မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 13 november 2010

နယ်အသီးသီးကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် မျှော်လင့်

ရန်ပိုင် Saturday, 13 November 2010 16:53 သတင်း
.လွတ်ရက် စေ့နေသည့် ဒေါ်အောင်ဆန်း စုကြည်ကို အခက်အခဲ အမျိုးမျိုးကြောင့် ကိုယ်တိုင်ကိုယ်ကျ ရန်ကုန်မြို့သို့ သွားရောက် မတွေ့ဆုံနိုင် သော်လည်း လွတ်မြောက်ရန် ဆုတောင်းနေပြီး သတင်းကို နားစွင့်လျက်ရှိကြောင်း နယ်မြို့အသီးသီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များနှင့် ပြည်သူများက ပြောသည်။
ရန်ကုန်မြို့NLDရုံးချုပ်ရှေ့ရှိပြည်သူများ။ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာမည်ဟူသော မျှော်လင့်ချက်ဖြင့်ယမန်နေ့ကတည်းကပြည်သူလူထုကစောင့်မျှော်နေခဲ့ကြသည်။(ဓာတ်ပုံ-ဧရာဝတီ)
ပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်းမြို့နယ် NLD စည်းရုံးရေးမှူး ဒေါ်ခင်ဝိုင်းက “မိန်းမချင်း ကိုယ်ချင်းစာတယ်၊ သားသမီးတွေလည်း ရှိတော့ ပိုပြီးစာနာမိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကိုယ်တိုင်ကိုယ်ကျ သွားရောက်နိုင်ခြင်းမရှိသော်လည်း ပြည်ပမီဒီယာများမှတဆင့် အမြဲတမ်းနားထောင်နေပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ ရောက်ရှိကတည်းက ပြင်ပတွင် လွတ်လပ်စွာနေထိုင်ရသည်ထက် အပြစ်မရှိဘဲ ချုပ်နှောင်ခံရသည့် အချိန်က ပိုမိုများပြားကြောင်း၊ ယခုကဲ့သို့သော တိုင်းပြည်အခြေအနေမျိုးတွင် အမျိုးသားရေး ခေါင်းဆောင်တဦးအနေဖြင့် ပိုမိုလွတ်မြောက်စေချင်ကြောင်း ဒေါ်ခင်ဝိုင်းက ဆက်လက်ပြောသည်။
မကွေးတိုင်း ရေနံချောင်းမြို့နယ် အဖွဲ့ချုပ် လူငယ်တာဝန်ခံ ဦးသန်းအောင်ကလည်း စီးပွားရေး၊ လူမှုရေး အခက်အခဲ အမျိုးမျိုးကြောင့် မသွားရောက်နိုင်သော်လည်း ပြည်ပမီဒီယာများ၊ ရေဒီယိုများမှ ထုတ်လွှင့်သည့် သတင်းများကို နားထောင်ပြီး လူထုခေါင်းဆောင် တဦးလွတ်မြောက်လာသည်ကို ကိုယ့်အရပ်ကိုယ်ဒေသမှ ကြိုဆိုနေပါကြောင်း၊ လွတ်မြောက်လာပါက အထိမ်းအမှတ်အနေဖြင့် ပွဲလမ်းကျင်းပရန် စီစဉ်ထားကြောင်း ပြောကြားသည်။
ကျန်းမာရေး မကောင်းသည့်အတွက် ခရီးဝေးမသွားနိုင်ခြင်းကြောင့် သွားရောက်မကြိုဆိုနိုင်သော်လည်း လွတ်မြောက်လာခဲ့လျှင် အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာခံစားရပါကြောင်း၊ လွတ်ရက်စေ့နေပြီဖြစ်သည့်အတွက် လွတ်မြောက်ရမည်ဟု ထင်ပါကြောင်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တွင် အရွေးချယ်ခံရသည့် NLDပါတီ မြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်က ဆိုသည်။
“အခုဒီမိုကရက်တစ်မြန်မာ့အသံ(DVB)ကိုအမြဲဖွင့်ပြီးနားထောင်နေတယ်။လွတ်ပြီးရင်တော့ သွားတွေ့ရမယ်” ဟု ၎င်းက ဆို သည်။
မန္တလေးမြို့ခံ သတင်းသမားတဦးက မန္တလေးမြို့တွင်လည်း ပြည်သူများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရန် မျှော်လင့်ချက် အပြည့်နှင့် စောင့်ဆိုင်းနေကြောင်း၊ မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို အစိုးရက ပယ်ချသည့် သတင်းထွက်ပေါ်ပြီးကတည်းက လွတ်မြောက်ရန် လူတိုင်းမျှော်လင့်နေကြောင်းပြောသည်။
“ရန်ကုန်မြို့မှာလို သွားစောင့်စရာနေရာ မရှိပေမယ့်၊ မနေ့ကဆို လွတ်သွားတယ်ဆိုတဲ့ သတင်းကြောင့် တမြို့လုံး ၀ုန်းဒိုင်းကြဲ နေတာပဲ” ဟု ၎င်းကဆိုသည်။
မန္တလေးမြို့ရှိ ရဟန်းသံဃာများနှင့် မြို့ခံများသည် လွတ်မြောက်မှုသတင်းကို ရေဒီယိုများနှင့် DVB ရုပ်သံသတင်းကို ဖွင့်၍ နားထောင်နေကြောင်း အဆိုပါ သတင်းသမားက ဆက်ပြောသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏မန္တလေးတိုင်းဥက္ကဋ္ဌဒေါက်တာ တင်မောင်ထွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ဆုံးဖြတ်ချက်များ မှန်ကန်ကြောင်း၊ လွတ်မြောက်လာလျှင် အပြောင်းအလဲတခု ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြောင်း၊ ရွေးကောက်ပွဲ ပြဿနာများကို ၎င်းသာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းပြောဆိုသည်။

Geen opmerkingen: