မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 19 november 2010

NDF ဒုတိယခေါင်းဆောင်ကို ပါတီက ထုတ်ပယ်

ခင်ဦးသာ Friday, 19 November 2010 18:23 သတင်း
.အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ၏ဒုတိယခေါင်းဆောင်နှင့်ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းညွန့်အား ပါတီဝင် အဖြစ်မှ ရပ်စဲလိုက်ကြောင်း သိရသည်။
“ထုတ်ပယ်ရတဲ့ အဓိက အကြောင်းကတော့ ပါတီအတွင်းရေး ကိစ္စတွေကို ပါတီတွင်းမှာ မပြောဘဲ အပြင်မှာပြောတယ်၊ ကျနော်တို့ကို အမျိုးမျိုးစွပ် စွဲတယ်၊ အဓိကက ငွေကြေးကိစ္စပေါ့၊ မရှုပ်မရှင်းတွေ လုပ်ကြတယ်ဆိုပြီး စွပ်စွဲတယ်”ဟု NDF၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။
NDFပါတီခေါင်းဆောင်ဦးခင်မောင်ဆွေကို၎င်းပါတီရုံးချုပ်တွင်အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်းဘဲလ်နှင့်တွေ့ဆုံအပြီးတွင်တွေ့ရစဉ်
NDF ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ၃ ဦးမှာ ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့် တို့ဖြစ်ပြီး ဒေါက်တာသန်းငြိမ်းနှင့် ဦးခင်မောင်ဆွေတို့မှာ လွှတ်တော်အမတ်များ အဖြစ် ရွေးကောက်ပွဲ မဝင်ခဲ့ဘဲ ဦးသိန်းညွန့်မှာမူ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။
NDF ပါတီ၏ ငွေကြေးပြဿနာ ကိစ္စသည် နိုဝင်ဘာလ ၇ ရက်နေ့ရွေးကောက်ပွဲ မတိုင်ခင်ကပင် ဖြစ်ပေါ်နေကြောင်း သိရသည်။
NDFပါတီ၏နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၁၅ဦးအပြင်ပါတီ၏ဗဟိုအလုပ်အမှုဆောင်အားလုံး၏ သဘောတူညီချက်ဖြင့် ဦးသိန်းညွန့်အား နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပယ်ခဲ့ပြီး ယနေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ စာတင်မည်ဟု ဦးခင်မောင်ဆွေက ပြောသည်။
“ဒီမိုကရေစီလမ်းကြောင်းကို သွားနေကြတာ ဖြစ်လို့ လွတ်လပ်စွာ ပြောဆိုလို့ရပါတယ်၊ ကျနော်လည်း ပါတီရဲ့ဒုတိယ ခေါင်းဆောင် တဦးဖြစ်သလို ပြောရေးဆိုခွင့် ရှိသူ ၃ ဦးထဲက တဦးပါ၊ သူတို့လဲ သူတို့ပြောချင်တာတွေ ပြောနေကြတာပဲလေ” ဟု ထုတ်ပယ်ခံရသူ ဦးသိန်းညွန့်က ဆို သည်။
ဆက်လက်၍ ၎င်းသည် ရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ခန့်ထားသော ပါတီခေါင်းဆောင် ဖြစ်၍ ကော်မရှင်၏ အဆုံး အဖြတ်ကို စောင့်ကြည့်မည်ဖြစ်ကြောင်း၊ ဥပဒေနှင့် ကိုက်ညီမှု မရှိသော ပါတီ၏ လုပ်ရပ်များနှင့် ပတ်သက်၍ ကော်မရှင်ထံ လာမည့် သီတင်းပတ်အတွင်း၌ တင်ပြသွားမည် ဖြစ်ကြောင်း ပြောသည်။
“သူက သူကိုယ်တိုင်ရေးဆွဲထားတဲ့ ဥပဒေတွေ၊ စည်းကမ်းတွေ မလိုက်နာဘူးဗျ။ အစည်းအဝေး ခေါ်ရင်လည်းပဲ မလာဘူး။ ပြီးရင် အပြင်မှာ သူပြောချင်ရာတွေကို ဘောင်ကျော်ပြောတယ်” ဟု ဦးခင်မောင်ဆွေက ဆိုသည်။
ဦးသိန်းညွန့်ကလည်း ဦးခင်မောင်ဆွေ ပြောသကဲ့သို့ မဟုတ်ကြောင်း နိုင်ငံရေး ဦးဆောင်အဖွဲ့၏ အစည်းအဝေးများကို အမြဲသွားတက်လေ့ရှိကြောင်း ပြောသည်။
“ဒါပေမယ့် တချို့ကိစ္စတွေကို ကျနော်ဘာမှ မသိရဘူးဗျ၊ ကျနော်လည်း ပါတီ ခေါင်းဆောင်တယောက်ပဲ။ သိခွင့်ရှိတာပေါ့” ဟု ဦးသိန်းညွန့်က ဆိုသည်။
ဆက်လက်၍ ၎င်းက “နိုင်ငံရေးပါတီမှာ ဘဏ္ဍာရေးကိစ္စက အရေးကြီးတယ်လေ။ ၅၀၀၀ နဲ့အထက် အသုံးစရိတ်ဆိုရင် စာရင်း အတိအကျ ရှိရမယ်။ အလှူငွေတွေကို လက်ခံထားရင်လည်း အတိအလင်း အားလုံးကို အသိပေးဖို့လိုပါတယ်။ သူတို့ တယောက်၊ နှစ်ယောက်လောက်ပဲ သိပြီးတော့ ကျနော်ရော၊ ဘဏ္ဍာရေးမှူး ဦးကြည်မြင့်တောင် မသိတာတွေ ရှိတယ်” ဟု ဦးသိန်းညွန့်က ပြောသည်။
ဦးခင်မောင်ဆွေက ဦးသိန်းညွန့်သည် ပါတီခေါင်းဆောင်တဦး ဖြစ်သော်လည်း ပါတီ၏ တာဝန်များကို အပြည့်အ၀ မထမ်းဆောင်ဘဲ သူ၏ တကိုယ်ရည် အောင်နိုင်ရေးကိုသာ လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ပါတီဝင်များနှင့်ထိတွေ့မှု နည်းသူဖြစ်ကြောင်း ပြောဆိုသည်။
“ကျနော်တို့က ဦးသိန်းညွန့် စွပ်စွဲသလို နိုင်ငံခြားက တရားမ၀င် ငွေလက်ခံတာတွေ၊ မသမာ တာတွေ ဘာမှ တော့မရှိပါဘူး။ ငွေတွေ လက်ခံတယ် ဆိုတာလည်းပဲ ပါတီဝင် ကိုယ်စားလှယ်တွေ တဦးစ၊ နှစ်ဦးစပါ။ ဒါဟာ သူတို့ကိစ္စပါ။ကျနော့်ပါတီမှာငွေရေး၊ကြေးရေးကိစ္စမရှုပ်မရှင်းတာဘာမှမရှိပါဘူး”ဟု ဦးခင်မောင်ဆွေက ဆိုသည်။
ဦးသိန်းညွန့်ကို ဆွေးနွေးရန်NDFပါတီက အစည်းအဝေးခေါ်သော်လည်း မလာနိုင်ကြောင်း ပြန်ပြောသည်ဟု ဦးခင်မောင်ဆွေက ဆက်ပြောသည်။
“အစည်းဝေးလာဖို့ ဖုန်းဆက်တော့ ခင်ဗျားတို့ လုပ်ချင်ရာ လုပ်ဆိုပြီး ပြောတယ်။ ကျနော်က ခင်ဗျားတို့နဲ့ ကင်းတယ် ဆိုပြီး ပြောတယ်။ အဲဒီလို ပြောနေတော့ ဒါဟာ ပါတီ ပြိုကွဲအောင် လုပ်နေတဲ့ သဘောမို့လို့ သူ့ကို သက်ညှာစွာနဲ့ပဲ ထုတ်ပယ်လိုက်တာပါ” ဟု ၎င်းကဆိုသည်။
ဦးသိန်းညွန့်ကလည်း ၎င်းတဦးတည်း အောင်မြင်ရေးအတွက်သာ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ ပါတီဝင် ကိုယ်စားလှယ် များ၏ မဲဆန္ဒနယ်များ ဖြစ်သော တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ ပဲခူး စသည့် နေရာများကိုပါ သွားရောက်၍ မဲဆွယ် စည်းရုံး ဟောပြောခြင်းတို့ကို လုပ်ဆောင်ပေးခဲ့ကြောင်း။ ပဲခူး ဒေသသို့ သွားရောက်ခဲ့ရာတွင် ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဒေါက်တာ ၀င်းနိုင်တို့ ကိုယ်တိုင် ပါဝင်ကြောင်း ပြောပြသည်။
“တောင်ဥက္ကလာမှာ မြို့တော်ဝန်နဲ့ ပြိုင်ရမယ့် ကျနော်တို့ ကိုယ်စားလှယ် ဒေါ်တင်တင်မြ အတွက်ဆိုရင် တောင်ဥက္ကလာထဲက ၇ ရပ်ကွက်၊ ၈၊ ၉ ရပ်ကွက်တွေမှာ ကျနော်ကိုယ်တိုင် တအိမ်တက်၊ တအိမ်ဆင်း လိုက်ပြီးတော့ မဲဆွယ်ပေးခဲ့တယ်။ ဒါတွေကိုမသိချင်ယောင် ဆောင်နေတာဖြစ်မှာပေါ့” ဟု ဦးသိန်းညွန့်က ဆိုသည်။
ဆက်လက်၍ ၎င်းက“ဘယ်နိုင်ငံမှာမဆိုအနိုင်ရတဲ့သူကိုကိုယ့်ရဲ့ပြိုင်ဘက်ကတောင် ကွန်ကရက်ကျူလေးရှင်း လုပ်သေးတာပဲ။ သူတို့က ကျနော်နိုင်တာကို ဘာမှ မပြောကြဘူး။ NLDပါတီ ဥက္ကဋ္ဌကြီး ဦးအောင်ရွှေကတောင် ၈ ရက်နေ့ မနက်မှာပဲ ကျနော့်ကို ကွန်ကရက် ဂုဏ်ယူကြောင်း လှမ်းပြောသေးတယ်” ဟု လည်း ဦးသိန်းညွန့်က ဆက်ပြောသည်။
NDFပါတီသည် ရွေးကောက်ပွဲ မတိုင်ခင်ကလည်း စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေကြေး ယူထားသည်ဟု ဆိုကာ သတင်းများ ထွက်ပေါ် ခဲ့သေးသည်။
NDF ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ခွဲထွက်၍ စစ်အစိုးရ ဦးဆောင်ကျင်းပသော နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ၌ တတိယအင်အား အကြီးဆုံးပါတီအဖြစ် ကိုယ်စားလှယ်လောင်း ၁၆၁ ဦး ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာ ၁၆ ဦးသာ အနိုင်ရခဲ့သည်။
ရွေးကောက်ပွဲ ရလဒ်များနှင့်ပတ်သက်၍ ဒီမိုကရက်တစ် နိုင်ငံရေးပါတီအများစုသည် အငြင်းပွားဖွယ်ရာ ကိစ္စများနှင့် ကြုံတွေ့နေချိန်တွင် NDFပါတီတွင်း ပြဿနာများနှင့် ရင်ဆိုင်နေရသော်လည်း ပါတီ၏ လုပ်ငန်းစဉ်များကို ထိခိုက်မှု မရှိ ကြောင်း NDF ခေါင်းဆောင် ဦးခင်ဆွေက ပြောသည်။
ရွေးကောက်ပွဲ၌ စစ်အစိုးရ၏ ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် နည်းလမ်းမျိုးစုံ သုံးကာ မဲမသမာမှုများဖြင့် အနိုင်ယူသွား၍ အဝေဖန် ခံနေရသည်။

Geen opmerkingen: