မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 november 2010

ဒေါ်အောင်ဆန်းစုကြည်ကို လူအများ ဆက်လက်စောင့်မျှော်

ဧရာဝတီ Friday, 12 November 2010 20:05 သတင်း
.ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း ယနေ့ လွတ်မြောက်ရန် မသေချာ သေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒု- ဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
စစ်အစိုးရ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟူသော နေပြည်တော်မှ သတင်းစကားကို ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ၎င်း ရှိနေစဉ် လာရောက် ပြောကြားခဲ့သည်ဟု NLD ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။
“နေပြည်တော်က လွှတ်ဝရမ်း ထုတ်ပေးလိုက်ပြီ ဆိုတာ ကျနော့်ရှေ့မှာ သတင်းလာပါး ပါတယ်”ဟု ဦးအောင်သိန်းက ဧရာဝတီသို့ ပြောသည်။
ဦးတင်ဦးကလည်း“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မယ်လို့ ခန့်မှန်းမိပါတယ်”ဟု သတင်းထောက် များကို ပြောဆိုသည်။
ယနေ့တွင် ရန်ကုန်မြို့NLDရုံးချုပ်ရှေ့၌ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေသည့် လူအုပ်ကြီးမှာ ထောင်နှင့်ချီ၍ များပြား လာသည့်အတွက် ရုံးကိုလည်း ပိတ်ခဲ့ရကြောင်း၊ ယင်း လူအုပ်သည် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့သို့ သွားရောက် စောင့်မျှော်နေကြောင်း၊ သတင်းထောက်များလည်း စောင့်ကြည့်နေကြောင်း သိရသည်။
“အားလုံးကို မနက်ကျမှ လာ၊ ရုံးကိုလည်း စောစောဖွင့်မယ် ပြောထားတယ်”ဟု ဦးတင်ဦးက ဆိုသည်။
ဦးအောင်သိန်းကလည်း“အုပ်ချုပ်ရေးအာဏာနဲ့ ထောင်ချပြီးပြီ၊ အုပ်ချုပ်ရေးအာဏာနဲ့ ထိန်းသိမ်းထားတဲ့ အချိန်မှာ ထိန်းသိမ်းတဲ့ ဥပဒေကို ဖောက်ဖျက် တယ် ဆိုပြီး တရားရုံးပေါ်မှာ တရားစွဲ ပြစ်ဒဏ်ချပြီးပြီ၊ ပြစ်ဒဏ်ချတဲ့ အပေါ်မှာ အုပ်ချုပ်ရေး အာဏာအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က တ၀က် ပြစ်ဒဏ်ပဲချဖို့ ပြောထားတယ်၊ အဲဒီ တ၀က်ကိုလည်း ကောင်းမွန်စွာ နေရင် စောလွှတ်မယ်လို့ ပြောထားတာ၊ အခု အဲဒီ တ၀က်က ပြည့်ပြီ၊ လတ်တလောမှာ နောက်ထပ် ထပ်တိုးစရာတော့ မပေါ်နိုင်ဘူး၊ သေချာပေါက် လွှတ်ရတော့မယ်”ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည့် လွန်ခဲ့သည့် ၂၂ နှစ်အတွင်း နေအိမ်အကျယ်ချုပ် ကျခံနေရသည်မှာ ၁၅ နှစ် ရှိပြီ ဖြစ်သည်။

Geen opmerkingen: