ငွေသုံးနိုင်တဲ့ လူတွေအတွက် အိမ်ရာတွေကလည်း စီးပွားဖြစ်လာမယ်၊ ဒီအတွက်လည်း ရည်ရွယ်တာပေါ့”ဟု ပြောသည်။
စစ်အစိုးရသည် နောင် တက်လာမည့်အစိုးရအတွက် လွှတ်တော်အဆောက်အုံသစ်တွင် အဆောက်အအုံပေါင်း ၃၁ လုံး ဆောက်လုပ် ထားပြီး သမ္မတ နှင့် ဒု သမ္မတ နှစ်ဦး၏ သမ္မတ အိမ်တော်များကိုလည်း ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ် ထားကြောင်း၊ ယင်း လွှတ်တော် အဆောက်အအုံများကို ACE ဆောက်လုပ်ရေး ကုမ္ပဏီ အပါအ၀င် တခြား ဆောက်လုပ်ရေး ကုမ္ပဏီ၂ ခုတို့က တာဝန်ယူ ဆောက်လုပ်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ် အတွင်း ကာကွယ်ရေး ၀န်ကြီးဌာနအတွက် တနှစ် သာမန်သုံးငွေအဖြစ် ကျပ် ၂.၇ ထရီလီယံကျော်၊ ငွေလုံး ငွေ ရင်း သုံးငွေအဖြစ် ၂.၈ ထရီလီယံကျော်၊ တပ်မြို့စည်ပင်သာယာရေး အဖွဲ့များအတွက် ကျပ်၂ ဘီလီယံကျော်၊ နောက်တိုး သုံးစွဲငွေ အဖြစ် ၉၆ ဘီလီယံကျော်၊ စုစုပေါင်း ၆ ထရီလီယံ ခန့် အသုံးပြုခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။
စက်တင်ဘာလ ၇ ရက်နေ့က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သွားရောက်ခဲ့သည့် တရုတ်ပြည်ခရီးစဉ်တွင် လည်း တရုတ်အစိုးရထံမှ ယွမ် ဘီလီယံ ၃၀ (အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ)ချေးရန် သဘောတူညီခဲ့ကြသည်။

ကိုရီးယားကျွန်းဆွယ်စစ်ရေးတင်းမာမှုမြန်မာစစ်ဗိုလ်ချုပ်ကြီးများစိတ်ဝင်စား

ဧရာဝတီ Tuesday, 30 November 2010 16:46
.မြောက်ကိုရီးယားနိုင်ငံအား တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ စစ်ရေးအရ ပူးတွဲ စစ်ဆင်တိုက်ခိုက်မည်ကို မြန်မာစစ်အစိုးရ ဗိုလ်ချုပ်ကြီးများက စိုးရိမ်ပူပန်မှုရှိကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ၂၃ရက်နေ့ကတောင်ကိုရီးယားနိုင်ငံရုံပြွန်းကျွန်းသို့မြောက်ကိုရီးယားမှပစ်ခတ်လိုက်သည့် အမြှောက်ကျည်ဆံများကျရောက်ပေါက်ကွဲနေစဉ်။ထိုသို့ ပစ်ခတ်မှုကြောင့်၂ဦးသေဆုံးသွားသည်။(ဓာတ်ပုံ-GettyImages)
မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံပိုင် ရုံပြွန်းကျွန်းပေါ်သို့ နိုဝင်ဘာလ ၂၃ ရက် နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ တောင်ကိုရီးယား မရိန်းတပ်သား ၂ ဦး၊ အရပ်သား ၂ ဦး စုစုပေါင်းလေးဦးသေဆုံးသွားခဲ့သည်။ ၎င်းနောက် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့အကြား စစ်ရေး တင်းမာမှုများဖြစ်ပွားခဲ့ပြီး ပင်လယ်ဝါ ရေပြင်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ၁ ရက်နေ့အထိ အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများက မြောက်ကိုရီးယားနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြားက တင်းမာမှုအပေါ် စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က မြောက်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူ လာမည်ကို စိုးရိမ်နေကြကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအဝန်းက ဆိုသည်။
စစ်အစိုးရသည် မြောက်ကိုရီးယားနိုင်ငံနှင့် နျူကလီးယားအရေး၊ စစ်ရေးတို့နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသောကြောင့် မြောက်ကိုရီးယား နိုင်ငံအပေါ် စစ်ရေးအရ အရေးယူမည်ကို နေပြည်တော်ရှိ ဗိုလ်ချုပ်များက စိုးရိမ်နေခြင်းဖြစ်ကြောင်း စစ်ရေး လေ့လာသူများက သုံးသပ်ကြသည်။
“မြောက်ကိုရီးယားသာ အတိုက်ခံရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း မလုံခြုံတော့သလို ခံစားရမှာပဲ။ အီရတ်နဲ့ အာဖဂန် နစ္စတန် အတိုက်ခံရ ပြီးတဲ့နောက် အစိုးရမြို့တော်ကို နေပြည်တော် ရွှေ့ခဲ့တာလည်း သာဓက ရှိတယ်။ အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ကြိုးစင် တင်ခဲ့တဲ့ ဥပမာတွေကလည်း ရှိနေတော့ မြောက်ကိုရီးယားကိုတိုက်ပြီးဒီဘက်များလှည့်လာမလားဆိုတဲ့အတွေးတွေဝင်လာတာပေါ့”ဟု နေပြည်တော် အခြေစိုက် ဌာနဆိုင်ရာ အရာရှိတဦးက သုံးသပ်သည်။
စစ်အစိုးရ ခေါင်းဆောင်တဦးဖြစ်သည့် သူရဦးရွှေမန်းသည် ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီး ရာထူးနှင့် တာဝန်ထမ်းဆောင်ခဲ့စဉ် ၂၀၀၈ ခုနှစ်အတွင်းက မြောက်ကိုရီးယား နိုင်ငံသို့ လျို့ဝှက် လည်ပတ်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံပိုင်ကုန်တင်သင်္ဘောများ ကလည်း ရန်ကုန်တိုင်းအတွင်းရှိ သီလ၀ါဆိပ်ကမ်းသို့ မကြာခဏ ဆိုသလို လာရောက်လေ့ရှိကြောင်း သိရသည်။
ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား နီးကပ်သော ဆက်ဆံရေးကို စိုးရိမ်ပူပန်စွာ စောင့်ကြည့်လျက်ရှိသည်။
နိုင်ငံတကာ သတင်းမီဒီယာများတွင် မြောက်ကိုရီးယား နိုင်ငံ၏ ပစ်ခတ်မှုကြောင့် တောင်ကိုရီးယား နိုင်ငံသားများ သေဆုံးပြီး စစ်ဖြစ်လုနီးပါး အခြေအနေအထိ တင်းမာနေသော သတင်းကို ထိပ်တန်း သတင်းအဖြစ် ဖော်ပြနေသော်လည်း စစ်အစိုးရပိုင် သတင်းမီဒီယာများတွင်မူ ထိုသတင်းကို လုံးဝ ဖော်ပြခြင်းမရှိပေ။
“မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီနဲ့ မြန်မာ့အသံ၊ ကြေးမုံ၊ မြန်မာ့အလင်း၊ TheNewLightofMyanmarအဲဒီ အစိုးရပိုင် သတင်းမီဒီယာတွေ အားလုံးမှာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ စစ်ဖြစ်နိုင်လောက်တဲ့ အထိ စစ်ရေး ပြင်ဆင်မှုတွေ ရှိနေတဲ့ သတင်းတွေ တခုမှ မပါဘူး။ အားလုံးတိတ်ဆိတ်နေတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။
စစ်အစိုးရ မီဒီယာများတွင် ကိုရီးယား နှစ်နိုင်ငံ သတင်းကို ဖော်ပြခြင်း မရှိသော်လည်း ပြည်တွင်း ပုဂ္ဂလိက သတင်းဂျာနယ် များတွင်မူ အဆိုပါ သတင်း ဖော်ပြခွင့်ပြုကြောင်း သိရသည်။
“ပြည်တွင်းဂျာနယ်တွေမှာတော့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနှစ်နိုင်ငံ သတင်းကို ဖော်ပြခွင့်ပေးတယ်။ လူတွေ ကလည်း စိတ်ဝင်စားကြတယ်”ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။
၁၉၈၃ ခုနှစ်နှစ်တွင် မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် အဖွဲ့အား ရန်ကုန်မြို့အာဇာနည် ဗိမာန်တွင် မြောက်ကိုရီးယား ကွန်မန်ဒိုတို့က ဗုံးခွဲတိုက်ခိုက်ရာ သမ္မတ ချန်ဒူးဝမ် သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီး ၄ ဦး အပါအ၀င် ၂၁ ဦး သေဆုံးပြီး နောက်ပိုင်း မြန်မာနှင့် မြောက်ကိုရီးယား သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့သည်။
ရန်ကုန် အာဇာနည် ဗိမာန် ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ၂၅ နှစ်အကြာတွင် မြောက်ကိုရီးယားသည် တရားဝင် လူသိရှင်ကြား တောင်းပန်ခြင်း မရှိသော်လည်း စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက်ကြောင့် အာဏာရှင် နှစ်နိုင်ငံသည် သံတမန် ဆက်သွယ်ရေး သာမက စစ်ရေး ဆက်နွှယ်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။
၁၉၉၉ ခုနှစ်တွင် မြန်မာစစ်အစိုးရ အရာရှိများ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခြင်းဖြင့် မြန်မာနှင့် မြောက်ကိုရီးယား သံတမန် အဆက်အသွယ် ပြန်လည်အစပြုခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ တရားဝင် သံတမန် ပြန်လည် ဆက်သွယ်ရန် သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့သည်။

နေပြည်တော်တိရစ္ဆာန်ဥယျာဉ်မှကြံ့ဖြူ၂ကောင်လွတ်နေ

စည်သူ Tuesday, 30 November 2010 15:56
.နေပြည်တော်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိကြံ့ဖြူ၂ကောင်ယမန်နေ့ည၁၀ နာရီခန့်ကလှောင်အိမ်အတွင်းမှ လွတ်မြောက် သွားကြောင်း စုံစမ်း သိရှိရသည်။

                                                          နေပြည်တော်တိရစ္ဆာန်ဥယျာဉ်(ဓာတ်ပုံ-123kalyar blog)
အဆိုပါ ကြံ့ဖြူ ၂ ကောင်သည် ၎င်းတို့ကို ကာရံထားသော လျှပ်စစ်လွှတ်ထားသည့် သံဆူးကြိုးများအား ကျော်ဖြတ်၍ ထွက်ပြေး လွတ်မြောက် သွားခြင်း ဖြစ်ကြောင်း နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှ ၀န်ထမ်း တဦးကပြောသည်။
၎င်းကြံ့ဖြူများသည် အသစ်တိုးချဲ့ထားသော နေပြည်တော် တိရစ္ဆာန်ဥယျာဉ်သို့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရောက်ရှိခဲ့သည့် တိရစ္ဆာန် ၅၅ ကောင်ထဲတွင် အပါအဝင်ဖြစ်ကြောင်း သိရသည်။
လွတ်မြောက်သွားသော ကြံ့ဖြူ ၂ ကောင်သည် တောထဲသို့ ၀င်ပြေးသွားပြီး ပြန်လည် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း၊ အဆိုပါ ကြံ့ဖြူများကို အထူး ရှာဖွေဖမ်းဆီးရန် ကြိုးပမ်းနေကြောင်း နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှ ၀န်ထမ်းက ပြောသည်။
“တောထဲကို လွတ်သွားတာပါ။ လူတွေကို အန္တရာယ်မပေးနိုင်ပါဘူး” ဟု သူက ဆိုသည်။
DaySafari ဟု အမည်ပေးထားသော နေပြည်တော်ရှိ တိရစ္ဆာန်ဥယျာဉ်သည် အာဖရိကနှင့်အာရှ ရေမြေ သဘာဝပုံတူ ရှုခင်းများနှင့် အာဖရိက၊ အာရှဒေသ မျိုးစိတ် တိရစ္ဆာန်များ ထားရှိ ပြသထားသည့် အာဖရိကသဘာဝ ဥယျာဉ်တခုအဖြစ် FCGC ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အာဖရိက သဘာဝဥယျာဉ်တွင် ပြကွက် ၁၄ ကွက် ရှိပြီး ပြကွက်တိုင်းအတွက် ၀င်ပေါက်တခုစီနှင့် ပင်မ ၀င်ပေါက် တခုရှိသည်။
လက်ရှိတွင် နေပြည်တော် တိရစ္ဆာန်ဥယျာဉ်၌ တိရစ္ဆာန် မျိုးစိတ်ပေါင်း ၉၀ နှင့် အကောင်ရေ ၆၀၀ ကျော် မွေးမြူ ထားရှိကာ ၀င်ကြေး အဖြစ် လူကြီးကျပ် ၁၀၀၀ နှင့် ကလေးကျပ် ၅၀၀ သတ်မှတ်ထားပြီး နိုင်ငံခြားသားများကို အမေရိကန်
၁၀ ဒေါ်လာ သတ်မှတ်ထားသည်။

maandag 29 november 2010

ဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေးအကျဉ်းသားမိသားစုများကိုအားပေး

ရန်ပိုင် Monday, 29 November 2010 18:46
.ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင် ၇၀ ခန့် အား ယနေ့နံနက် ၁၀နာရီခွဲ ခန့်က တွေ့ဆုံ၍ အားပေး စကားပြောဆိုကြောင်း သိရသည်။
        ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များတွေ့ဆုံစဉ်(ဓာတ်ပုံ-GettyImages)
ဗဟန်းမြို့နယ် ပဏ္ဍိတာ ရာမ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ဘူးသီးတောင်ထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ကွယ်လွန်သည့် သုံးနှစ်ပြည့် နှစ်လည်ဆွမ်းကျွေး တရားနာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် တွေ့ဆုံခြင်းဖြစ်သည်ဟု ကိုဌေးကြွယ်၏ ယောက်ဖ တော်စပ်သူ ကိုဖြိုးမင်းသိန်းက ပြောသည်။
“အကျဉ်းသားတွေကျန်းမာရေးနဲ့စားဝတ်နေရေးအခြေအနေကိုမေးတယ်၊ICRCကိုအခုထက် ပိုပြီးအကူအညီပေးနိုင်အောင် ပြောမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်”ဟု ၎င်းက ဆိုသည်။
စစ်အစိုးရကနိုင်ငံရေးအကျဉ်းသားများကိုဝေးလံသည့် အကျဉ်းထောင်များသို့ ပြောင်းရွှေ့ထားသည့်အတွက် မိသားစု အနေဖြင့် သွားရောက်တွေ့ဆုံရန် ခက်ခဲကြောင်း၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC)မှ ကူညီမှသာလျှင် သွားရောက်တွေ့ဆုံနိုင်ကြောင်း၊
ICRCအနေဖြင့်လည်းယခုလက်ရှိအခြေအနေတွင်အခက်အခဲအမျိုးမျိုးကြောင့် ကူညီမှု လျော့ပါးနေကြောင်း ဒေါ်အောင်ဆန်း စု ကြည်က ပြောသည်ဟု ကိုဖြိုးမင်းသိန်းက ပြောပြသည်။
မြန်မာနိုင်ငံအတွင်းရှိ ဝေးလံသည့် ထောင်များတွင် နှစ်ရှည်ထောင်ဒဏ်များ အသီးသီးကျခံနေရသည့် ၈၈မျိုးဆက်ကျောင်းသားများ ၏ အခြေအနေကို သိရှိပါကြောင်း၊ မိသားစုအနေဖြင့်လည်း ဆက်လက်၍ ကြံ့ကြံ့ခံသွားစေလိုကြောင်း၊ ဒီမိုကရေစီအရေးကို ဆက် လက် အားပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ထို့အပြင် ကိုဌေးကြွယ် နှင့် ပတ်သက်၍လည်း ထောင်တွင်းအခြေအနေများကို လွတ်လပ်စွာ ပြောဆိုခွင့်ရစေရန် နှင့် ပြင်ပတွင် ဖြစ် ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို သိရှိစေရန် ပြောပြပေးစေလိုကြောင်းလည်း မှာကြားသည်ဟု သိရသည်။
“အထဲကလူတွေကိုနိုင်ငံရေးသတင်းမကြားရတော့နိုင်ငံရေးသားကြောပြတ်သလိုဖြစ်မှာကို စိုးရိမ်တယ်ဆိုတဲ့ သဘောကို ပြော တယ်”ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်သီသီညွန့်လည်း တက်ရောက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်၏ မိသားစုဝင်များ တွေ့ဆုံမှုသည် ယခုတကြိမ်ဆိုလျှင် နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း၊ မကြာ သေးမီက ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း အစ်ကို ဦးအောင်သန်း၏ နှစ်ပတ်လည် အခမ်းအနားတွင် ပထမအကြိမ် တွေ့ဆုံ ခဲ့ပြီးဖြစ်သည်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီတို့ အပါအ၀င် ကျောင်းသားခေါင်းဆောင် ၁၄ ဦးကို ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြ ခဲ့သည့်အတွက် ထောင်ဒဏ် ၆၅ နှစ်စီ အသီးသီးချမှတ်ခဲ့သည်။
ကိုဌေးကြွယ် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်သို့ မိသားစုဝင်များ အနေဖြင့် သွားရောက် တွေ့ဆုံရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲအပြင်၊ ရာသီဥတုလည်း ကြမ်းတမ်းကြောင်း၊ မိသားစုဝင်များ အနေဖြင့် တည်းခိုရန်ပင် ခက်ခဲကြောင်း ကိုဖြိုးမင်းသိန်းက ပြောသည်။
ကိုဌေးကြွယ်၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း ရာသီဥတုအခက်အခဲနှင့် စားသောက်ရေး အခက်အခဲကြောင့် အစာအိမ်ရောဂါရှိသည့် ကိုဌေးကြွယ်အတွက် အခက်အခဲရှိကြောင်း သိရသည်။
ထိုဆွမ်းကျွေး တရားနာပွဲသို့ အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားမိသားစုများ အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပါတီမှ ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တချို့အပြင် ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ မျိုးဆက်သစ် လူငယ်နိုင်ငံရေးသမားများ အပါအ၀င် လူ ၁၀၀၀ နီးပါး တက်ရောက်ခဲ့သည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦအုန်းကြိုင်က ဆိုသည်။
ထို့အပြင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်သည့် ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန်ညွန်ဦး ကလည်း ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ အားပေးသည့်အတွက် ၀မ်းသာကြောင်း ပြောဆိုသည်ဟု သိရသည်။

လွှတ်တော်ထဲတွင်လွတ်လပ်စွာပြောဆိုခွင့်ဗိုလ်ချုပ်မှူးကြီးပိတ်ပင်

ခင်ဦးသာ Monday,29November2010 18:58
.ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ပိတ်ပင်လိုက်ကြောင်း AP သတင်းတွင် ရေးသားထားသည်။
လာမည့် လွှတ်တော်ထဲ၌ နိုင်ငံတော်လုံခြုံရေးနှင့် တို့တာဝန်အရေးသုံးပါးအား ထိခိုက်နိုင်မည့် ပြောဆိုမှုများ၊ ၂၀၀၈ဖွဲ့စည်းပုံအား ဝေဖန်ပြောဆိုမှုများ ရှိလာပါက ထောင်ဒဏ် ၂ နှစ်ချမှတ်မည်ဟု စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
သို့ရာတွင် လွှတ်တော်အတွင်း၌ ပြောဆိုစရာ ရှိသည်ကို ပြောဆိုသွားမည်ဖြစ်ကြောင်း တိုင်းရင်းသား ပါတီ ခေါင်းဆောင် တချို့က ဆိုသည်။
“ကျနော်တို့သွားနေတဲ့လမ်းစဉ်ကိုကတို့တာဝန်အရေးသုံးပါးကို ဦးတည်သွားနေ ကြတာပဲ။ မလိုက်နာတာက သူတို့ပဲလေ။ ထောင်ချမယ် ဆိုရင်လည်း သူတို့ကိုပဲ ချရမှာပေါ့”ဟု မွန်ဒေသ လုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်း က ဧရာဝတီကို ပြောသည်။
တိုင်းရင်းသားအားလုံးသည် တိုင်းရင်းသားစည်းလုံးညွတ်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ ဒီမိုကရေစီ ရရှိရေး စသည့် မူအရ လုပ်ဆောင်နေကြကြောင်း၊ ထို့ကြောင့် ပေါ်ပေါက်လာမည့် လွှတ်တော် ထဲတွင်လည်း ထိုလမ်းစဉ်များ အတိုင်းသာ ပြောဆိုဆွေးနွေးသွားမည် ဖြစ်ကြောင်း ဆက်ပြောသည်။
“ပြောစရာရှိတာကို ပြောဆိုရမှာပဲ ကြောက်နေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”ဟုလည်း ဦးနိုင်ငွေသိန်းက ဆိုသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ထောင်ချမယ်လို့ ပြောပေမယ့် ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါတဲ့ အတိုင်းပဲ ပြောစရာရှိတာ ပြောရမှာပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပြောတာလည်းပဲ ဒါကို အခြေခံပြီးတော့ ပြောတာလို့ ထင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပါဝင်သည့် အချက်များကို သဘောတူကြောင်း လက်မှတ် ထိုးထားသည့်အတွက် ပါတီ ထောင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပါရှိသည့် ပြောဆိုနိုင်သော ဘောင်အတွင်းမှ ပြောဆို သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် ထိုသို့ပြောဆိုလိုက်ခြင်းသည် ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များက လွှတ်တော်ထဲ၌ စစ်တပ်အား ဝေဖန်ထောက်ပြမည်ကို စိုးရိမ်၍ ကြိုတင် တားမြစ်သည့်သဘော ဖြစ်နိုင်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လာမည့်အစိုးရသစ်တွင် ပါဝင်မည်မဟုတ်ဘဲ စစ်ကော်မရှင် တရပ်ဖွဲ့ကာ အစိုးရ အဖွဲ့၏ အပေါ်မှနေ၍ အာဏာကို ဆက်လက်ချုပ်ကိုင် သွားနိုင်ကြောင်း နိုင်ငံရေး လေ့လာသူ တချို့က ဆိုသည်။
မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဦးသိန်းဦးက “ဒီလို ထုတ်ပြန်လိုက်တာဟာ တက်လာမယ့် လွှတ်တော် အမတ်တွေကို ထောင်ချောက် ဆင်တာ ဖြစ်သလို၊ ခြိမ်းခြောက်လိုက်တဲ့ သဘောပါ။ ဘာမှမပြောရဲတော့အောင် ကြိုတင် တားလိုက်တာပါ။ လွှတ်တော်အမတ်တွေ အနေနဲ့လည်း ဘာမှ ပြောခွင့်ရမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
ဗိုချုပ်မှူးကြီးသန်းရွှေ၏ ထုတ်ပြန်ချက်သည် လွှတ်တော်ထဲ၌ ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြလာ မည်ကို ကြိုတင်တားမြစ်လိုသည့် အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဦးသိန်းဦးက ဆိုသည်။
ရွေးကောက်ပွဲ၌ အနိုင်ရထားသော ဒီမိုကရက်တစ်အင်အားစုထဲမှ တချို့ကမူ ၎င်းတို့အနေနှင့် ပြည်သူ ပေးထားသည့် တာဝန်ကို ယူထားရသော ကိုယ်စားလှယ်များ ဖြစ်သောကြောင့် ပြည်သူတို့၏ လိုအပ်ချက်များကို ပြောဆိုရန် အတွက်သာ လွှတ်တော် သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု လိုအပ်ချက်ကို မပြောဆိုနိုင်ပါက ပြည်သူအပေါ် သစ္စာဖောက်ရာ ရောက်မည် ဖြစ်ကြောင်း ပြောကြသည်။
“တချို့ကိစ္စတွေက ခေတ်နဲ့မညီတော့ဘူး။ ဒါကြောင့် ပြောင်းလဲသင့်တာပြောင်းရမယ်။ ဒါမှ မဟုတ်ရင်တော့ တယောက်တည်း ကျန်ခဲ့မှာ သေချာတယ်။ ကန့်သတ်တယ် ဆိုတာက နေရာတကာမှာ မလုပ်သင့်ဘူး။ ဖက်ဒရယ် စနစ်ကြောင့်လည်း တိုင်းပြည် ဘယ်တော့မှ ပြိုကွဲမှာ မဟုတ်ဘူး”ဟု နိုင်ငွေသိန်းက ဆိုသည်။
ဆက်လက်၍ ၎င်းက လက်ရှိ သွားမည့် နိုင်ငံရေးလမ်းကြောင်းသည် ဒီမိုကရေစီ လမ်းကြောင်းဟု ဆိုထားသဖြင့် တိုင်းရင်းသားများနှင့် ဒီမိုကရက်တစ် အင်အားစုများက စည်းလုံးညီညွတ်စွာ ဥပဒေ ဘောင်အတွင်းမှ ပြောဆိုသွားပါက အတိုင်းအတာ တခုထိ အောင်မြင်မှု ရလာမည်ဟု ယုံကြည်ကြောင်း ပြောသည်။
ဒေါက်တာ အေးမောင်ကလည်း “ပြည်ထောင်စုကြီးကို ဘယ်သူကမှ မပြိုကွဲစေချင်သလို၊ ပြည်တွင်းမှာ စစ်ဖြစ်နေကြတာ ကိုလည်း မလိုလားကြပါဘူး။ အချုပ်အခြာ အာဏာ မကျဆုံးစေချင်ဘူး။ တပ်မတော်ဆိုတာလည်း ပြည်ပရန်သူကို ကာကွယ်ဖို့ အရေးကြီးဆုံးပါ” ဟု ဆိုသည်။
မြန်မာနိုင်ငံကို လက်ရှိတာဝန်ယူ အုပ်ချုပ်နေသူများ၊ နိုင်ငံရေး ခေါင်းဆောင်များ အားလုံး၏ ရင်ထဲ၌ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တန်းတူအခွင့်အရေးကို အလေးထားကြမည် ဆိုပါက ပင်လုံညီလာခံ ကဲ့သို့သော ဆွေးနွေးပွဲကြီးပင် လိုအပ်မည် မထင်ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်သည် တိုင်းရင်းသား များ၏ အရေးအကြီးဆုံး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ချင်းအမျိုးသားပါတီ (CNP)၏ ဥက္ကဋ္ဌ ဦးဇိုဇမ်က “လွှတ်တော်ထဲမှာနပန်းလုံးတာမျိုးတွေဖြစ်လာမှာစိုးလို့ထုတ်တာလည်းဖြစ်နိုင်ပါတယ်။ တယောက်နဲ့တယောက် ဟိုဟာ ဒီဟာနဲ့ ပစ်ပေါက် ကြတာမျိုးတွေ ဖြစ်မလာအောင် တားတဲ့ သဘောလို့ ထင်ပါတယ်” ဟု ပြောသည်။
အင်း အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းကမူ ၎င်းတို့ပါတီသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမျိုး မြှင့်တင်ရေး၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးတို့ကိုသာ ပြောဆိုမည်ဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်၍ မပြောဟု ဆိုသည်။
တိုင်းသားပါတီများအနက် အကြီးဆုံးပါတီတခု ဖြစ်သောရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူ ပါတီ၏ တာဝန်ရှိသူကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြောဆိုရန် စောသေးသည်ဟု ဧရာဝတီကို ပြောသည်။

HIV/AIDSဝေဒနာရှင်များကိုစာပေအနုပညာရှင်များတွေ့ဆုံလှူဒါန်း

ရန်ပိုင် Monday, 29 November 2010 17:22
.ရန်ကုန်တိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) လူမှု အထောက်အကူပြု အဖွဲ့မှ စောင့်ရှောက် ထားသည့် HIV/AIDS ဝေဒနာရှင်များကို စာပေအနုပညာရှင်များ စုပေါင်း၍ လှူဒါန်းမှုတခု ယမန်နေ့ က ပြုလုပ်သည်။
နိုဝင်ဘာလ၂၂ရက်နေ့ကနာရေးကူညီမှုအသင်းဦးဆောင်သူသရုပ်ဆောင်ကျော်သူနှင့်အဆိုတော် ဟန်ထူးလွင်(ကျားပေါက်)တို့ကိုဝေဒနာရှင်များနှင့်အတူတွေ့ရစဉ်(ဓာတ်ပုံ-နာရေးကူညီမှု အသင်း)
ကဗျာဆရာ၊ တေးရေးဆရာ၊ ပန်းချီဆရာများအနေဖြင့် မိမိတို့ရရှိသည့် စာမူခ၊ ပန်းချီ သရုပ်ဖော်ခ များကို စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ငွေသား အနေဖြင့် ကျပ် နှစ်သိန်း နှစ်သောင်း ရှစ်ထောင် နှင့် မဂ္ဂဇင်း အဟောင်းများ အစားအသောက်တချို့ကို လှူဒါန်းခဲ့သည်ဟု သွားရောက်လှူဒါန်းခဲ့သည့် ကဗျာဆရာ ကြည်မောင်သန်းက ပြောသည်။
“၀င်ငွေကောင်းတဲ့လုပ်ငန်းရှင်တွေမဟုတ်သလိုကျော်ကြားတဲ့ အနုပညာရှင် တွေလည်း မဟုတ်တဲ့အတွက် တန်ဖိုး ကတော့ အရမ်း မများဘူး၊ လူသားချင်း စာနာတဲ့ အနေနဲ့ သွားလှူတာပါ”ဟု ၎င်းက ဆိုသည်။
ယခု လှူဒါန်းမှုသည် အဖွဲ့အစည်းတရပ် အနေဖြင့် လှူဒါန်းခြင်းမဟုတ်ဘဲ အားပေးရန် လိုအပ်နေသူများ ဖြစ်သည့်အတွက် တတ်နိုင် သည့်ဘက်မှ ၀င်ရောက်ကူညီခြင်းဖြစ်ကြောင်း၊ ဝေဒနာရှင်များအနေဖြင့် ၎င်းတို့အား လာရောက် အားပေးသူများ ရှိသည့်အတွက် ပျော်ရွှင်ကြောင်း၊ ထိုကြောင့် ပီတိဖြစ်ရကြောင်းလည်း ကဗျာဆရာ ကြည်မောင်သန်းက ပြောသည်။
သွားရောက်လှူဒါန်းသည့် စာပေနှင့်အနုပညာရှင်များမှာ ကဗျာဆရာ ကွန်စစ်ကောင်း၊ မင်းနွယ်စိုး၊ ကြည်မောင်သန်း၊ ငြိမ်းသစ်၊ ဟိန်းမြတ်ဇော်၊ ဝေးခေါင်၊ ပန်းချီဆရာ ဖေစိုးအောင်၊ ဥတ္တရ အလင်း စာပေမှ ကိုတိုးလွင် စသည်တို့ပါဝင်ပြီး ဝေဒနာရှင်များကို “မွန်မြတ်သော စိတ်၏ အလှတရား”၊ “ငြိမ်းချမ်းရေး၏ မိခင်”စသည့် သီချင်းများကို သီဆိုဖျော်ဖြေကြကြောင်း သိရသည်။
အဆိုပါ အနုပညာရှင်များကို NLDပါတီ ခေါင်းဆောင် တဦးဖြစ်သည့် သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်က တိုင်းပြည်ရှိ လူမှု ရေး ၊ ကျန်းမာရေး ကဏ္ဍများးတွင် ယခုကဲ့သို့ အနုပညာရှင်များပါဝင်လာမှုသည် အလွန်ကောင်းသည့် လက္ခဏာတရပ် ဖြစ် ကြောင်း၊ ဝေဒနာရှင်များနှင့် ပတ်သက်၍ စစ်အစိုးရ၏ ဖိအားပေးမှုများ ရှိနေချိန်တွင် ယခုကဲ့သို့ လာရောက်အားပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုသည်ဟု NLD လူငယ် အဖွဲ့ဝင်ကိုရာဇာက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်က ယင်းလူနာစောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်လည်ပတ်ပြီးခဲ့သည့် နောက် အာဏာပိုင်များက ၎င်းဂေဟာတွင် နေထိုင်သည့် လူနာများကို အစိုးရ ဖွင့်လှစ်ထားသည့် အထူးကုဆေးရုံများသို့ ပြောင်း ရွှေ့ရန် သတင်းစာများမှတဆင့် အတိအလင်း တိုက်တွန်းရေးသားခဲ့သည်။
ရုပ်ရှင်မင်းသား ကိုကျော်သူ ဦးဆောင်သည့် နာရေးကူညီမှု အသင်းဝင်များ၊ အဆိုတော်များဖြစ်သည့် အနဂ္ဂ၊ ကျားပေါက်၊ သံသာ ဝင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး နှင့် စာရေးဆရာမ သန်းမြင့်အောင်တို့ကလည်း တောင်ဒဂုံ ဂေဟာရှိ ဝေဒနာရှင်များအတွက် ဒံပေါက်၊ ရေခဲမုန့်၊ နာရေးကူညီမှု တံဆိပ်ပါ တီရှပ်များ၊ အဝတ်အထည်များ၊ ငွေ နှင့် ဘုရား ဆင်းတုတော်တဆူ ကို သွားရောက် လှူဒါန်းခဲ့သေးသည်။

ဒုက္ခသည်၁၀၀၀ခန့်ထိုင်းဘက်ထပ်မံရောက်ရှိ

သန်းထိုက်ဦး Monday, 29 November 2010 16:23
.ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံရွာသား ၁၀၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ် ခရိုင်၊ မဲဆောက်မြို့နယ် အတွင်းရှိမယ့် ဘုန်းကြီးကျောင်း တကျောင်းသို့ တိမ်းရှောင် ရောက်ရှိလာကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမြ၀တီမြို့နယ်အတွင်းမှထိုင်းနိုင်ငံမဲဆောက်မြို့နယ်ဘက်သို့ထပ်မံတိမ်းရှောင်လာသော ဒုက္ခသည်များ(ဓာတ်ပုံ-ဧရာဝတီ)
ပြီးခဲ့သော တပတ် သောကြာနေ့မှ စတင်၍ DKBAတပ်ဖွဲ့နှင့် စစ်အစိုးရ တပ်ရင်းများ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ သောကြောင့် ဒေသခံများက ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လာခြင်း ဖြစ်သည်။
နှစ်ဘက် တိုက်ပွဲများနှင့် ပတ်သက်၍ တပ်ရင်းအမည်များကို ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။ သို့သော် ၎င်း ဒေသတွင် DKBAတပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး(စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့နှင့်စစ်အစိုးရ၏စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)၈လက်အောက်ခံတပ်ရင်းများ လှုပ်ရှားနေကြောင်း သိရသည်။
ယခုအခါ စစ်အစိုးရက မြ၀တီမြို့နယ် ဖလူး ဒေသအတွင်း နယ်မြေ စိုးမိုးရေး အတွက် စစ်ဆင်ရေး ပြုလုပ်နေကြောင်း ဒေသခံ များနှင့် နီးစပ်သူ တဦးကဆိုသည်။
ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လာသူများသည် ဖလူးကြီးနှင့် ဖလူးငယ် ကျေးရွာဒေသခံအများစု ဖြစ်ကြောင်း ရွာသားများ ကို ယနေ့ နံနက် သွားရောက်တွေ့ဆုံခဲ့သူ နော်အိုင်းရစ်က ဧရာဝတီသို့ ပြောသည်။
နော်အိုင်းရစ်သည် ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း ကရင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့ တဖွဲ့ဖြစ်သည့်CommitteeforInternallyDisplacedKarenPeople(CIDKP)မှမဲဆောက် တာဝန်ခံဖြစ်သည်။
ထို့အပြင် ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နှင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC)အပါအ၀င်ကျန်းမာရေးနှင့်ဆိုင်သောအဖွဲ့အစည်းတချို့ယနေ့နံနက်ကသွားရောက် တွေ့ဆုံခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုင်း အစိုးရအနေဖြင့် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ကရင်ဒုက္ခသည်များကို နယ်စပ် ဖြတ်ကျော်ခွင့် ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်း လေ့ရှိသည်။
“နေရပ်ပြန်ဖို့ ကိစ္စကတော့ ကျမ မကြားသေးဘူး၊ သူတို့ မသိမ်းရသေးတဲ့ စပါးတွေကတော့ အများကြီး၊ နောက် ပြောင်းတွေ လည်း မပြီးသေးဘူး၊ ပဲတွေရော သူတို့ စားဝတ်နေရေးအတွက် လုပ်ထားတဲ့ဟာတွေတော့ ဒီအတိုင်းပဲ ထားထားရတယ်”ဟု နော်အိုင်းရစ်က ဆက်လက် ပြောဆိုသည်။
နိုဝင်ဘာလဆန်းပိုင်းတွင်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသတွင် စစ်အစိုးရတပ်နှင့် DKBA တပ်ဖွဲ့ဝင် များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသား ၄၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။

မြန်မာနိုင်ငံမြ၀တီမြို့နယ်အတွင်းမှထိုင်းနိုင်ငံမဲဆောက်မြို့နယ်ဘက်သို့ထပ်မံတိမ်းရှောင်လာသော ဒုက္ခသည်များ(ဓာတ်ပုံ-ဧရာဝတီ)
နောက်ဆုံး သတင်းများ အရ ဝေါ်လေဒေသသို့ ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှုများ မရှိသော်လည်း စစ်အစိုးရက လက်နက် ကြီး တပ်များကို အင်အား တိုးချဲ့ပို့ဆောင် ထားကြောင်း ဖလူးဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ပြီး နောက်ပိုင်း ကရင်ပြည်နယ် အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ခြင်း ဖြစ်သည်။

ကုလကိုယ်စားလှယ်၏သတင်းစာရှင်းလင်းပွဲပြည်တွင်းမီဒီယာများတက်ခွင့်မရ

ဧရာဝတီ Monday, 29 November 2010 13:25
.ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ မြန်မာနိုင်ငံမှ မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာများကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ၂၈ရက်နေ့ညနေကကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏အကြံပေးပုဂ္ဂိုလ်မစ္စတာဗီဂျေ နမ်ဘီယာမြန်မာနိုင်ငံမှမထွက်ခွာမီရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်မြန်မာပြည်အခြေစိုက် နိုင်ငံခြား သတင်းထောက်များနှင့်သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်(ဓာတ်ပုံ-AP)
နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ပြည်တွင်း သတင်းသမား ၂၀ ခန့်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လုံခြုံရေးအဖွဲ့ဝင်များက သတင်းယူခွင့် မပေးခဲ့ကြောင်း၊ မြန်မာပြည် အခြေစိုက် နိုင်ငံခြား သတင်းထောက်များ အသင်းဝင် သတင်းထောက် များကိုသာ သတင်းယူခွင့် ပေးခဲ့ကြောင်း၊ ပြည်တွင်း သတင်းသမားများက တရားဝင် သတင်းထောက် အသိအမှတ်ပြု ကတ် ပြသပြီး သတင်းယူခွင့်ပြုရန် မေတ္တာ ရပ်ခံခဲ့သော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက အထက်အမိန့် ညွှန်ကြားချက်မရှိလျှင် ခွင့်မပြုနိုင်ဟု ပြောဆိုငြင်းပယ် ခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့သည့် သတင်းထောက်များက ပြောသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် စာပေစိစစ်ရေးက ပြည်တွင်း သတင်းဂျာနယ် တိုက်များထံ ဖုန်းဆက်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ရှိသည့်အတွက် အချိန်နှင့် နေရာကို ထပ်မံ အကြောင်း ကြားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
“သတင်းသမား တွေကလည်း ကုလသမဂ္ဂ ကိုယ်စားလှယ် သတင်းစာရှင်းပွဲဆိုတော့ စိတ်ဝင်စားတာပေါ့။ အားလုံးက တက်ခွင့်ရဖို့ မျှော်လင့်နေကြတာ” ဟု ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။
စာပေစိစစ်ရေးက သတင်းစာရှင်းလင်းပွဲ ကျင်းပမည့် နေရာနှင့် အချိန်ကို ထပ်မံ အကြောင်းကြားခြင်း မရှိသည့်အတွက် သတင်းသမားများက စုံစမ်းကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့် ရန်ကုန်လေဆိပ်ကို အရောက်သွားကြကြောင်း၊ သို့ရာတွင် လေဆိပ်လုံခြုံရေး တပ်ဖွဲ့များ၏ တားဆီးမှုကြောင့် သတင်းရယူခွင့် ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။
“လုံခြုံရေးဆိုတာက အကြောင်းပြတာပါ။ သတင်းထောက် ကတ်ပြား ပြနိုင်တယ်ဆိုရင် ၀င်ခွင့် ပေးရမှာပေါ့။ နိုင်ငံခြား သတင်းထောက်တွေ ကျတော့ ၀င်ခွင့်ပေးတယ်။ ပြည်တွင်းဂျာနယ် သတင်းထောက် ကျတော့ ၀င်ခွင့် မပေးဘူးဆိုတာ သက်သက် ညစ်တာ” ဟု အမှုဆောင် အယ်ဒီတာ တဦးက ပြောသည်။
လေဆိပ် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းယူခွင့်မပြုခဲ့သော သတင်းဂျာနယ်များထဲတွင် Myanmar Times၊7DayNews၊Venus၊TheVoice၊TrueNews၊WeeklyElevenတို့ အပါအ၀င် သတင်းဂျာ နယ် အများစု ပါဝင်ကြောင်း သိရသည်။
စစ်အစိုးရ ဗိုလ်ချုပ်များကိုယ်တိုင်က ပြည်တွင်း သတင်းမီဒီယာများအပေါ် အမြင်မကြည်လင် ခြင်းကြောင့် သတင်းသမားများ သတင်း ရယူရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်ဟု သတင်းထောက်များက ဆိုသည်။
“သတင်းယူတဲ့နေရာမှာ စစ်တပ်၊ ရဲ နဲ့ အာဏာပိုင်တွေက ခွင့်မပြုတော့ သတင်း လိုက်ဖို့ ခက်တယ်။ သတင်း ရလာ ပြန်ရင်လည်း စာပေစိစစ်ရေးက ဖြတ်တယ်။ ပြည်တွင်း သတင်းသမားတွေ ခက်ခက်ခဲခဲ ကျပ်ကျပ်တည်းတည်းကို
လှုပ်ရှား နေရတာပါ။ ကြံ့ဖွံ့အစိုးရသာ တက်လာရင်ဒီထက်ဆိုးလာနိုင်တယ်”ဟု ရန်ကုန် အခြေစိုက်သတင်း ထောက်တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပြီးနောက် ၎င်း၏ သတင်းနှင့် ဓာတ်ပုံကို အချပ်ပိုများတွင် ပုံကြီးချဲ့ ဖော်ပြသည်ဟု ဆိုကာ သတင်းဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ခေတ္တ ပိတ်ပင်ခြင်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။
မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်း ဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီတို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။

zaterdag 27 november 2010

ဦးခင်ညွှန့်ဗီဒီယိုဖိုင်အပေါ်အမျိုးမျိုးဝေဖန်သုံးသပ်

ဧရာဝတီ Saturday, 27 November 2010 19:19
.နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ကို ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက လာရောက်တွေ့ဆုံပြီး ခေါ်ထုတ်သွားသည့် ဗီဒီယိုကလစ်သည် အင်တာနက်တွင် ပျံ့နှံ့နေပြီး မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများ အနေဖြင့် အမျိုးမျိုး သုံးသပ်လျက်ရှိကြောင်း သိရှိရသည်။
၁၉၉၄ခုနှစ်စက်တင်ဘာလ၂၀ရက်နေ့တွင်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ဆွေးနွေးပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ထိုစဉ်ကဗိုလ်ချုပ်ကြီးခင်ညွန့်တို့ပထမဆုံးအကြိမ် တွေ့ဆုံကြစဉ်။
ရဲချုပ် ခင်ရီ ဦးဆောင်သည့် ရဲအရာရှိများနှင့် ဦးခင်ညွန့်တို့ တွေ့ဆုံဆွေးနွေးသည့် ဗီဒီယိုဖိုင်သည် ၁၆ မိနစ်ကျော် ရှည်လျားသော်လည်း အသံဖိုင် ပါဝင်ခြင်း မရှိပေ။ အဆိုပါ ဗီဒီယိုဖိုင်သည် လူမှုကွန်ယက် ဝက်ဘ်ဆိုက် တခုဖြစ်သည့် Facebook တွင် ယမန်နေ့ ညနေမှစ၍ ပျံ့နှံ့နေခြင်းဖြစ်သည်။
ဦးခင်ညွန့်သည် ယခုအချိန်တွင် အသက် ၇၀ ကျော်ရှိပြီး စစ်အစိုးရလက်ထက်တွင် ပထမဆုံးသော နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ ထိပ်သီးပိုင်း ရာထူးများအတွင်း အာဏာပြိုင်ဆိုင်မှုများကြောင့် ၂၀၀၄ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခံရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။
စစ်ထောက်လှမ်းရေးဟောင်းဦးခင်ညွန့်ကိုနေပြည်တော်သို့ခေါ်ယူပြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးစေမည်ဟု ယခုနှစ်အတွင်း ကောလာဟလသတင်းများ ထွက်ပေါ်ဖူးသည်။
ရဲချုပ်ခင်ရီက ဦးခင်ညွန့်ကို အလေးပြုနေဆဲဖြစ်ကြောင်း ဗီဒီယိုဖိုင်တွင် တွေ့ရသည်။ ဦးခင်ညွန့်က ၎င်း၏ အိမ်ရှေ့တံခါးကို ကိုယ်တိုင်ဖွင့်ပေးခဲ့ပြီး ရဲချုပ်နှင့် မိနစ်အနည်းငယ်ခန့် ဆွေးနွေးကြသည်။ ရဲချုပ် ခင်ရီက ဦးခင်ညွန့်နှင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေတို့ကို တစုံတခု ရှင်းပြပြောဆိုပြီးနောက် ၎င်းတို့ ဇနီးမောင်နှံက မြေးဖြစ်သူများကို နှုတ်ဆက်ကြောင်း တွေ့ရသည်။
ဦးခင်ညွန့်နှင့် ဇနီးဖြစ်သူကို နေရာမှန်းဆ၍ မရသော နေရာတနေရာသို့ ခေါ်ဆောင်သွားပြီး ဦးခင်ညွန့်က ရဲချုပ်ခင်ရီနှင့် အဖွဲ့ကို တစုံတရာ ပြောဆိုနေကြောင်း တွေ့ရသည်။ နောက်ခံအနေအထားအရ ဦးခင်ညွန့်၏ နဂိုမူလ နေထိုင်သည့်အိမ် မဟုတ်ကြောင်း ခန့်မှန်းရသည်။
စစ်တပ်အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတဦးက “ဒါက ထူးဆန်းနေပါတယ်။ ဘာလို့လဲဆိုတော့ ရာထူးက ဖယ်ရှားခံထားရတဲ့ သူတယောက်ကို လက်ရှိတာဝန်ထမ်းဆောင်နေဆဲ အရာရှိက ဘယ်တော့မှ အလေးပြုလေ့မရှိဘူး” ဟု ဆိုသည်။
အမေရိကန်နိုင်ငံတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က “အရာရှိကြီးတွေနဲ့ လျှို့ဝှက်ဆွေးနွေးဖို့ ဦးခင်ညွန့်ကို သိပ်မကြာသေးခင်ကပဲ တပ်မတော် ဧည့်ဂေဟာကို ခေါ်သွားဟန်တူပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။
ယခုကဲ့သို့ ဗီဒီယိုဖိုင် ပျံ့နှံ့နေရခြင်း အကြောင်းအရင်းကို မည်သူကမှ အတိအကျ မသိရှိဘဲ မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်မှုရှိနိုင်ကြောင်း ပြောဆိုမှုများလည်း ပေါ်ထွက်လာသည်။
စစ်တပ် အသိုင်းအဝိုင်းကမူ နိုဝင်ဘာလ ၇ ရက်ရွေးကောက်ပွဲ နေ့ကတည်းကပင် ဦးခင်ညွန့်ကို လွှတ်ပေးခဲ့သည် ဟုလည်း ပြောဆိုကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။
ဦးခင်ညွန့်ကိုစတင်ထိန်းသိမ်းခဲ့ချိန်မှစ၍အပြင်သို့၎ကြိမ်ထွက်ခဲ့ကြောင်း၊ နောက်ဆုံးအကြိမ် အပြင်ထွက်မှုမှာ ဝန်ကြီးဟောင်းတဦးဖြစ်သူဗိုလ်မှူးချုပ်တင့်ဆွေဇနီး၏ ဈာပနသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်သည် တချိန်က အာဏာအရှိဆုံး ပုဂ္ဂိုလ်တဦး ဖြစ်ခဲ့ပြီး ၁၉၉၀ နှစ်များ၌ “ဝ” သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့နှင့် အပစ်အခတ်ရပ်စဲရေး ကိစ္စများတွင် အဓိက ကျသူတဦး ဖြစ်ခဲ့သည်။
ဦးခင်ညွန့်နှင့် ၎င်း၏ စစ်ထောက်လှမ်းရေးအဖွဲ့များ ဖယ်ရှားခံရပြီးနောက် ယခုလက်ရှိအခြေအနေတွင် စစ်အစိုးရနှင့် တိုင်းရင်းသား အပစ်ရပ် အဖွဲ့များအကြား ဆက်ဆံရေး အကြီးအကျယ်တင်းမာနေကြောင်း တွေ့ရှိရသည်။
ဦးခင်ညွန့်သည်နိုင်ငံတကာနှင့်ဆက်ဆံရေး၌ထိုးဖောက်နိုင်သည့်ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခံရခဲ့ပြီး စင်္ကာပူဝန်ကြီးချုပ်ဟောင်းလီကွမ်ယုကလည်းဦးခင်ညွန့်ကိုမြန်မာစစ်အစိုးရအရာရှိများအနက် အထက်မြက်ဆုံးဟု ချီးမွမ်းခဲ့ဖူးသည်။
ဦးခင်ညွန့်၏ဇနီးဒေါက်တာဒေါ်ခင်ဝင်းရွှေ၏အကိုတော်စပ်သူဒေါက်တာသန်းငြိမ်းကယခုပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်၍မည်သို့မျှနားမလည်ကြောင်း၊ဦးခင်ညွန့်၏မိသားစုနှင့်လည်း အဆက်အသွယ်မရှိသဖြင့် ယခု ဖြစ်ပျက်နေသည့် ကိစ္စများကို မသိရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးခင်ညွန့်အာဏာရှိနေစဉ်မှ၂၀၀၈ အကုန်ပိုင်းအထိဒေါက်တာသန်းငြိမ်းသည်နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းကျ ခံနေခဲ့ရပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အမျိုးသားဒီမိုကရေစီအင်အားစု(NDF)၏ လက်ရှိ ဥက္ကဋ္ဌ ဖြစ်သည်။
နိုင်ငံရေးအကဲခတ်များက ယခုတကြိမ် ဦးခင်ညွန့်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ညှိနှိုင်းရေးတွင်သာ အသုံးချရုံမကဘဲ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရာတွင်ပါ အသုံးချမည်ဟု ခန့်မှန်း ပြောဆိုကြသည်။
ဦးခင်ညွန့်သည်၂၀၀၃ခုနှစ်တွင်နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပါတီစုံဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ဟုဆိုကာ လမ်းပြမြေပုံ ၇ ချက်ကို ချမှတ်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က “ဦးခင်ညွန့်ထောင်ချခဲ့တဲ့သူတွေမနည်းပါဘူး။တချို့ဆိုရင်၁၉၈၉လောက်ကတည်းကအခုချိန်ထိ ထောင်ထဲမှာ ရှိနေကြတုန်းပဲ။ ဒါပေမယ့် အခုလိုမျိုး ဝမ်းနည်းစရာကိစ္စကိုတော့ ကျနော်တို့လည်း မမြင်ချင်ပါဘူး၊ သူ့ကိုမှ မဟုတ်ဘူး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း အခုလိုမျိုး အခြေအနေမျိုးမှာ မတွေ့မြင်ချင်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဦးခင်ညွန့်ကိုအဂတိလိုက်စားမှုများဖြင့်၂၀၀၄ ခုနှစ်တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ စစ်အစိုးရက ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့သော်လည်း နေအိမ်အကျယ်ချုပ်အဖြစ်သာ ချုပ်နှောင်ထားခဲ့သည်။

ကုလသမဂ္ဂကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့

ဧရာဝတီ Saturday, 27 November 2010 15:46
.ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် တွေ့ဆုံသည်။
ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ယနေ့လာရောက်တွေ့ဆုံသောကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာ။(ဓာတ်ပုံ-အေပီ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အခုလို တွေ့ဆုံတာဟာ မြန်မာ့နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ပါတယ်။ ကုလသမဂ္ဂဟာ သူ့ရဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ အကန့်အသတ်ရှိနေပေမယ့် သူရဲ့ အခန်းကဏ္ဍကိုတော့ ကျနော်တို့ လေးစားပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် သံတမန်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို လက်ခံတွေ့ဆုံခဲ့သည်။
သံတမန်အသိုင်းအဝိုင်း၏ အဆိုအရ မစ္စတာ နမ်ဘီယာသည် မြန်မာ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)အထွေထွေ အတွင်းရေးမှူးတို့နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။
မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်း ဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီတို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။
မစ္စတာ ဂန်ဘာရီထံမှာ တာဝန်ကို လွှဲယူပြီးနောက် ယခု မြန်မာပြည်ခရီးစဉ်သည် မစ္စတာ နမ်ဘီယာ၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ မစ္စတာ ဂန်ဘာရီသည် မြန်မာပြည်သို့ ၂၀၀၉ ခုနှစ် ဇွန်လတွင် နောက်ဆုံးအကြိမ်အဖြစ် လာရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖြေများ

မိုးမခ အင်တာဗျူး
နိုဝင်ဘာ ၂၆၊ ၂၀၁၀
ယနေ့ညနေမှာ မိုးမခက အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ္တခဏ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ မိုးမခက လက်ခံရရှိထားတဲ့ ပြည်တွင်း ပြည်ပက မြန်မာများရဲ့ မေးမြန်းချက်တွေ၊ သဘောထားတွေကို တင်ပြပြီး ဒေါ်စုရဲ့ တုန့်ပြန်ချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ပထမဦးဆုံး မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်။ အားတက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ အမျိုးသားရေးလုပ်ငန်းတွေ အစီအစဉ်တွေကို အားလုံးက အဆင်ပြေ ချောမွေ့ အောင်မြင်စေဖို့ ဆုမွန်ကောင်းတွေ တောင်းနေကြတယ်၊ မေတ္တာပို့နေကြတယ်၊ ထောက်ခံ အားပေးလျက် ရှိတယ် ဆိုတဲ့ အကြောင်းကို အရင်ဆုံး တင်ပြလိုပါတယ်။
ကျေးဇူးတင်ပါတယ်။ ကျမတို့ အခုလို ကြားသိရတဲ့အတွက်လည်း ၀မ်းသာပါတယ်။
နောက်တခုကတော့ ပြည်ပမှာ မြန်မာအမျိုးသားတွေကလည်း လူမှုရေးကွန်ယက်တွေအဖြစ် တယောက်တလက် ကိုယ်ထူကိုယ်ထ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတာတွေ ရှိတယ်။ ပြည်တွင်းက လူမှုရေးစွမ်းဆောင်သူတွေကို အားပေး ဂုဏ်ပြုကြတာတွေ လုပ်နေကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုတွေ စသည်ဖြင့် အဲသည်အတွက်ကို ဘာများ ပြောလိုပါသလဲ။
ကျမဒီအကြောင်းကိုကြားရသိရပါတယ်။ဝမ်းသာပါတယ်။ဒါမျိုးတွေကိုဆက်ပြီးတော့လုပ်သွားကြပါ။ သားတို့အနေနဲ့ ညီညီညွတ်ညွတ်လုပ်ကြရမယ်နော်။အပြင်ကအဖွဲ့တွေက အကွဲကွဲအပြားပြားဖြစ်နေတယ်လို့ ခဏခဏ အပြောခံရတာ မကောင်းဘူးနော်။ တခါတလေမှာ နိုင်ငံရေးအရ နဲနဲ ကွဲပြားနေကြတာတွေကို လူမှုရေးလုပ်ငန်းတွေ အတူတူလုပ်ရင်းနဲ့ ရင်ကြားစေ့ကြလို့ ရှိရင် အခြေအနေတွေ ကောင်းလာလိမ့်မယ် လို့ ထင်ပါတယ်။
ဟုတ်ကဲ့ပါ။ ပြည်ပက မြန်မာအမျိုးသားတွေ၊ တိုင်းရင်းသားတွေက မြန်မာပြည်ပြင်ပမှာ၊ နယ်စပ်ဒေသတွေမှာ ရွှေ့ပြောင်းနေထိုင်ကြနေကြရတယ်။ အခုဆိုရင် နှစ်ပေါင်း ၂၀ လောက် ရှိပြီ။ သို့သော် တိုင်းပြည်ရဲ့ အမျိုးသားရေးနဲ့ ပတ်သက်ရင်တော့ အမြဲတန်း စိတ်ဝင်တစား၊ တက်တက်ကြွကြွနဲ့ ရောက်ရာ ကျရာနေရာတွေကနေ လှုပ်ရှားမှုတွေ၊ တောင်းဆိုမှုတွေ၊ ရပ်တည်မှုတွေကို နှုတ်ပိတ်ခံထားရတဲ့ ပြည်တွင်းက ပြည်သူတွေကိုယ်စား ဆောင်ရွက်နေကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ၂၀၀၈ အခြေခံဥပဒေတို့၊ ၂၀၁၀ ရွေးကောက်ပွဲတွေကို လက်မခံဘူး၊ ကန့်ကွက် ဆန့်ကျင်ခဲ့ကြတယ်။ အဲသည်အတွက်ကို ဘာပြောချင်ပါသလဲ။
အခုလိုမျိုး လုပ်ကိုင် ဆောင်ရွက်တာတွေဟာ ခုချိန်မှာ အရေးကြီးတယ် လို့ ပြောချင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ လက်တွဲလုပ်ကြဖို့ကိုလည်း မမေ့ကြစေချင်ဘူးနော်။ အခုချိန်ဟာ တကယ်တော့ ကျမတို့အတွက် အလွန်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ အခုချိန်မှာ အားလုံးက စုပေါင်းအင်အားနဲ့ လှုပ်ရှားရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကို သားတို့က သိမှာပါ။
အခုအချိန်မှာ အဖွဲ့ချုပ်အနေနဲ့ ပြည်တွင်းမှာ အရင်တုန်းကနဲ့ မတူတဲ့ ထောက်ခံမှုတွေ ရနေတယ်။ ဒါပေမယ့် တချိန်တည်းမှာလည်း အဖွဲ့ချူပ်ကို မှတ်ပုံတင်ထားတဲ့ အဖွဲ့ချူပ်မဟုတ်ဘူးဆိုတာမျိုး ဖြစ်အောင်လို့ လုပ်နေတာတွေလည်း ရှိနေတဲ့ အချိန်လည်း ဖြစ်နေတော့။ ဒါတွေက အများကြီး လုပ်ရမယ့် အချိန်ပဲ။
ဟုတ်ကဲ့ပါ။ ကျနော်တို့ ကြားသိ တွေ့မြင်ရသလောက်ကတော့ မြန်မာပြည်သူတွေ အားလုံးလိုလိုက အင်န်အယ်ဒီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဟာ နိုင်ငံရေးပါတီတခုအနေနဲ့တင်သာမကဘူး၊ မြန်မာပြည်သားတွေရဲ့ လူမှုအဖွဲ့အစည်း၊ နိုင်ငံပြု အဖွဲ့အစည်းလို မှတ်ယူထားပြီးသား ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ နိုင်ငံတကာဖက်ကအနေနဲ့ကော ဘယ်လိုမျိုး မြင်ချင် တွေ့ချင်တာ ရှိပါသလဲ။
ဟုတ်ကဲ့။ နောက်တခုကလည်းလေ ဥပဒေကြောင်းအရ တတ်နိုင်သမျှ ၀န်းရံပြီးတော့ ပြောပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့ချူပ်ကို မှတ်ပုံတင်ထားတာကို ဖျက်မယ်ဆိုတာဟာ ဥပဒေနဲ့ မညီဘူး။ ကျမတို့ ရှေ့နေတွေနဲ့ သေသေချာချာ တင်ထားတယ်။ ဥပဒေကြောင်းအရသာ ဖြစ်ရမယ်ဆိုရင်တော့ အဖွဲ့ချူပ်ကို မှတ်ပုံတင် ရုပ်သိမ်းလို့ မရဘူး။ အဲဒါကို ကမ္ဘာတလွှားက ပညာရှင်တွေကနေပြီးတော့ ဒီဟာကို ထောက်ပြပြီးတော့ ဥပဒေအမြင်ကနေပြီးတော့ ထောက်ခံပေးတာကိုလည်း လုပ်ပေးစေချင်တယ်။ သားတို့လည်း လုပ်ပေးစေချင်တယ်။
ဟုတ်ကဲ့ပါ။ မြန်မာပြည်တွင်းက ဒေါ်စုတို့လို နိုင်ငံရေးခေါင်းဆောင်တွေ၊ အမျိုးသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအင်အားစုတွေရဲ့ ဆောင်ရွက်မှုတွေ၊ ချမှတ်ဖော်ဆောင်မှုတွေကိုလည်း အားလုံးက နားစွင့်ပြီး၊ စောင့်ပြီး နားထောင်ပြီး လိုက်ပါဆောင်ရွက်နေကြတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောနေကြပါတယ် ခင်ဗျာ။
ကျေးဇူးတင်ပါတယ် သားရယ်။
နောက်တချက်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး အလုပ်တွေ၊ လှုပ်ရှားမှုတွေမှာ အင်န်အယ်ဒီပါတီဘက်က ရပ်တည်ပေးနေကြတဲ့ ပြည်သူလူထုတွေ ရှိတယ်၊ တိုင်းရင်းသားတွေ နိုင်ငံရေး အစုအဖွဲ့တွေ ရှိနေတယ်။ ဒ့ါအပြင် တဖက်ကကြည့်ရင်လည်း တပ်မတော်တို့၊ မကြာခင်မှာ ပေါ်ထွန်းလာနိုင်တဲ့ လွှတ်တော်တို့ အခြားနိုင်ငံရေးအင်အားစုတွေနဲ့ကော ဘယ်လိုမျိုး လက်တွဲပြီး လုပ်သွားမယ်ဆိုပြီး မျှော်လင့်ထားသလဲဆိုတာကိုလည်း သိချင်ကြပါတယ်။
အန်တီတို့က ကြိုးစားနေတာပဲ။ အခုဆိုရင်လည်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီ ၁ ခု ၂ ခု နဲ့၊ တသီးပုဂ္ဂလတွေနဲ့လည်း တွေ့ပြီးပါပြီ။ အများကောင်းကျိုးကို တတ်နိုင်သမျှ လက်တွဲပြီး လုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက် ရခဲ့ပါတယ်။ ဒီထက်ပိုပြီး ထပ် ထပ် ပြီးတော့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ ဖြစ်အောင်လို့ ကြိုးစားသွားမှာပါ။ အဲသည်တော့ သားတို့တွေ အနေနဲ့ကလည်း သည်လိုကြိုးစားမှုတွေကို ထောက်ခံမယ် ပံ့ပိုးမယ်လို့ ဆိုတာကို ယုံကြည်ထားပြီးသားပါ။
အဲသည်မှာ မေးခွန်းတခုကတော့လေ …ဒီမိုကရေစီရေး လှုပ်ရှားမှုတွေထဲမှာ အင်န်အယ်ဒီရဲ့ ရပ်တည်မှုတွေထဲက အခြေခံအချက်တခုဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမယ်၊ ဒီမိုကရေစီရေးကို အခြေခံတဲ့ အာမခံတဲ့ အခြေခံဥပဒေတရပ် ပေါ်ထွန်းလာရေးကို ထောက်ခံပြီး ဦးတည်ပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ရည်မှန်းကြတယ်။ ဒီလိုမျိုး ဆောင်ရွက်နိုင်အောင်လို့ အခြားအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေကို အားလုံးက ဘယ်လို စည်းရုံးကြမယ်လို့ မျှော်လင့်ပါသလဲ ခင်ဗျာ။
ဒါကတော့ ရွေးကောက်ပွဲဝင်ပြီးတဲ့သူတွေလည်း တော်တော် အခြေအနေတွေကို သိလာကြပါပြီ။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် အစတုန်းကတော့PoliticalSpaceရဖို့လုပ်ခဲ့ကြတာ လို့ ဆိုတယ်။ တကယ်တန်းကျတော့ PoliticalSpaceရှိရဲ့လား၊ မရှိဘူးလား ဆိုတာကို လက်တွေ့ကျကျ သုံးသပ်ကြဖို့ လိုတယ်ဆိုတာကိုတော့ သားတို့က ထောက်ပြကြရလိမ့်မယ် ထင်တယ်။
အဲဒါကတော့ ဆောင်ရွက်ကြရတဲ့နေရာမှလည်းပဲ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေပေါ်မှာ မူတည်ပါတယ်။ ဒီကိစ္စတွေက ဘာနဲ့ စရမှာလဲ ဆိုတော့ နှစ်ဦး နှစ်ဖက် တွေ့ဆုံဆွေးနွေးတာနဲ့ စရမယ်။ အခုသုံးနေကြတဲ့ စကားကတော့ Exchange ပေါ့။ Engagement ပေါ့။Exchangeရှိရမယ်။Engagementရှိရမယ်။ Exchange ofIdeasရှိရမယ်။အပြန်အလှန်ဆွေးနွေးကြပြီးတော့မှကိုယ်ကနေပြီးတော့ဘယ်လိုပုံစံနဲ့ပြောရင် သူတို့နားလည်သဘောပေါက်မယ် ဆိုတာ အဲလိုဆုံးဖြတ်ရမှာပေါ့။
အဖွဲ့ချုပ်ကို လက်ရှိစစ်အစိုးရနဲ့ အခြားနိုင်ငံရေးအင်အားစုတွေက အနှောက်အယှက်ပေးတယ်။ မတရားမှုတွေ လုပ်လာတာမျိုးတွေ ရှိလာရင်၊ ဖြစ်လာရင် ပြည်သူလူထုအားလုံး ပါဝင်နိုင်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ဘယ်လိုမျိုး ၀ိုင်းဝန်းပြီး လုပ်ကြရင် ကောင်းမှာလဲ ဆိုတာ ဘယ်လိုပြောချင်ပါသလဲ ခင်ဗျာ။
ပထမဦးဆုံးအဓိကအချက်ကတော့ Awarenessပိုပြီးရှိလာအောင် လုပ်ကြဖို့ ဖြစ်တယ် လို့ ပြောချင်ပါတယ်။ နိုင်ငံတကာအဆင့်နဲ့ကို Awarenessရှိလာအောင်လို့၊ ရှိနေအောင်လို၊့ အခြေအနေကို အများကနေပြီးတော့ ပိုပြီး သိလာအောင်လို့၊ ထောက်ခံလာအောင်လို့ လုပ်ကြတဲ့နေရာမှာ အပြင်က လုပ်ပေးနိုင်တာက အထဲမှာ အန်တီတို့ မလုပ်ပေးနိုင်တာ အများကြီး ရှိတယ်။ အထဲမှာ အန်တီတို့လုပ်မယ့် လှုပ်ရှားမှုတွေကို အပြင်ကလည်း သိမှာပဲ။ သိကြလို့ရှိရင် ကိုယ့်အထိုက်အလျောက် ၀ိုင်းကြဖို့၊ ၀န်းကြဖို့ပါပဲ။ ဒါတွေက အန်တီတောင် ပြောဖို့ မလိုဘူး ထင်ပါတယ်။ အခု သားတို့ လုပ်နေကြပဲ။ လုပ်ပေးနေကြပဲ။
ဟုတ်ကဲ့ပါ။ အဲသည် လုပ်ပေးနေကြပဲ ဆိုတဲ့နေရာမှာ တခုကတော့ နိုင်ငံတကာက စစ်အစိုးရကို ပိတ်ဆို့အရေးယူထားတဲ့ Sanction ဆိုတဲ့အပေါ် ဒီဘက်ကသဘောထားတွေ အနေနဲ့ ပြောချင်ပါတယ်။ ဒီ နိုင်ငံတကာက ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတွေက မြန်မာစစ်အစိုးရကို ပိတ်ဆို့အရေးယူထားတယ်ဆိုတာက မြန်မာပြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ထောက်ခံတဲ့ သဘောကို ပြတဲ့အနေနဲ့ အရေးယူမှုဖြစ်တယ်။ ထောက်ခံမှုကို ပြသတဲ့ သဘောအဖြစ် မှတ်ယူထားကြတာဖြစ်ပါတယ်။ ဒါတွေဟာ မြန်မာပြည်ဒီမိုကရေစီရေးမှာ မြင်သာတဲ့ တိုးတက်ပြောင်းလဲမှုတွေ မဖြစ်မချင်းမှာ ဆက်လက်ကိုင်စွဲသွားရမယ့် အရေးယူမှုတခုဖြစ်တယ်လို့ ဒီမိုကရေစီရေးလိုလားသူ မြန်မာကွန်မြူနီတီတွေရဲ့ သဘောထားလို့ ပြောပြချင်ပါတယ် ခင်ဗျာ။
ဒါလဲ အန်တီတို့က သဘောတူပါတယ်။ အန်တီတို့အနေနဲ့က အခြေအနေတွေကို ပြန်ပြီး Review လုပ်မယ်လို့ပဲ ပြောတာပါ။ အခုလို ပြောပြတာတွေနဲ့ ပတ်သက်လို့ သဘောမတူစရာအကြောင်း အန်တီတို့ဖက်က ဘာမှ မရှိဘူး။ Sanction တွေကြောင့်မို့လို ဒီမှာ စီးပွားရေးအခြေအနေတွေ မကောင်းတာပါ လို့ပြောနေကြတာကလဲ မဟုတ်ဘူး ဆိုတာကို ယုံတယ်။ ဒါကိုလည်း ထင်ထင်ရှားရှားပေါ်လွင်အောင်လည်း အန်တီတို့အနေနဲ့က လုပ်မယ်။ လူထုကို ထိခိုက်နေတာတွေ ရှိတယ် ဆိုရင်လည်း ကြည့်ပြီးတော့ ပြန်စဉ်းစားရမှာပေါ့။ ဒါပေမယ့် ခုနက သားပြောသွားတာတွေကလည်း အန်တီတို့ရဲ့ အခြေခံမူပါပဲ။
နောက်တဆင့်ထပ်ပြောချင်တာကတော့ ဒီလိုမျိုး နိုင်ငံတကာက စစ်အစိုးရကို ပိတ်ဆို့အရေးယူထားတာတွေ ရှိတဲ့ကြားထဲကပဲ နောက်ပိုင်းတွေမှာ ၂၀၀၃ မေလ ဒီပဲယင်းလုပ်ကြံမှုလိုမျိုး ဒေါ်စုနဲ့ အင်န်အယ်ဒီကို အကြမ်းဖက်မှုတွေ လုပ်တယ်။ နောက်ပိုင်း ထင်ရှားတာတွေက ၂၀၀၇ သံဃာ့အရေးအခင်းတွေ၊ ၂၀၀၈ နာဂစ်အရေးအခင်းတွေမှာ လက်နက်မဲ့တဲ့ အပြစ်မဲ့တဲ့ ပြည်သူလူထုအပေါ်မှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေက မတရားမှုတွေ လုပ်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖမ်းဆီး သတ်ဖြတ် နှိပ်စက် ထောင်ချတာတွေကို လုပ်တယ်။ ဒါတွေကို နောင်ဆက်မဖြစ်အောင် ဟန့်တားနိုင်အောင်လို့၊ ဖြစ်ခဲ့တာတွေကိုလည်း အမှန်တရားအတိုင်း ပေါ်ပေါက်ဖော်ထုတ်နိုင်အောင်လို့ ကုလသမဂ္ဂလိုမျိုး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာဥပဒေအရ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ပေါ်လာအောင် အရေးယူနိုင်အောင် လုပ်လာကြတာတွေ ဖြစ်တယ် ဆိုတာကလည်း ဒီမှာရှိနေတဲ့ မြန်မာကွန်မြူနီတီတွေကိုယ်တိုင်ရဲ့ သဘောထားဖြစ်တယ်လို့ ပြောချင်ပါတယ်။
ဒါလဲ အန်တီတို့ သဘောတူပါတယ်။ သဘောမတူစရာ အကြောင်းမရှိပါဘူး။ ဒီမူတွေဟာ မှန်တယ်လို့ အန်တီတို့ ယုံကြည်တယ်။ ဒါပေမယ့်လည်း အချိန်ကာလအလျောက် ပြန်ပြီးတော့ Reviewလုပ်မယ် ဆိုတာကလည်း တာဝန်အရ Reviewလုပ်မှာပေါ့နော်။ Reviewလုပ်တယ် ဆိုတာကလည်း အန်တီတို့ တွေ့တိုင်းအတိုင်းပဲ ထုတ်ဖော် ပြောဆိုမှာ ဖြစ်ပါတယ်။ အန်တီအနေနဲ့ကလည်း စီးပွားရေးဒုက္ခတွေ ဖြစ်နေတာဟာ Sanction တွေကြောင့် မဟုတ်ဘူးဆိုတာလည်း ပေါ်လွင်အောင် ဆွေးနွေးပြီးတော့ ဖော်ထုတ်ပေးရမှာပေါ့။ အဲဒါကိုလည်း အန်တီတို့ကလည်း တန်ဖိုးထားပါတယ်။
နောက်ဆုံးတခုအနေနဲ့ကတော့ ပင်လုံညီလာခံကြီးကို ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ကို အားလုံးက မျှော်လင့်နေတယ်။ မြန်မာပြည်သူတွေကိုယ်တိုင်ကလည်း ရောက်ရာ၊ ရာရာနေရာတွေကနေပြီး ဘယ်လို အခမ်းကဏ္ဍတွေကနေပြီး ဘယ်လို ၀ိုင်းဝန်းကြရမလဲဆိုတာကို ကြိုဆိုနေကြတယ် လို့ ပြောကြားနေကြတဲ့အကြောင်း၊ စိတ်အားထက်သန်နေကြတဲ့အကြောင်းကို ပြောပြလိုပါတယ်။
ကျေးဇူးတင်တယ် သားရယ်။ ဒါနဲ့ ပတ်သက်လို့လဲ အန်တီတို့က အကူအညီလိုမှာပါ။ အကူအညီလိုတဲ့အခါကျရင် အန်တီတို့ ဆက်သွယ်မယ်လေ။ ဆက်သွယ်လို့ရအောင်ကိုလည်း အဖွဲ့ချုပ်က တာဝန်ရှိသူတွေကို ပြောပြထားကြရင် ကောင်းမယ် ထင်တယ်နော်။ အခုလို ပြောကြတာတွေဟာ တန်ဖိုးရှိပါတယ်။ ဒီလိုပြောတဲ့အခါကျတော့လည်း အတွင်းမှာရှိတဲ့ အန်တီတို့ သဘောထားတွေနဲ့ အပြင်က သဘောထားတွေနဲ့က ကွာခြားမှုမရှိဘူး။ ကွာဟမှု မရှိဘူး ဆိုတာ သိရတော့လည်း အန်တီတို့အတွက် အားတက်စရာပေါ့။
သားတို့အားလုံး ကျန်းကျန်းမာမာရှိအောင် နေကြနော်။ ကျန်တဲ့သူတွေကိုလည်း အန်တီက နှုတ်ဆက်လိုက်တယ်။ မေတ္တာပို့လိုက်ပါတယ်လို့ ပြောလိုက်ပါနော်။
ဒါတွေကတော့ ၂၆ ရက် နိုဝင်ဘာ ညနေခင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ္တ ဆုံတွေ့ခွင့်ရချိန်မှာ မိုးမခ၀ိုင်းတော်သားများရဲ့ တင်ပြဆွေးနွေးမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေများပဲ ဖြစ်ပါတယ်။
အဲသည်လို တွေ့ဆုံချိန်လေးအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မြန်မာပြည်ရဲ့ ကဗျာဆရာကြီး ဦးတင်မိုးအကြောင်းကို အမှတ်တရ စကားပြောပါတယ်။ ဆရာ့အစီအစဉ်တွေကို လေလှိုင်းများကတဆင့် အမြဲတမ်း နားထောင်နေခဲ့တဲ့အကြောင်း ဆရာဦးတင်မိုးရဲ့ သမီးငယ် မိုးချိုသင်းကိုလည်း နှုတ်ဆက်စကားပြောပါတယ်။ အခုတော့ ဆရာဦးတင်မိုးအသံတွေ မကြားရတော့ပေမယ့် ဆရာ့ဦးတင်မိုးရဲ့ မိတ်ဆွေ ဆရာမောင်စွမ်းရည်ရဲ့ အသံတွေကတော့ ဆက်ကြားနေဆဲ ဖြစ်ကြောင်းနဲ့ ဆရာမောင်စွမ်းရည်နဲ့ စာပေမိတ်ဆွေများကို နှုတ်ဆက်လိုက်ကြောင်းကိုလည်း စကားလက်ဆောင် ပေးခဲ့ပါတယ်။

vrijdag 26 november 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်CRPPတွေ့ဆုံဆွေးနွေး

မင်းနိုင်သူ Friday, 26 November 2010 19:12
.ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) တို့ ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ရေး ယနေ့ ဆွေးနွေးကြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ်တွင် ကျင်းပသော အစည်းဝေးသို့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးနောက်ပထမဆုံးတက်ရောက်ကာCRPPအဖွဲ့ဝင်၁၂ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ၁၆ရက်ကNLDဒုဥက္ကဌဦးတင်ဦးအိမ်၌ကျင်းပသောCRPP၁၂နှစ်မြောက်အခမ်းအနားတွင် တွေ့ရသည့်CRPPအဖွဲ့ဝင်များ(ဓာတ်ပုံ-myatlayngon.blogspot.com)
CRPP အတွင်းရေးမှူး ဦးအေးသာအောင်က“ဒီကနေ့ ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ရေး နည်းလမ်းတွေ ဆွေးနွေးကြတယ်။ နောက်တခုက NLDပါတီရပ်တည်ခွင့်အတွက် အထူးအယူခံဝင်မယ့် အကြောင်းတွေ ဆွေးနွေးကြတယ်”ဟု ပြောသည်။
ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်မလွတ်မြောက်လာမီ စစ်ကိုင်းတိုင်း ကလေးမြို့၌ အောက်တိုဘာလ ၂၄ ရက် နေ့တွင်ပြုလုပ်သော ဇိုမီးအမျိုးသား ကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားတွင် NLDနှင့် တိုင်းရင်း သား ခေါင်းဆောင်များက သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးနောက် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်ကလည်း ဒုတိယ ပင်လုံ ညီလာခံ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကာ ၀ါရင့်နိုင်ငံရေးသမားကြီးများက ထိုလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းကြသည်။
“လာမယ့် ပြည်ထောင်စုနေ့လို နေ့မျိုးမှာ ကျင်းပနိုင်ဖို့ ဆန္ဒရှိကြတာပေါ့။ ဒါပေမယ့်လည်း အသေအချာ မဆုံးဖြတ်နိုင်သေးပါဘူး။ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးနေကြဆဲပါ။ လာမယ့် အစည်းအဝေး တွေမှာလည်း ဆွေးနွေးကြရ ဦးမှာပါ”ဟု ဦးအေးသာအောင် က ပြောသည်။
ယနေ့ ပြုလုပ်သော CRPP အစည်းအဝေးမကျင်းပမီ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ(UDP) ဥက္ကဌ ဟောင်း ဦးဖြိုးမင်းသိန်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သေးကြောင်း သိရသည်။

နယူးယောက်တိုင်းမ်စ်သတင်းဒေါ်အောင်ဆန်းစုကြည်ငြင်း

ဧရာဝတီ Friday, 26 November 2010 19:05
.စစ်ခေါင်းဆောင်များအားနိုင်ငံတကာရာဇဝတ်မှုခုံရုံးတွင်တရားစွဲဆိုရေးဆောင်ရွက်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံဟု နယူးယောက်တိုင်းမ်စ် သတင်းတွင် ရေးသား ထားသည်မှာ မှားယွင်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
သားဖြစ်သူကိုထိန်လင်းကိုရန်ကုန်လေဆိပ်တွင်သွားရောက်ကြိုဆိုသည့်ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ-SoeThanWin/AP)
ယင်းစာပိုဒ်ကို နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်စ် သတင်းစာတွင် “မြန်မာ့ အတိုက်အခံ ခေါင်းဆောင် နှင့် သားငယ် ပြည်လည် တွေ့ဆုံ” ဟူသော သတင်းတွင် ထည့်သွင်း ရေးသားခဲ့သည်။
“လူသားမျိုးနွယ် အပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှု များအတွက် စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတွင် တရားစွဲ ဆိုရန် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ပြည်ပရောက် အဖွဲ့အစည်းများ၏ ကြိုးပမ်းချက်ကို ဒေါ်အောင်ဆန်း စုကြည်က မထောက်ခံဟု ပြောသည်”ဟူသော စာပိုဒ်သည် မှားယွင်းကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် လုံးဝ မပြောတဲ့ စကားကို ရေးထားတာ။ အဲဒီ စာပိုဒ် တပိုဒ်လုံး ဒေါ်အောင်ဆန်းစုကြည် လုံးဝ မပြောခဲ့ဘူး။ အင်တာဗျုးလုပ်တဲ့ အချိန်မှာ ကျနော်တို့ အနားမှာ အကုန်လုံးရှိနေတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
နယူးယောက်တိုင်းမ်စ် သတင်းစာသို့ ယင်းကိစ္စအတွက် စာရေးသား ပေးပို့မည်ဖြစ်ကြောင်း၊ လိုအပ်သည် များကို လည်း ဆက်လက် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအငြင်းပွားဖွယ်ရာ အရေးအသားကြောင့် ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူများ အံ့သြကြရ ကြောင်းလည်း သိရသည်။
သို့သော်လည်း ယင်းစာပိုဒ်အောက်ရှိ “စစ်အစိုးရကို နိုင်ငံတကာ တရားရုံးကို ပို့ဆောင်ဖို့ ကျမ ဘယ်တုန်းကမှ မပြော ခဲ့ဘူး။ ဗိုလ်ချုပ်တွေအနေနဲ့ သူတို့တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အကြောင်းတရား ခိုင်ခိုင်မာမာရှိတယ်လို့ မထင် ပါဘူး။ ကျမတို့ ပုဂ္ဂိုလ်ရေး အရ လုပ်ဆောင်နေတာ မဟုတ်ဘူး။ ကျမက သူတို့ အပေါ်မှာ မကောင်းတဲ့ စိတ်စေတနာ မရှိတာကတော့ သေချာပါတယ်” ဟူသော ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်မှာမူ မှန်ကန်သည်ဟု ဦးဉာဏ်ဝင်း က ဆက်ပြောသည်။
ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည် နောက်တခု ပြောတာက ကိုယ် ထောက်ခံတဲ့သူတွေ တစုံတရာ ဆောင်ရွက် နေတာရှိရင် အဲဒီဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးတော့ ကိုယ့် တဦးတည်း သဘောနဲ့ ထောက်ခံတယ်၊ မထောက်ခံဘူး ဘယ်တော့ မှ မပြောဘူးတဲ့” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်း စစ်ဆေးရေး ကော်မရှင်(CoI)ဖွဲ့စည်းရေး အတွက် အနောက်နိုင်ငံ လွှတ်တော် အမတ်များထံသို့ စာရေးသား ပေးပို့ခဲ့ခြင်းကိုမူ ဒေါ်အောင်ဆန်း စုကြည်က ထောက်ခံသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဆက်လက်၍ ၎င်းက စုံစမ်းစစ်ဆေး ဖော်ထုတ်မှသာလျှင် စစ်အစိုးရအနေနှင့် ရာဇဝတ်မှုများ အမှန်တကယ် ကျူးလွန်ခြင်း ရှိ၊ မရှိကို သိနိုင်မည်ဟု ဆိုသည်။
CoI ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းခဲ့သူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာဖြစ်ပြီး ယခုအခါတွင် အမေရိကန် အပါအ၀င် နိုင်ငံပေါင်း ၁၀ နိုင်ငံ၏ ထောက်ခံချက် ကိုလည်း ရရှိထားပြီ ဖြစ်သည်။

လေဘေးဒေသမှကလေး၂သောင်းနီးပါးအာဟာရချို့တဲ့

ခင်ဦးသာ Friday, 26 November 2010 18:13
.ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်း လေဘေးသင့် ဒေသများ၌ ကလေး ၁၈၀၀၀ ခန့်မှာ အာဟာရ ချို့တဲ့မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ကလေး ၂ သောင်းနီးပါး အနက် အသက် ၅ နှစ်အောက် ကလေးငယ် ၆၀၀ ၀န်းကျင်မှာ လက်ရှိအချိန်၌ အာဟာရ ချို့တဲ့မှုနှင့်ကြုံတွေ့နေရကြောင်းနိုဝင်ဘာလ၁၆နေ့ထုတ်ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးကွပ်ကဲမှုရုံး(UNOCHA)၏ အစီရင်ခံစာတွင် ရေးသားထားသည်။
အာဟာရလိုအပ်ချက်အား UNOCHA အဖွဲ့နှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) တို့ ပူးပေါင်းဆောင်ရွက် နေသော်လည်း လုံလောက်မှု အပြည့်အ၀ မရရှိသေးကြောင်း သိရသည်။
ဂီရိလေဘေးဒဏ်ခံခဲ့ရသောမြို့နယ်များအနက်မြေပုံ၊မင်းပြား၊ပေါက်တော၊ ကျောက်ဖြူ စသည့်မြို့နယ်များမှ ကလေးများသည် အာဟာရ ချို့တဲ့မှုနှင့်ရင်ဆိုင်နေ ကြရပြီး သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင် ဘီဝမ်း တို့အဓိက လိုအပ် နေသည်ဟု UNOCHA ၏ အစီရင်ခံစာက ဆိုသည်။
ထိုမြို့နယ် ၄ ခု၌ လေဘေးဒဏ် ခံခဲ့ရသည့် ၅ နှစ်အောက် ကလေး အရေအတွက် ၃၀၀၀၀၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစ ကလေးမိခင် ၁၂၀၀၀ တို့ကိုလည်း ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရကြောင်း၊ တချို့ကလေး ငယ်များမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း သိရသည်။
“လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေ ဆိုးဆိုးဝါးဝါး မရှိသေးပါဘူး။ UNICEF ရယ်၊ UNOCHA ရယ်၊ တခြားအဖွဲ့တွေရယ် ပူးပေါင်းပြီး ကလေးတွေရဲ့ ကျန်းမာရေးကို အလေးထား လုပ်ဆောင်ပေးနေပါတယ်” ဟု ရန်ကုန်အခြေစိုက် UNOCHA ၏ တာဝန်ခံ ဦးအေးဝင်းက ဧရာဝတီ ကို ပြောသည်။
ဂီရိ ဆိုင်ကလုန်းတိုက်ခတ်ပြီး ၁ လကျော်သည့်တိုင် လေဘေး ဒုက္ခသည်များအတွက် စားစရာဆန်နှင့် နေထိုင်စရာ အမိုးအကာ လုံလောက်မှု မရှိသေးကြောင်း မြေပုံမြို့နယ် ပြင်ဝန်းရွာသား တဦးက ဆိုသည်။
“ဒီနေ့စားပြီးရင် မနက်ဖြန် စားရပါ့မလားလို့ တွေးနေရတယ်။ ပြန်လည် ထူထောင်ဖို့ အတွက်တော့ ဘယ်ကနေ ဘယ်လို စရမှန်း မသိသေးပါဘူး။ စားစရာ ရှိမှ အလုပ် လုပ်နိုင်မယ်ဆိုတော့ စားမယ့်ကိစ္စက အရေးကြီး နေပါသေးတယ်” ဟု လည်း ၎င်းက ပြောသည်။
၎င်း ပြင်ဝန်းရွာသား၏ မိသားစုတွင် ကလေး ၃ ဦး ပါဝင်သည့်အတွက် ရရှိသည့် ရိက္ခာ အနည်းငယ်ကို ကလေးများအား ဦးစားပေး ကျွေးမွေးနေရကြောင်း၊ သူတို့ မိသားစုကဲ့သို့ပင် တခြားသော မိသားစုများလည်း ကလေး များနှင့် သက်ကြီး ရွယ်အိုများကို ဦးစားပေး ကျွေးမွေး စောင့်ရှောက် နေကြရကြောင်း ရှင်းပြသည်။
လူမှုရေးအဖွဲ့အစည်းများ၊ NGOများက ကလေးများအတွက် ဓာတ်ဆားထုတ်များကို ဝေငှပေးနေသော်လည်း လုံလောက်မှု မရှိဟု သိရသည်။
လေဘေးဒေသ ကျေးရွာတချို့တွင် စားဝတ်နေရေး ပြဿနာများ ကြုံတွေ့နေရသည့် အပြင် သောက်သုံးရေ ရှားပါးမှုနှင့်လည်းကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။
ဂီရိလေဘေးသင့် ဒေသများသို့ စစ်အစိုးရ ၀န်ကြီးချုပ်ဦးသိန်းစိန်နှင့် ၀န်ကြီးများသည် ယခုရက်ပိုင်းတွင် သွားရောက် ကြသော်လည်း ဒုက္ခသည်များအား ထိရောက်သော ကူညီမှုမပေးဘဲ ပျက်စီးသွားသည့် ဌာနဆိုင်ရာ အဆောက်အအုံများ ပြန်လည် တည်ဆောက်ရေး အတွက်သာ ပြောဆိုခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် လိုက်ပါလာသည့် ၀န်ကြီး တချို့မှာ ဒုက္ခသည်များ အရေးကို ပြောဆိုမှု မရှိဘဲ ၎င်းတို့၏ ရှေ့ဆက် သွားမည့် နိုင်ငံရေး အခြေအနေကိုသာ ရွေးကောက်ပွဲ အနိုင်ရ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဆွေးနွေး သွားကြောင်း သိရသည်။
စစ်အစိုးရ၏ ယနေ့ထုတ် သတင်းစာများ၌မူ ဒေသခံပြည်သူများအတွက် အကူအညီများကို သက်ဆိုင်ရာဒေသ အာဏာပိုင်များမှ တဆင့် ပေးအပ်နေကြောင်း ရေးသားထားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ လုပ်ဆောင်ပေးနေကြောင်းလည်း စစ်အစိုးရ မီဒီယာများက ဆိုသည်။
ဂီရိဒေသ ကျန်းမာရေးလုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင်နေသည့် ညွန်ကြားရေးမှူး ဒေါက်တာ စိုးလွင်ငြိမ်းအား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုမှု မရှိခဲ့ပေ။
“၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေလာရင် ဒေသအာဏာပိုင်က တဆင့် ပစ္စည်း နည်းနည်းတော့ ပေးတယ်။ သူတို့ပြန်သွားရင် ပေးခဲ့တဲ့ပစ္စည်းတွေကို မယက တွေ၊ ရယက တွေက ပြန်ရောင်းစားတယ်။ သူတို့နဲ့ ရင်းနှီးသူတွေကိုပဲ ပေးတယ်” ဟု ပေါက်တော မြို့ခံ တဦးက ပြောသည်။
အောက်တိုဘာလ ၂၂ ရက်နေ့တွင် တနာရီ မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် မြေပုံ၊ မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မာန်အောင်၊ ရမ်းဗြဲ၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားခဲ့သည့် အပြင် လူပေါင်း ၂ သိန်း ၆ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ပြီး လူ ၁၀၀ ကျော်သေဆုံးခဲ့သည်ဟု စာရင်းများအရ သိရသည်။
ထိုဒေသများအနက် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တော မြို့နယ်တို့သည် အများဆုံး ထိခိုက်ခဲ့ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၅၃ သန်း (ကျပ်သန်း ၅၃၀၀၀ ခန့်) လိုအပ်လျက်ရှိကာ လက်ရှိတွင် ဒေါ်လာ ၁၈ သန်း (ကျပ် သန်း ၁၈၀၀၀) သာ ရရှိသေးကြောင်း UNOCHA ၏ နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဧရာဝတီ Friday, 26 November 2010 12:23
.ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် တန်ဖိုးကြီးစိန် ဝယ်ယူ စုဆောင်းမှု အများဆုံးဖြစ်ပြီး လွန်ခဲ့သည့် ၆ နှစ်တာ အတွင်း ဝယ်ယူသော စိန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ထက် မနည်းကြောင်း ရန်ကုန်မြို့ရှိ စိန်ကုန်သည်ကြီး တဦး က ခန့်မှန်း ပြောဆိုလိုက်သည်။
မင်္ဂလာအခမ်းအနားတွင်စိန်များဖြင့်ဆင်ယင်ထားသောဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သမီးကိုတွေ့မြင်ရစဉ်။ ၎င်းတို့၏မင်္ဂလာအခမ်းအနားမှတ်တမ်းဗီဒီယိုအခွေသည်ပြင်ပသို့ပျံ့နှံ့ထွက်ပေါ်လာရာကြည့်ရှုရသူများက“ စိန်စီသောည”ဟုအမည်ပေးခေါ်ဝေါ် ခဲ့ကြသည်။(ဓာတ်ပုံ-freeburma.info)
“စိန် တန်ဖိုး ဒေါ်လာ သန်း၂၀၀ ဆိုတာက ၂၀၀၄ ခုနှစ်လောက်ကနေ ၂၀၁၀ အထိ ၀ယ်ခဲ့တဲ့ ပမာဏကိုပဲ ခန့်မှန်းတာပါ။ ၂၀၀၄ မတိုင်ခင်တုန်းက အခြေအနေကိုတော့ မသိဘူး”ဟု ယင်းကုန်သည်က ရှင်းပြသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် “စိန်”ကို အလွန် နှစ်ခြိုက်သူများ ဖြစ်ကြပြီး စိန် လက်ဝတ် ရတနာများကို ဦးစားပေး ၀ယ်ကြကြောင်း၊ တလုံးလျှင် ဒေါ်လာ ၅ သိန်း ခန့်(ကျပ် သိန်း ၅၀၀၀ ခန့်)တန် စိန်များဖြင့် စီခြယ်ထားသော လည်ဆွဲ ဘယက် တခုကို မကြာသေးမီက ၀ယ်ယူခဲ့ကြောင်း၊ စိန် လက်ဝတ်ရတနာ အပြင် အရည်အသွေးကောင်း စိန် များကိုလည်း တလုံးချင်း ၀ယ်ယူစုဆောင်းလေ့ ရှိကြောင်း ရန်ကုန်မြို့ စိန်ကုန်သည် အသိုင်းအ၀န်း က ပြောဆိုကြသည်။
“ဗိုလ်ချုပ် မိသားစုတွေထဲမှာ စိန် အများဆုံး ၀ယ်တာက ဗိုလ်ချုပ်မှူးကြီး မိသားစုပဲ။ နှစ်လ၊ သုံးလခြား စိန် ၀ယ်တယ်။ စိန် ၀ယ် ယူတဲ့ နေရာမှာ ၀ယ်မယ့် တန်ဖိုးကို ကြိုတင် အကြောင်းကြားပြီး ပစ္စည်း ရှာခိုင်းတယ်”ဟု အထက်ပါ ရန်ကုန် စိန်ကုန်သည် က ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် စိန် ၀ယ်ယူရာတွင် ဗေဒင် ယတြာများ ဆောင်ရွက်ပြီး နေ့ကောင်းရက်မြတ် ရွေးကာ ၀ယ်ယူကြောင်း သိရှိရသည်။
“စိန် တန်ဖိုး ဘယ်လောက်ဝယ်မယ်၊ ဒါ တည်မြဲနိုင်သလား၊ ၀ယ်သင့်သလား၊ ၀ယ်သင့်ရင်လည်း ဘယ်လိုအချိန်၊ ဘယ်လို နက္ခတ် မျိုး ပေါ်တဲ့အချိန်မှာ ၀ယ်သင့်သလဲ ဆိုတာမျိုးပေါ့။ အခါတော်ပေးတွေကို မေးတယ်။ နောက်ပြီး အိမ်တိုင်ရာရောက် စိန် လာပေးမယ့် စိန် ကုန်သည်ကိုလည်း အ၀တ်အစား ဘယ်လိုမျိုး ၀တ်လာရမယ်ဆိုတာ ညွှန်ကြားလေ့ရှိတယ်”ဟု စိန် ကုန် သည်ကြီး တဦးကလည်း ပြောပြသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုအတွက် နာမည်ခံ စီးပွားရှာ ပေးနေရပြီး အဆိုပါ စီးပွားရေးလုပ်ငန်းမှနေ၍ ဗိုလ်ချုပ်မှူးကြီး မိသားစုအတွက် လစဉ် အမေရိကန် ဒေါ်လာ သန်းချီ၍ ပုံမှန် ၀င်ငွေရရှိနေကြောင်း၊ ပြည်သူပိုင် ရေနံနှင့် သဘ၀ဓာတ်ငွေ့ ရောင်းချခြင်းမှ ရရှိသော ၀င်ငွေများကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ နှစ်ဦးကသာ အဓိက စီမံခန့်ခွဲ ကိုင်တွယ်ကြကြောင်း နေပြည်တော် စစ်ဘက် အသိုင်း အ၀န်း၌ ပြောဆိုနေကြသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုအပြင် ၎င်း၏ ကိုယ်ရေးအရာရှိများ ဖြစ်ကြသည့် ဗိုလ်ချုပ် နေ၀င်း နှင့် ဗိုလ်မှူးချုပ် စိုးရှိန် တို့မှာ လည်း အများဆုံး စိန် ၀ယ်စုသူများ ဖြစ်သည်ဟု စိန်ကုန်သည် အသိုင်းအ၀န်းမှ သိရှိရသည်။
ယခင် ကိုယ်ရေးအရာရှိဖြစ်ခဲ့သော ဗိုလ်ချုပ်နေ၀င်းသည် ကျောက်ကပ် ရောဂါခံစားနေရသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သဘောကျ ချစ်ခင်မှုကိုခံရသဖြင့် ယခုအချိန်အထိ နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းတွင် သြဇာအာဏာ ကြီးသော ဗိုလ်ချုပ် တဦး အဖြစ် ရပ်တည်နေပြီး ဗိုလ်ချုပ်မှူးကြီး၏ လူယုံတဦးအဖြစ်လည်း ဆက်လက် တာဝန်ထမ်းဆောင်လျက် ရှိသည် ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအဝန်းက ဆိုသည်။
ယခု လက်ရှိ ကိုယ်ရေးအရာရှိ ဗိုလ်မှူးချုပ် စိုးရှိန်မှာမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုနှင့် ဆက်စပ်သော စီးပွားရေး လုပ်ငန်း များ အားလုံးတွင် အစုရှယ်ယာရှင် တဦးဖြစ်သည်ဟု သိရသည်။

သတင်းစာဆရာတဦးနဲ့မိုးမခစကားလက်ဆုံ ဒေါ်စုနဲ့အင်န်အယ်ဒီဟာပြည်ထောင်စုဖြိုခွဲသူလား

မိုးမခ
နိုဝင်ဘာ ၂၆၊ ၂၀၁၀
ဒီတပတ်မှာ သတင်းစာဆရာတဦးနဲ့ စကားလက်ဆုံမှာတော့ ၂၀၀၇ နောက်ပိုင်း အခြေအနေတွေကို တွေ့မိမြင်မိသလောက် ပြောဆိုဖြစ်တာတွေ ဖြစ်ပါတယ်။
အယင်က စကားဆက်ကို ပြန်ကောက်ရရင်တော့ ၂၀၀၇ သံဃာ့အရေးအခင်းနောက်ပိုင်းမှာ နိုင်ငံတကာဖိအားတွေအရ ပြည်တွင်းက လူထုရဲ့ နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်လာတာကြောင့် စစ်အစိုးရက ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးတာတွေ၊ ကုလကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ပေးတာတွေ လုပ်လာတယ်။ အဲသည်မှာလည်း ဒေါ်စုနဲ့လည်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးတယ်လို့ သိရပါတယ်။ အဲသည်မှာလည်းပဲ လူထုက ဘာမှ မသိရှိရတဲ့ လျို့ဝှက်ဆွေးနွေးပွဲတွေပဲ ဖြစ်တာပဲ မဟုတ်လား။
ဟုတ်ပါတယ်။ ၂၀၀၇ သံဃာ့အရေးအခင်းကြောင့် နိုင်ငံတကာဖိအားတွေ၊ ပြည်တွင်းနိုင်ငံရေး တင်းမာမှုတွေကို ဖြေရှင်းနိုင်တဲ့သူ၊ မျှော်လင့်ချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဖြစ်လာတယ်။ စစ်အစိုးရကိုယ်တိုင်ကလည်း တွေ့ဆုံတယ်။ ဒါပေမယ့်လည်း တွေ့ဆုံဆွေးနွေးနေတာတွေက ဘာမှ သတင်းထုတ်ပြန်မှုတွေ ၂ ဖက်စလုံးဆီက လူထုက မကြားသိရဘူး။ နောက်တော့ ဗိုလ်သန်းရွှေက ဒေါ်စုနဲ့ တွေ့ဖို့ကို ကြိုတင်သတ်မှတ်ချက်တွေ ချလိုက်တာက တွေ့ဆုံရေးကို ပျက်ပြားသွားစေတယ်။
ဟုတ်ကဲ့။ ၂၀၀၇ အောက်တိုဘာမှာ ဗိုလ်သန်းရွှေက ဒေါ်စုသည် တိုင်းပြည်ကို ပျက်စီးစေတဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး၊ နောက် ထိပ်တိုက်ရင်ဆိုင်ရေးသဘောထားတွေကို စွန့်လွှတ်ကြောင်း ကြေငြာမှသာလျင် သူက ဒေါ်စုနဲ့ တွေ့ဆုံမယ်လို့ ပြောလိုက်တာ မဟုတ်လား ဆရာ။
ဟုတ်တယ်။ အဲသည်နောက်မှာ စစ်အစိုးရက အမျိုးသားညီလာခံရဲ့ ရလဒ် အခြေခံဥပဒေဥပဒေကို လူထုဆန္ဒမဲခံယူပြီးတော့ အတည်ပြုချက် ခံယူတော့မယ်ဆိုပြီး လုပ်လာတယ်။ အဲသည်မှာ ပြည်တွင်း ပြည်ပမှာ သဘောထားတွေ မျိုးစုံပေါ်ပေါက်လာတယ်။ အဲသည်မှာ အင်န်အယ်ဒီပါတီက ထူးခြားတဲ့ ထုတ်ဖော်ပြောဆိုမှု မလုပ်နိုင်ဘူး။ ဒေါ်စုကိုယ်တိုင်ကလည်း အင်န်အယ်ဒီပါတီကနေပြီး တဆင့် ထုတ်ဖော်ပြောဆိုမှုတွေ လုပ်နေတာထက် တကိုယ်တော်နိုင်ငံရေးအလုပ်တွေ၊ ထုတ်ဖော်ပြောဆိုမှုတွေ လုပ်လာတယ်လို့ထင်တယ်။ဥပမာ-ကုလကိုယ်စားလှယ်ဂမ်ဘာရီကနေတဆင့်စာရေးသားပြီး ခုနင်ကပြောသလို ပြည်သူတွေ၊ တိုင်းရင်းသားတွေကသာ လက်ခံတယ်ဆိုရင် ကျမက ဆောင်ရွက်ပါ့မယ် ဆိုတာမျိုး ပြောလာတာ။ ခြံရှေ့က တံခါးထိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေ ချိတ်ဆွဲထားတာတွေ။
ဟုတ်ကဲ့။ အဲသည်အချိန်တုန်းက ပြည်တွင်းက တယောက်တလက်နိုင်ငံရေး အင်အားစုတွေကြားမှာ မဲပေးရေး၊ မပေးရေး လှုပ်ရှားမှုတွေ၊ ဆွေးနွေးချက်တွေ ပေါ်လာတယ်။ ကိုဇာဂနာကလည်း အဲသည်တုန်းက အပြင်မှာ ရှိနေသေးတယ်။ တချို့က ကန့်ကွက်မဲပေးမယ်။ တချို့က မဲမပေးဘူး။ ဒါမျိုး ကွဲလွဲကြတယ် မဟုတ်လား ဆရာ။ ပြည်တွင်းမှာ ကန့်ကွက်မဲပေးဖို့ လှုပ်ရှားကြတယ် ထင်တယ်။ Vote No လှုပ်ရှားမှု …

ဟုတ်ပါတယ်။ ဒေါ်စုက ကန့်ကွက်မဲပေးမယ်လို့ ပြောတယ်ဆိုပြီး သတင်းထွက်လာတယ်။ ၂၀၀၈ အခြေခံဥပဒေဆိုတာက အမျိုးသားညီလာခံကနေ ပြည်သူတွေဆန္ဒမပါဘဲ စစ်အာဏာရှင်အလိုကျ ရေးဆွဲတာ ဖြစ်တဲ့အတွက်သူ့အနေနဲ့ကန့်ကွက်မဲထည့်မယ်။VoteNoလို့ ပြောတယ် ဆိုပြီး သတင်းဖြစ်တယ်။ အပြင်မှာ အခု၂၀၁၀ရွေးကောက်ပွဲကို လက်ခံသင့် မခံသင့် အင်န်အယ်ဒီက ဆုံးဖြတ်ချိန် ဒေါ်စုက ဗူးသီးကြီးပေးလိုက်တယ် ဆိုသလိုမျိုး ဟိုးလေးတကျော် မဖြစ်ခဲ့ဘူး။ အဲသည်တုန်းကလည်း တယောက်တလက် နိုင်ငံရေးလှုပ်ရှားမှုပဲ။ ဒေါ်စုကိုယ်တိုင်ကလည်း သူတဦးတည်း သဘောအဖြစ် ကန့်ကွက်မဲပေးတယ်လို့ ပဲ လူတွေက နားလည်တယ်။ အားလုံးကို လုပ်ခိုင်းတယ်လို့ သိပ်မမြင်ခဲ့ကြဘူး ထင်ပါတယ်။
ဟုတ်ကဲ့။ အဲသည်တုန်းက ပြန်ကြည့်မယ်ဆိုရင် ၂၀၀၇ မှ သံဃာအရေးအခင်းဖြစ်တယ်။ ဒေါ်စုကို စစ်အစိုးရက ဟန်ပြ ပွဲထုတ်တယ်။ ၂၀၀၈ အခြေခံဥပဒေ ပြဋ္ဌာန်းမယ်ဆိုပြီးတော့ သူတို့စိတ်ကြိုက် ရှေ့တိုးလာတယ်လို့ ပြောရင် ရမှာလား။ အဲသည်အချိန်မှာတုန်းက တချို့က ပြောတာကတော့ ၂၀၀၇ သံဃာ့အရေးအခင်းအကြောင်းပြုပြီး ၂၀၀၈ အခြေခံဥပဒေ အတည်ပြုခွင့်ရသွားတယ်။ စစ်အစိုးရဖက်က နိုင်ငံရေး လုပ်ငန်းစဉ်တွေ ပိုမို လျင်မြန်လာတယ် ဆိုပြီး အကောင်းမြင်ကြတဲ့ သူတွေလည်း ရှိလာတယ် မဟုတ်လား။
ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေတွေဖြစ်တဲ့ ဦးဉာဏ်ဝင်းတို့၊ ဦးကြည်ဝင်းတို့နဲ့ တွေ့ဆုံဆွေးနွေးခွင့်တွေ ရပါတယ်။ ဒါပေမယ့် သူတို့တွေက အင်န်အယ်ဒီခေါင်းဆောင်ပိုင်းတွေက မဟုတ်တော့ ပြည်သူတွေ သိရှိနိုင်တဲ့ သတင်းစကားတွေကို ထုတ်ပြန်နိုင်ဖို့က အရမ်းမဖြစ်နိုင်ဘူး ထင်တယ်လေ။ ဘာပဲပြောပြော ၂၀၀၈ မှာ အခြေခံဥပဒေအတည်ပြုဖို့ ဆန္ဒခံယူပွဲ ကျင်းပလိုက်တယ်။ အဲသည်မှာလည်းပဲ နာဂစ်မုန်တိုင်းကြီး ကျတယ်။ ပြည်သူတွေကလည်း လက်ရှိသူတို့ရှိနေတဲ့ အနေအထားအတိုင်း တယောက်တလက်၊ ကိုယ်ထူကိုယ်ထ လူမှုရေးလုပ်ငန်းတွေနဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ကြိုးစားတယ်။ အဲသည်မှာ လူတွေရဲ့ ကြားထဲမှာ ထင်ရှားတာက ကိုကျော်သူတို့၊ ကိုဇာဂနာတို့ရဲ့ ဦးဆောင်တဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ဒေသအလိုက် နယ်ပယ်အလိုက် ဆရာတော်တွေ ဦးဆောင်မှုတွေနောက်လိုက်ပြီး လှုပ်ရှားကြတယ်လို့ ထင်ပါတယ်။
ဟုတ်ကဲ့။ အဲသည်မှာ ဖြည့်ပြီးပြောချင်တာတခုက ဒေါ်စုနဲ့ ၂၀၀၇ နှောင်းပိုင်းမှာ စစ်အစိုးရက ခေါ်ယူတွေ့ဆုံဖို့ ဆောင်ရွက်ခဲ့သလိုပဲ ကိုဇာဂနာကိုလည်း စစ်အစိုးရက ခေါ်ယူတွေ့ဆုံတာတွေ ရှိပါတယ်။ ကိုဇာဂနာကိုယ်တိုင်ကလည်း တွေ့ဆုံဆွေးနွေးမှုတွေရဲ့ ဖြစ်ထွန်းမှုတွေကို ထုတ်မပြောခဲ့ဘူး။ ဒေါ်စုနဲ့တောင် ကိုဇာဂနာကိုယ်တိုင် စစ်အစိုးရတွေရဲ့ တွေ့ဆုံမှုတခုမှာ အ၀င်အထွက် တွေ့ခဲ့ကြသေးတယ်လို့ ပြောတယ်။ ကိုဇာဂနာကို ဒေါ်စုက အမှာစကားတခုပြောခဲ့တဲ့နေရာမှာ ကိုဇာဂနာက အမျိုးသားရေးကို လုပ်ကိုင်လာတဲ့ဆီမှာ ပြည်သူတွေရဲ့ အသံနဲ့ ခံစားချက်ကို ကိုယ်စားပြုသူတဦးအဖြစ် ရပ်တည်သွားပါလို့ မှာသွားခဲ့တယ်လို့ ကျနော်တို့ ကြားသိခဲ့ရပါတယ်။ သို့သော်လည်း ကိုဇာဂနာနဲ့ စစ်အစိုးရလူတွေ ဘယ်လိုပဲ အ၀င်အထွက် ရှိရှိ နောက်ဆုံးမှာ နာဂစ်အရေးအခင်းနဲ့ ပတ်သက်ပြီး ကိုဇာဂနာက စစ်အစိုးရကို ဝေဖန်ပြစ်တင်တာတွေ လုပ်လာလို့ဆိုပြီးတော့ ကိုဇာဂနာကို ထောင်ဒဏ် အနှစ် ၆၀ ကျော်ချပြီး အရေးယူပစ်လိုက်တယ် မဟုတ်လား ဆရာ။
ဟုတ်ပါတယ်။ ဗိုလ်သန်းရွှေက ဒေါ်စုဟာ စီးပွားရေးပိတ်ဆို့မှုတွေ၊ ထိပ်တိုက်ရင်ဆိုင်ရေးတွေကို စွန့်လွှတ်မယ့်သူ မဟုတ်ဘူး၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးခြင်း မဖြစ်မြောက်ဘူး။ ဒီလိုအချက်တွေကြောင့် စစ်အစိုးရအနေနဲ့ တိုင်းပြည်ကြီး ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွားအတွက်က ၂၀၀၈ အခြေခံဥပဒေကို ၀ိုင်းပြီး အတည်ပြုကြပြီးတော့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ကြဖို့ ဆိုပြီးတော့ ခြေလှမ်းလိုက်တာ ဖြစ်တယ်။ ဒေါ်စုတို့ အင်န်အယ်ဒီတို့ရဲ့ အခမ်းကဏ္ဍကို ဖယ်ရှားလိုက်သလိုမျိုးတောင် ပြောချင် ရတယ်။ နာဂစ်မုန်တိုင်းဖြစ်လာတာက သူတို့အတွက် တဖက်က နိုင်ငံတကာမှာ အရှက်ရတာတွေ ရှိသော်လည်းပဲ သူတို့အတည်ပြုချင်တဲ့ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့တယ်။ ပြည်တွင်း ပြည်ပက မဲဆန္ဒခံယူတာတွေဟာ မှန်ကန်မှုမရှိဘူးလို့ ပြောတဲ့ကြားကပဲ အတည်ပြုခဲ့တာ ဖြစ်တယ်။
ဟုတ်ကဲ့ပါဆရာ။ ဒါပေမယ့် နာဂစ်အရေးအခင်းအလွန်မှာ ဒေါ်စုကိုယ်တိုင်ကလည်း ကုလကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနေတာတွေကို ၂၀၀၈ သြဂုတ်လမှာ ငြင်းပယ်လိုက်တယ်။ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကျင်းပတော့မယ့် အလားအလာက ပြည်တွင်းမှာ ပေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကလည်းပဲ ပြည်သူတွေက မည်သို့ပင် မျှော်လင့်နေစေကာမူ စစ်အစိုးရဘက်က အရေးယူပိတ်ဆို့မှုတွေကြောင့် ပြန်လည် မှေးမှိန်သွားတယ်လို့ ပြောရင် ရမယ်ထင်ပါတယ် ဆရာ။ ပြည်သူတွေထဲက တယောက်တလက်၊ ကိုယ်ထူကိုယ်ထနိုင်ငံရေးလှုပ်ရှားမှုတွေကိုယ်တိုင်လည်း စစ်အစိုးရရဲ့ စိန်ခေါ်မှု၊ ကန့်သတ်မှုတွေကြောင့် အေးစက်မှုတွေ ပြန်ဖြစ်လာတယ်လို့ ပြောရမလားပဲ။
ဟုတ်တယ်။ ဒါပေမယ့် ၂၀၀၈ စက်တင်ဘာမှာ ထောင်ဒဏ်အနှစ် ၂၀ နီးပါးကျခံနေရတဲ့ ဦးဝင်းတင် ပြန်လည် လွတ်မြောက်လာတယ်။ အဲသည်မှာ မြန်မာပြည်သူတွေ မျှော်လင့်နေသလိုပဲ ဆရာဦးဝင်းတင်ကိုယ်တိုင်က မီဒီယာတွေက တဆင့် သူ့သဘောထားတွေ အတွေ့အကြုံတွေကို ပွင့်ပွင့်လင်းလင်း ပြောလာတယ်။ အင်န်အယ်ဒီနဲ့တကွ နိုင်ငံရေး၊ စာပေစာနယ်ဇင်း အသိုင်းအ၀ိုင်းကြားမှာ သွားလာ လှုပ်ရှားပြီးတော့ ပြန်လည် နိုးထမှုတွေ ဖြစ်ပေါ်လာစေတယ်လို့ ပြောရင် ရမယ် ထင်ပါတယ်။ ဦးဝင်းတင် လွတ်မြောက်လာတဲ့အခါ အလုပ်လမ်းညွှန်တွေ၊ တွေးခေါ်မှုတွေ၊ လုပ်ငန်းစဉ်တွေ ပေးလာတယ် လို့ မြင်ပါတယ်။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ အလားအလာကို ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဆရာဦးဝင်းတင်တို့က ၂၀၀၉ ဧပြီမှာ ရွှေဂုံတိုင်ကြေငြာစာတမ်း ထုတ်ပြန်လိုက်တယ်လေ။ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့၊ ဒေါ်စုနဲ့ တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ကိုင်ဖို့ ဆိုတာတွေ ထုတ်ဖော်ပြောဆိုတဲ့ ရပ်တည်ချက်တွေလေ။
ဟုတ်ကဲ့ပါ ဆရာ။ ၂၀၀၉ မေမှာ ဒေါ်စုကို နိုင်ငံခြားသား ယက်တော နေအိမ်ထဲ ၀င်ရောက်တာနဲ့ စစ်အစိုးရက အင်းစိန်ထောင်ကို ဖမ်းဆီးအရေးယူခဲ့တယ်။ ဦးဝင်းတင်နဲ့ အယ်န်အယ်ဒီပါတီဝင်တွေက အင်းစိန်ထောင်ရှေ့မှာ လူထုဆန္ဒကို ထုတ်ဖော်ပြသဖို့ ကြိုးစားတယ်။ ဒေါ်စုကိုယ်တိုင်ကလည်း ပါတီက ဥပဒေပညာရှင်တွေနဲ့ တွဲပြီးတော့ စစ်အစိုးရကို တရားဥပဒေကြောင်းထဲက ရင်ဆိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါတွေဟာ ၂၀၀၉ ရဲ့ ထင်ရှားမှုတွေပဲ။ နိုင်ငံတကာနဲ့ ပြည်တွင်းက သဘောထားတွေ၊ လှုပ်ရှားမှုတွေက ဒေါ်စုရဲ့ အမှုကိစ္စမှာ တသားတည်း၊ တသံတည်း ရပ်တည်မှုတွေက ထင်ရှားနေတာကြောင့် နောက်တော့ ဒေါ်စုကို အကျယ်ချုပ် ၁၈ လ ချမှတ်ပြီး အရေးယူလိုက်တယ် မဟုတ်လား ဆရာ။ ဒီအကျယ်ချုပ် ချမှတ်မှုဟာ စစ်အစိုးကျင်းပလိုတဲ့ ရွေးကောက်ပွဲအတွက် ဒေါ်စုနဲ့ အင်န်အယ်ဒီရဲ့ အခမ်းကဏ္ဍကို ကြိုတင်ကန့်သတ်မှုတခု မဟုတ်လားဆရာ။
အဲသလို ပြောမယ်ဆိုရင် ပြောလို့ ရမယ် ထင်ပါတယ်။ အဲသည်နောက်မှာ ၂၀၁၀ နှစ်ဆန်းမှာ ရွေးကောက်ပွဲ ကျင်းပတော့မယ်လို့ စစ်အစိုးရ ကြေညာလိုက်တာတွေ၊ အင်န်အယ်ဒီထဲကနေ တချို့က ပဲ့ထွက်လာပြီးတော့ ရွေးကောက်ပွဲ ၀င်လာကြတာတွေ့၊ ဒါတွေကို ဒေါ်စုကော၊ အင်န်အယ်ဒီပါတီဝင်တွေကော၊ ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့တွေက ဘယ်လို ရင်ဆိုင်ခဲ့ကြတယ် ဆိုတာကတော့ ခင်ဗျားတို့ရဲ့ အင်တာဗျူးတွေမှာ ဆရာဦးဝင်းတင်က အသေးစိတ်ပြောခဲ့ပြီပဲလေ။ အခုလက်ငင်းအခြေအနေတွေကိုလည်း စာဖတ်ပရိသတ်က သိနေပြီ ဖြစ်မှတော့ ဒါကို ဒီမှာပဲ တခန်းရပ်လိုက်ရင် ကောင်းမယ် ထင်ပါတယ်။
ဟုတ်ကဲ့ပါဆရာ။ အခုအချိန်မှာတော့ဖြင့် စစ်အစိုးရနဲ့ အပေါင်းအပါတွေက ၂၀၀၈ အခြေခံဥပဒေတွေ၊ ၂၀၁၀ ရွေးကောက်ပွဲတွေနဲ့ စစ်အာဏာရှင်အလိုကျ ပြည်ထောင်စုကြီး ထူထောင်ဖို့ အရေးကနေပြီး အခုအချိန်မှာ ဒေါ်စုနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေ၊ နိုင်ငံရေး အင်အားစုတွေရဲ့ နိုင်ငံရေးပေါင်းစည်းမှုနဲ့ ဖယ်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့အရေးက ပြန်လည်နိုးထလာပြီလို့ ပြောရင်းနဲ့ တခန်းရပ်လိုက်ပါမယ် ဆရာရေ။