မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 15 november 2010

ဒေါ်အောင်ဆန်းစုကြည်သတင်း စိစစ်ရေးက ကန့်သတ်

အောင်သက်ဝိုင်း Monday, 15 November 2010 15:13 သတင်း
.ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာများတွင် ဒေါ်အောင်ဆန်းစုကြည် သတင်းများကို လွတ်လပ်စွာ ဖော်ပြခွင့် မရှိဘဲ ကန့်သတ်ချက်များ ရှိနေကြောင်း သတင်းရရှိသည်။
ယနေ့NLDရုံးချုပ်သို့ရောက်ရှိစဉ်သတင်းထောက်များနှင့်စကားပြောနေသည့်ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ-AP)
လက်ရှိတွင် ပြည်သူလူထု စိတ်အ၀င်စားဆုံးသော သတင်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာသည့် သတင်းနှင့် မိန့်ခွန်း ပြောကြားသည့် အချိန်က အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့်အစုံကို ဖော်ပြန်ရန် ပြည်တွင်း သတင်းဂျာနယ်များက ကြိုးပမ်းကြသော်လည်း စာပေစိစစ်ရေးက ကန့်သတ်မှုများ ရှိနေသောကြောင့် လွတ်လပ်စွာ ဖော်ပြခွင့် မရကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းက ပြောသည်။
“ပထမဆုံး ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပေါ့။ ဓာတ်ပုံက အကြီးကြီးချဲ့လို့ မရဘူး။ သူတို့ ခွင့်ပြုသလောက်ပဲ သုံးခွင့်ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြခွင့်မပြုဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ သတင်းကိုလည်း မျက်နှာဖုံး တင်ချင်တယ်။ စာပေစိစစ်ရေးက ခွင့်မပြုဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင်လည်း အကောင်းမြင်သော ပြောကြားချက် များကိုသာ ခွင့်ပြုပြီး ပြည်သူလူထုအနေဖြင့်နိုင်ငံရေး နိုးကြားကြရန်၊ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင် တောင်းဆို တိုက်ပွဲဝင် ကြရန်ဆိုသော အချက်များ အပါအ၀င် မိန့်ခွန်း အကြောင်းအရာ အများအပြားကို စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုကြောင်း သိရှိရသည်။
“တကယ်တန်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အပြည့်အစုံသာ ဖော်ပြခွင့်ပြုရင် လူထုအတွက် တကယ်ကို နိုင်ငံရေးအသိတွေ နိုးကြားလာမယ်။ စုပေါင်းအားနဲ့ ဒီမိုကရေစီ ပန်းတိုင် လျှောက်လှမ်းရမယ်ဆိုတဲ့ မူဝါဒကို ပြည်သူတွေသိသွားမယ်။စစ်အာဏာရှင်တပါတီအာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကို အသိပေးထားတယ်”ဟုသတင်းဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေနှင့် နိုင်ငံရေး ဆက်လက် လုပ်ဆောင် သွားမည် ဆိုသော အချက်ကိုလည်း စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုပေ။
သတင်းဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံတပုံနှင့် လွတ်မြောက်လာပြီး မိန့်ခွန်း ပြောကြားသည်ဆိုသော သတင်း တပုဒ်ကိုသာ ဖော်ပြခွင့်ရကြောင်း သိရသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ကရန်ကုန်မြို့ရှိNLDရုံးချုပ်တွင် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ သတင်းကို ပြည်တွင်း သတင်းမီဒီယာများတွင် လွတ်လပ်စွာ ဖော်ပြခွင့် မရှိသေးပါက ရွေးကောက်ပွဲ ပြီးသည့်တိုင် မည်သို့မျှ ထူးလာခြင်း မရှိသေးကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို ကန့်သတ်ချက်ဖြင့်သာ ဖော်ပြခွင့် ရရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် သတင်းပါသော သတင်းဂျာနယ်များမှာ ဈေးကွက်တွင် ၀ယ်ယူသူ အထူးများပြားပြီး ရောင်းအားကောင်းနေကြောင်း သတင်းရရှိသည်။
“တနင်္ဂနွေနေ့ကဖြန့်တဲ့TrueNews၊FlowerNewsနဲ့ဒီနေ့တနင်္လာနေ့မှာဖြန့်တဲ့WeeklyElevenဂျာနယ်တွေ တော်တော် ရောင်းရတယ်။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနဲ့ သတင်းတွေ ပါလို့ပါ။ လူတွေက ဒေါ်အောင်ဆန်းစုကြည် သတင်း ပါလား မေးပြီးမှ ၀ယ်ကြတယ်။ တချို့လူတွေက သိမ်းထားချင်လို့ ဆိုပြီး ဂျာနယ်ဝယ်တယ်” ဟု မရမ်းကုန်းမြို့နယ်သမိုင်း လမ်းဆုံတွင် ဂျာနယ် လက်လီ၊ လက်ကား ဖြန့်သူ တဦးက ပြောသည်။
စာပေစိစစ်ရေးက ပိတ်ပင်မှုများပြုသော်လည်း သတင်းဂျာနယ်များသည် Facebookနှင့် ၎င်းတို့ပိုင် ဝက်ဘ်ဆိုက် များကို အသုံးပြုကာ ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ဓာတ်ပုံများကို အချိန်နှင့် တပြေးညီ တင်ပြခဲ့သည့်အတွက် ပြည်တွင်းပြည်ပ မြန်မာများအကြားတွင် အဆိုပါ ပြည်တွင်းသတင်း ဝက်ဘ်ဆိုက်များ ရေပန်း စားလာကြောင်း သိရှိရသည်။
လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၃ ရက်နေ့ ညနေက စစ်အစိုး၏ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး ထိုနေ့နှင့် ၁၄ ရက်နေ့က လူထုကို မိန့်ခွန်း ပြောကြားရာတွင် လူ ထောင်ပေါင်း များစွာ၏ အော်ဟစ် နှုတ်ဆက်ကြိုဆိုမှုများကို ရရှိခဲ့သည်။

Geen opmerkingen: