မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 november 2010

ကြံ့ဖွံ့ကို မဲမထည့်သဖြင့် ဒုက္ခသည်များကို အကူအညီ ဖြတ်တောက်

ခင်ဦးသာ Friday, 12 November 2010 18:34 သတင်း
ဂီရိဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသောရခိုင်ပြည်နယ်အတွင်းရှိကျေးရွာတချို့၌လေဘေးဒုက္ခသည်များသည် ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)အား မဲမပေးခဲ့ကြ သောကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ ရိက္ခာ ဖြတ်တောက်မှု ခံနေကြ ရကြောင်း သိရသည်။
“ရွေးကောက်ပွဲအပြီး နောက်တနေ့မှာပဲ ပြောတယ်။ ခင်ဗျားတို့က ကြံ့ဖွံ့ပါတီကို မထောက်ခံတဲ့အတွက် ဘာအကူအညီဖြစ်ဖြစ် ခင်ဗျားတို့မဲပေးတဲ့ ပါတီမှာ သွားတောင်းလို့ ပြောပါတယ်။ သူတို့ပေးတာ ကလည်း ဒီနေ့ အထိ ဆန် နို့ဆီဘူး ၁၂ လုံးပဲ ရှိပါသေးတယ်” ဟု လေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့နယ် ၀က်ခေါင်းရွာသား တဦးက ဧရာဝတီ ကိုပြောသည်။
လေဘေးဒဏ် အများဆုံးခံခဲ့ ရသော မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြား၊ ပုဏ္ဍားကျွန်း၊ စစ်တွေ စသည့်ဒေသများမှ ပြည်သူများသည် ရွေးကောက်ပွဲ၌ ဒေသခံ ပါတီတခုဖြစ်သော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)အား ထောက်ခံမဲ ပေခဲ့ခြင်းကြောင့် ကြံ့ဖွံ့ပါတီသည် ထိုဒေသများ၌ ရှုံးနိမ့်ခဲ့ရခြင်းကို အာဏာပိုင်များက မကျေမနပ် ဖြစ်နေကြောင်းသိရသည်။
“ကျနော်တို့ ပါတီကို ထောက်ခံခဲ့လို့ ဒုက္ခသည်တွေကို ထောက်ပံ့မှု မပေးဘူးဆိုတာဟာ တာဝန်ရှိသူ ပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ် မဟုတ်ပါဘူး။ ကျနော်တို့ကို ထောက်ခံပါလို့လည်း ကျနော်တို့က မဲဆွယ်ခဲ့တာ မရှိခဲ့ဘူး။ သူတို့ကြိုက်တာ သူတို့ ရွေးချယ်ခဲ့ကြတာပါ။ အဲဒီအတွက် ကျနော်တို့က ပိုပြီးတော့ ပြည်သူတွေအတွက် အလုပ်လုပ်ပေးသွားမှာပါ”ဟုမြေပုံမြို့နယ်မှRNDP၏ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းဖေ က ဧရာဝတီကို ပြောသည်။
စစ်အစိုးရအာဏာပိုင်များသည်လည်း ရွေးကောက်ပွဲ အပေါ်၌သာ အလေးထား လုပ်ဆောင်နေခြင်းကြောင့် လေဘေး ဒုက္ခ သည်များ၏ အရေးကို အလေးထားမှု မရှိတော့ကြောင်း ဒေသခံများက ပြောသည်။
ထိုဒေသများ၌ ပြည်တွင်း၊ပြည်ပNGOအဖွဲ့အစည်းများရောက်ရှိနေပြီဖြစ်သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးကိုမူ ဒေသဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်ရ မှသာ လုပ်ဆောင်နေရကြောင်း ရန်ကုန်အခြေစိုက် NGO တခု၏တာဝန်ရှိသူ တဦးက ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)၏အတွင်းရေးမှူးနှင့်၁၉၉၀ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင် တဦးဖြစ်သော ဦးအေးသာအောင်သည် လေဘေးဒေသများ ဖြစ်သော ကျောက်ဖြူ၊ မြေပုံမြို့နယ်များသို့ သွားရောက်ကာ လေဘေးကယ်ဆယ်ရေးများ လုပ်ဆောင်နေ ကြောင်း ဧရာဝတီကို ပြောသည်။
“အခုအရေးပေါ် လိုအပ်နေတာက နေစရာ အမိုးနဲ့စားစရာ ဆန် မလုံလောက် သေးတာပါပဲ။ လယ်တွေ အများဆုံး ပျက်စီးသွားတဲ့အတွက် လာမယ့်နှစ်မှာ ဆန်ရှားပါးမှု ဖြစ်လာနိုင်တယ်။ မျိုးစပါးတွေလည်း ကုန်ပြီ” ဟု ၎င်းက ဆိုသည်။
ဒုက္ခသည်များအတွက် ထောက်ပံ့မှုများ ရရှိရန် နိုင်ငံတကာ အဖွဲ့များ၊ NGO များ၏ အကူအညီကို တောင်းခံ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ဦးအေးသာအောင်က ပြောသည်။
“ကျနော့်ကိုတားဆီးတာ၊ ပိတ်ပင်တာတွေ မရှိပေမယ့် ကျနော်သွားတဲ့ နောက်ကို လိုက်စောင့်ကြည့်တာတွေ ရှိပါတယ်။ လောလောဆယ်တော့ ဓာတ်ဆားထုပ်တွေ၊ စာသင်ကျောင်း တချို့အတွက် သွပ်ပြားတွေ လှူဖို့ရှိပါတယ်” ဟု သူကဆိုသည်။၎င်းနှင့်အတူ ဒေသခံ RDNP ကိုယ်စားလှယ်များက ပါဝင်ကူညီပေးနေ ကြောင်းလည်း ဆက်ပြောသည်။
ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်၏ မဲဆန္ဒနယ် အများစုကို အနိုင်ရခဲ့သော RNDP ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း “အခုရက်ပိုင်းမှာ လေဘေးဒဏ်ထိခဲ့တဲ့ ရွာတချို့က သောက်ရေကန်တွေကို ရေတွေလွှမ်းသွားလို့ သောက်သုံးရေ အခက်အခဲတွေ ဖြစ်နေကြပါတယ်။ ဒီရွာတွေက ကျနော်တို့ပါတီကို ထောက်ခံတဲ့အတွက် အာဏာပိုင်တွေက ဘာမှ မလုပ်ပေးဘူးလို့ ဒေသခံတွေက တဆင့် သိရပါတယ်” ဟု ရှင်းပြသည်။
ရေလွှမ်းခံရသည့် ရွာများမှာ မြေပုံမြို့နယ်အတွင်းရှိ ကမ်းထောင်းရွာနှင့် တခြား ရွာတချို့ပါဝင်ကြောင်း၊ ၎င်းတို့အနေဖြင့် အမြန်ဆုံး ကူညီနိုင်ရန် ပြင်ဆင်နေကြောင်းလည်း ဒေါက်တာအေးမောင်က ဆက်ပြောသည်။
အလားတူ လေဘေးဒေသတခု ဖြစ်သော ပေါက်တောမြို့နယ်မှ ကျေးရွာ တချို့၌လည်း ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိသူ များသည် ကျေးရွာများအနီးရှိ တာတမံများကို ဖောက်ချလိုက်သဖြင့် ဒေသခံများ၏ စပါးခင်းများ အားလုံး ရေးလွှမ်းမိုး ခံခဲ့ရကြောင်း၊ ထိုသို့ လုပ်ဆောင်လိုက်ခြင်းမှာ ဒေသခံများက ကြံ့ဖွံ့ပါတီအား မထောက်ခံခဲ့ခြင်းကြောင့် ဒဏ်ပေး ခြင်းဖြစ်ကြောင်း၊ ထိုလုပ်ဆောင်မှုကို မယက ဥက္ကဋ္ဌအား အကြောင်းကြားသော်လည်း ထောက်ခံမဲပေးခဲ့သောRNDPပါတီသို့ သွားတိုင်ကြရန်သာ ပြောဆိုလိုက်ကြောင်း သိရသည်။
“သစ်တောဝန်ကြီး ဦးသိန်းအောင် လာတုန်းကလည်း ဒီဒေသမှာ ဒီမိုကရေစီ ပါတီဆိုတာ ရှိလား၊ ရခိုင်ပါတီရှိလား၊ ဒီပါတီတွေကို ထောက်ခံကြရင် အကူအညီကို ဒီလူတွေကပဲ ပေးကြလိမ့်မယ်”ဟု ပြောဆိုသွားကြောင်း ဒေသခံ တဦးက ပြောသည်။
လေဘေးဒေသသို့ လာရောက်ခဲ့သော စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်အပါအ၀င် ၀န်ကြီးများသည်၎င်းတို့ ကြံ့ဖွံ့ပါတီကသာ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်၍ ကြံ့ဖွံ့ပါတီကိုသာ မဲပေးကြရန် ဖိအားပေးပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ကျောက်ဖြူမြို့ ပိုက်ဆိပ် ရပ်ကွက်၌လည်း မဲပေးခဲ့သူ ၁၅၀၀ ၀န်းကျင်အား ကြံ့ဖွံ့ပါတီကိုသာ မဲပေးကြရန် ပြောဆိုပြီး မဲရုံ တာဝန်ကျသူများက ခြင်္သေ့တံဆိပ်၌ အမှန်ခြစ် ပေးခိုင်းသော်လည်း ဒေသခံ ၃၀၀ ၀န်းကျင်မှာ တခြားပါတီအား မဲပေးခဲ့ကြ၍ ထိုသူများကို ကယ်ဆယ်ရေး အကူအညီ ပေးမည့် ဒုက္ခသည် စာရင်းမှ ပယ်ထားခဲ့ကြောင်း ပိုက်ဆိပ် ရပ်ကွက်သား တဦးက ပြောသည်။
ကျောက်ဖြူမြို့၌ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)ရုံးစိုက်၍ ကူညီပေးနေပြီး ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် တခြားသောNGOအဖွဲ့များက အာဏာပိုင်များ ခွင့်ပြုသည့် နေရာများကို ကူညီ ပေးနေကြောင်း သိရသည်။
အောက်တိုဘာ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ မြေပုံ၊ အမ်း၊ ပေါက်တော၊ မာန်အောင်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့်ဒေသများကို တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သည်။
ဂီရိဆိုင်ကလုန်းကြောင့် သေဆုံးခဲ့ရသူဦးရေမှာ စုစုပေါင်း ၁၇၀ ၀န်းကျင် ရှိခဲ့ပြီး အိုးအိမ်မဲ့ ဒုက္ခသည်ပေါင်း ၂ သိန်း ၀န်းကျင် ရှိသည်ဟု သိရသည်။
စပါးခင်းများ၊ တာတမံများနှင့် ဆားကွင်းများ၊ လယ်မြေများ ဧက ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပုစွန် မွေးမြူရေး လုပ်ငန်း ဧကပေါင်း ၁ သိန်းကျော် ပျက်စီးသွားကြောင်းလည်း ကြားသိရသည်။

Geen opmerkingen: