မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 20 november 2010

အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားတချို့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

စိုင်းဇွမ်ဆိုင်း Saturday, 20 November 2010 15:56 သတင်း
.အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား တချို့ ကျန်းမာရေး ချို့ယွင်းမှုများရှိနေပြီး ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ထောင်ဝင်စာတွေ့သူ မိသားစုဝင်များက ပြောသည်။
တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်၊ တက်ကြွလှုပ်ရှားသူလူငယ် ကိုညီညီထွန်းနှင့် ရခိုင်လူငယ် တဦးတို့သည် ခန္ဓာကိုယ် ချည့်နဲ့ဝေဒနာများခံစားနေရပြီး ပြင်ပဆေးရုံများသို့ ဆေးကုသခွင့် ရရန် လိုအပ်နေသည်ဟု မိသားစု ၀င်များက ပြောဆိုသည်။
“လေဖြန်းသလိုမျိုး ခြေထောက်တွေက ချည့်နေတယ်။ လူကလည်း တအားပိန်ပြီးတော့ မည်းခြောက်နေတယ်။ ဒီ ရက်ပိုင်း လေးအတွင်း ဖြစ်သွားတာ။ အရင် ၂ ပတ်လောက်က ဒီလို မဟုတ်ဘူး။ ဘာကြောင့်မှန်းဆိုတာ မသိဘူး။ ထောင်ဆေးရုံက အကြောဆေးပဲ ပေးထားတာ မသက်သာလို့ အပြင်ဆေးရုံ ပြဖို့ပြောထားတာ ခုထိခွင့်မရသေးဘူး”ဟု ကိုရဲထွဋ်ခေါင်၏ ဇနီး မမေမျိုးစု က ပြောသည်။
ကိုရဲထွဋ်ခေါင်သည်တွံတေးမြို့နယ်တွင်းဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး ဆု တောင်းပွဲများတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃ နှစ် ကျခံနေရခြင်းဖြစ်သည်။
ထို့အတူ နာဂစ်ဒုက္ခသည်များ ကူညီရေး စေတနာ့ဝန်ထမ်းလူငယ်တဦးဖြစ်သည့် တောင်ဥက္ကလာပမှ ကိုညီညီထွန်းနှင့် ရခိုင်လူငယ်တဦးသည်လည်း အလားတူ ကိုယ်ခန္ဓာချည့်နဲ့ ဝေဒနာများ ခံစားနေရ၍ ထောင်အာဏာပိုင်များထံသို့ ထိရောက်သော ကုသမှုများပေးရန် မိသားစုဝင်များက ထပ်မံ တောင်းဆိုမည်ဟု သိရသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထောင်ချခံထားရသူပေါင်း ၂၂၀၃ ဦး ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ထုတ်ပြန်ထားသည်။

Geen opmerkingen: