မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 19 november 2010

ဘာသာရေးဖိနှိပ်မှု အဆိုးဆုံး နိုင်ငံ မြန်မာ ပါဝင်ဟု အမေရိကန် ထုတ်ပြန်

စိုင်းဇွမ်ဆိုင်း Friday, 19 November 2010 18:20 သတင်း
.စစ်အစိုးရက မြန်မာနိုင်ငံ အတွင်း ဘာသာရေး ဖိနှိပ်နေမှုများနှင့် ကန့်သတ်မှုများ အပေါ် စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံ၌ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလ ဗုဒ္ဓဘာသာ သံဃာများကို အကြမ်းဖက် ဖြိုခွဲခြင်း၊ ဖမ်းဆီး ထောင်ချခြင်း၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာ ဝင်များကိုလည်း ဖိနှိပ်ခြင်းများ ရှိနေသည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ယင်း အစီရင်ခံစာတွင် ပါရှိသည်။
ဗုဒ္ဓဘာသာ သံဃာတော်တပါးဖြစ်သည့် ဦးဂမ္ဘီရကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားခြင်းသည်လည်း ဖိနှိပ်မှု၏ သာဓကတခု ဖြစ်သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။
သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ထိုင်းနိုင်ငံမဲဆောက်ရုံးတာဝန်ခံ အရှင်ဇဝနကဗုဒ္ဓဘာသာသံဃာတော်များကိုဖိနှိပ်ခြင်းသည်၂၀၀၇ခုနှစ်ရွှေဝါရောင် သံဃာ့အရေးခင်းအပြီးတွင် ပိုမိုဆိုးဝါးလာသည်ဟု ဧရာဝတီသို့ ပြောသည်။
အရှင် ဇဝနက“တရားပွဲတွေ လုပ်မယ်ဆိုရင် အစိုးရ ခွင့်ပြုမိန့်မရဘဲနဲ့ ဘာမှမလုပ်ရဘူး၊ နာမည်ကြီး ဆရာတော်တွေက တရားပွဲတွေ လုပ်မယ်ဆိုရင် စောင့်ကြည့်တာမျိုး၊ ဟောတဲ့ တရားထဲမှာ သူတို့မကြိုက်တာ ပါသွားရင် တရားဟောခွင့် ပိတ်တယ်၊ အပြစ်ရှာပြီး ထောင်ချချင် ချတယ်။ သံဃာတွေ ခရီးသွားမယ်ဆိုရင်လည်း လူတွေထက်တောင် ပိုပြီးမှ ကန့်သတ် ခံရသေးတယ်”ဟု မိန့်ဆိုသည်။
“စစ်အစိုးရကဘာသာရေးလုပ်တယ်ဆိုတာကလူများစုဖြစ်တဲ့ဗုဒ္ဓဘာသာဝင်တွေသူတို့ကိုထောက်ခံလာအောင် ဘာသာရေးကို ဟန်ပြလုပ်နေတာ၊ ဘာသာရေးကို တကယ်ယုံကြည်တယ်ဆိုရင် ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးနဲ့ သာသနာတော် သန့်ရှင်းရေးကို လုပ်ရမယ်”ဟု အရှင် ဇဝနက ပြောဆိုသည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအပြီးတွင် သံဃာပေါင်း ၂၅၂ ပါးကို စစ်အစိုးရက ဖမ်းဆီး ထောင်ချခဲ့သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့(AAPP) ၏ မှတ်တမ်းများအရ သိရှိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်က မြန်မာနိုင်ငံသည် ဘာသာရေးဖိနှိပ်မှု အဆိုးဆုံး ၈ နိုင်ငံတွင် ပါဝင်ကြောင်း အခြားနိုင်ငံများမှာ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆော်ဒီ အာရေးဗီးယား၊ ဆူဒန်၊ ဥဇဘက် ကစ္စတန်၊ အီရစ္စထရီးယား နိုင်ငံတို့ ဖြစ်ကြသည်ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ဘာသာရေးဖိနှိပ်မှုများကို ကာကွယ်ပေးမည့် ဥပဒေများ ရှိနေသော်လည်း ဘာသာရေး၊ နိုင်ငံရေး လှုပ်ရှား သူများကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ အသင်းအဖွဲ့ ဥပဒေ၊ အီလက်ထရွန်နစ် ဥပဒေများဖြင့် ထိန်းချုပ်ထားသည် ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ပါရှိသည်။
၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုံးမုန်တိုင်း ကြောင့်ပျက်စီးသွားသည့် ဗလီများ၊ ဘုရားကျောင်းများကို အသစ်ပြန်လည် တည် ဆောက်ရန် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ခွင့်ပြုမိန့် တောင်းခံခဲ့သော်လည်း ပြန်လည်တည်ဆောက်ခွင့်အစား အသေးစား ပြင်ဆင်ခွင့်သာ ခွင့်ပြုခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်များအသင်းမှ အမည်မဖော်လိုသူ ဓမ္မဆရာတဦးက ၎င်းတို့ဘာသာ၏ ဓမ္မကျမ်းစာအုပ်များ၊ ဘာသာရေး ဆိုင်ရာ စာပေများကို ပုံနှိပ်ခွင့်သော်လည်းကောင်း၊ ထုတ်ဝေဖြန့်ချိခွင့်သော်လည်းကောင်း တင်းကျပ်ထားခြင်း သည် ဘာသာရေး ဖိနှိပ်မှု တခုဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
“အစိုးရက ဘုန်းကြီးကျောင်းတွေမှာ လှူဒါန်းနေတာတွေကို တီဗီတွေ သတင်းစာ တွေမှာပါ နေ့တိုင်းလိုလို ဖော်ပြတယ်၊ ဒါဟာ တခြားဘာသာဝင်တွေ ကို သိမ်ငယ်စေတယ်လို့ ကျနော် ခံစားရတယ်”ဟု အဆိုပါ ဓမ္မဆရာက ဆိုသည်။
အစိုးရ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်က ကိုးကွယ်ကြပြီး ခရစ်ယာန် ဘာသာကို ၄ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာကို ၄ ရာခိုင်နှုန်းနှင့် အခြား ၂ ရာခိုင်နှုန်းတို့ ဖြစ်ကြသည်ဟု ဖော်ပြထားသည်။
အစ္စလာမ်ဘာသာဝင်များက ဗလီဆောက်ရန် ခွင့်ပြုမိန့်တောင်းခံခြင်း၊ ၎င်းတို့ ဘာသာရေးဆိုင်ရာ စုရုံးခြင်းများကို ကန့်သတ် ထားခြင်းများလည်း ယခု အစီရင်ခံစာ ပြုစုနေစဉ်မှာပင် ဖြစ်ပွားနေသည်ဟု အစီရင်ခံစာက ဆိုသည်။
အစ္စလာမ်ဘာသာဝင်တို့၏ ကိုရမ်ကျမ်းစာကိုလည်း ၁၉၆၀ ခုနှစ်ကတည်းက ပုံနှိပ်ခွင့် မပြုကြောင်း၊ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ လတွင် အစ္စလာမ်ဘာသာဝင် ၆ ဦးကိုလည်း ခွင့်ပြုချက် မရဘဲ ဘာသာရေးစာဆောင်များ ဖြန့်ဝေသဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ စစ်တပ်တွင်လည်း အစ္စလာမ်ဘာသာဝင်များအား တာဝန်ထမ်းဆောင်ခွင့်မပြုကြောင်း၊ တာဝန်ထမ်းဆောင် လိုသူများက လည်း ၎င်းတို့ကိုးကွယ်သည့် ဘာသာကို ဗုဒ္ဓဘာသာဟု လျှောက်လွှာတွင် ဖြည့်စွက်ရကြောင်း ယမန်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။
မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း ဦးနုသည် ၎င်း၏ ဝန်ကြီးချုပ်သက်တမ်းတွင် မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ နိုင်ငံ အဖြစ် ကြေညာခဲ့ဖူးသည်။

Geen opmerkingen: