မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 19 november 2010

တစည ခေါင်းဆောင်များအပေါ် ပါတီဝင်များ မကျေနပ်

ရန်ပိုင် Friday, 19 November 2010 18:25 သတင်း
.ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)၏ မဲမသမာမှုများနှင့် ပတ်သက်ပြီး တုံ့ပြန်မှု နှောင့်နှေးနေသည့် အတွက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ခေါင်းဆောင်များ အပေါ် ပါတီဝင်များ အကြား မကျေနပ်မှုများ ဖြစ်ပေါ်နေ ကြောင်း သိရသည်။
                                                                             တစညပါတီအခမ်းအနား(ဓာတ်ပုံ-ဧရာဝတီ)
ထိုမဲမသမာမှုများကို လျှင်လျှင်မြန်မြန် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခြင်း မရှိလျှင် အနာဂတ်နိုင်ငံရေးတွင် ပါတီ အနေ ဖြင့် အခက်အခဲတွေ့လာနိုင်သည်ဟု တစည ပါတီဝင်များက ပြောဆိုသည်။
ပဲခူးတိုင်း   သာယာဝတီမြို့နယ်မှတစညပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစန်းလွင်က“မဲမသမာမှုတွေကို ကျေးလက်ကလူ တွေတော်တော် မခံချင်ဖြစ်နေတယ်၊ ပြည်သူကျေနပ်လောက်တဲ့ အဖြေတခု ပါတီအနေနဲ့ ထုတ်ပေးမှဖြစ်မယ်”ဟုပြောသည်။
ပါတီအနေဖြင့် ကြံ့ဖွံ့ပါတီ၏ မဲမသမာမှုများကို ပြတ်သားစွာ ပြောဆိုဆောင်ရွက်ခြင်းမရှိလျှင် ပြည်သူများ၏ ခံစားချက်ကိုလျစ်လျူရှု ရာ ရောက်သည့်အပြင် နောင်တွင် ပါတီရပ်တည်ရေးအတွက် စည်းရုံးလှုပ်ရှားရန်ပင် မလွယ်ကူသည့် အဖြစ်သို့ ရောက်ရှိသွားမည် ဖြစ်ကြောင်း၊ ပါတီဝင်အဖြစ်မှ နှုတ်ထွက်မှုများရှိလာမည်ဖြစ်ကြောင်းလည်း ဦးစန်းလွင် ကပြောသည်။
ကြံ့ဖွံပါတီဝင်များသည် ကိုက်ငါးရာအတွင်း မဲဆွယ်မှုမပြုလုပ်ရဆိုသည့် ရွေကောက်ပွဲဥပဒေကို ချိုးဖောက်မှုများ ပြုလုပ်သည့်အပြင်၊ မဲရုံ အတွင်း၌ပင် ကြံ့ဖွံပါတီကို မဲထည့်ရန် ၀င်ရောက်ပြောဆိုမှုများ ရှိကြောင်း၊ ထိုမဲမသမာမှုများကို အချက်အလက်များနှင့် သာယာ ၀တီခရိုင် ကော်မရှင်တွင် တိုင်ကြားထားသည့် အပြင် အချက်အလက်များကိုလည်း ဆက်လက်စုဆောင်းနေကြောင်း သိရသည်။
တစညပါတီမ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် တိုင်းဒေသကြီး ၂ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်းကလည်း ကြံ့ဖွံ့ ပါတီ ၏ မဲမသာမှု လုပ်ရပ်များကို ပါတီအနေဖြင့် ပြတ်သားစွာဖော်ထုတ် အရေးယူပေးရန်၊ အရေးယူမှုမရှိလျှင် ပါတီအောက်ခြေ တွင် တာဝန်ယူဆောင်ရွက်မည့်သူများ ရှိတော့မည် မဟုတ်ကြောင်း မကြာသေးမီ ရက်ပိုင်းက တစည ပါတီ ဗဟို ကော်မတီသို့ စာပေးပို့ထားသည်ဟု ဧရာဝတီသို့ ပြောသည်။
“ကြံ့ဖွံ့ပါတီရဲ့ မဲလိမ်မဲခိုး၊ ဥပဒေချိုးဖောက်တာတွေက ကျနော်တို့ချည်း ခံရတာမဟုတ်ဘူး၊ ပါတီ ခေါင်းဆောင်ပိုင်းက ဦးခင်မောင် ကြီးတို့ ဦးဟန်ရွှေတို့၊ ဗိုလ်ချုပ်အေးစန် တို့လည်း ခံရတာပဲ၊ သူတို့သိပါတယ်”ဟု ဦးမြင့်သိန်းက ဆိုသည်။
တစညပါတီမှ လူငယ်စည်းရုံးရေးတာဝန်ခံ ဗိုလ်မှူးချုပ်ဟောင်း ဦအေးစန် ဥက္ကံမြို့သို့ စည်းရုံးရေးဆင်းရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ဘုန်းကြီးကျောင်း၊ ဘုရားစသည့် ဘာသာရေး အဆောက် အအုံများကို အသုံးမပြုရန် တားမြစ်ခဲ့ကြောင်း၊ တနေ့ တည်း ရောက်ရှိလာသည့် ကြံ့ဖွံ့ပါတီမှ ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းကိုမူ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်၏ အမိန့်ဖြင့် အသုံးပြုခွင့် ပေးခဲ့ကြောင်း ၎င်းက ထောက်ပြသည်။
ဗိုလ်မှူးချုပ်ဟောင်း ဦးအေးစန်သည် ယခင် ဦးနေ၀င်း၏ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက်က အရှေ့မြောက်တိုင်းစစ်ဋ္ဌာန ချုပ်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
ကြံ့ဖွံပါတီ၏ မဲမသမာမှု၊ မဲလိမ်မှုများကို မှတ်တမ်းတင်ထားကြောင်း၊ ဥက္ကံမြို့ ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက်ရှိ မဲရုံတွင် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးက တဦးတည်း အမည်အမျိုးမျိုးဖြင့် အကြိမ်ကြိမ် ၀င်ရောက်မဲပေးမှုကို ဖော်ထုတ်နိုင်ခဲ့ ကြောင်း၊ ကိုက်ငါးရာအတွင်း မဲဆွယ် မှုများကိုလည်း မှတ်တမ်း ဓာတ်ပုံတင်ထားကြောင်း ဦးမြင့်သိန်းက ဆက်လက်ပြောဆိုသည်။
ပဲခူးတိုင်း သဲကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် အမှတ်(၂)မှ ၀င်ရောက်ယှဉ်ပြိုင်သည် တစည ပါတီမှ ဒု ဗိုလ်မှူးကြီးဟောင်း ခင်မောင်ဝင်းကလည်း“ပါတီအနေနဲ့ ရွေးကောက်ပွဲ မဲလိမ်မဲခိုးတွေကို အရေးယူမှု၊ ဝေဖန်မှုက အရမ်းနှေးတယ်”ဟု ပြောဆိုသည်။
ယခုရွေးကောက်ပွဲသည် နိုင်ငံတော် ၀န်ကြီးချုပ် ဦးသိန်းစိန်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးတို့ ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ပေးသည့် ကတိက၀တ်များနှင့် လုံးဝကွာခြားကြောင်း၊ တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ဖြစ်ကြောင်း ၎င်းက ဝေဖန်သည်။
တစည ပါတီအနေဖြင့် တနိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ်နေရာပေါင်း ၉၉၉ နေရာဝင်ရောက်ယှဉ်ပြိုင်ရာ ကြံ့ဖွံ့ပါတီ ပြီးလျှင် ဒုတိယ အင်အားအကြီးဆုံးပါတီဖြစ်သည်။
ဒု ဗိုလ်မှူးကြီး ခင်မောင်ဝင်းသည် သဲကုန်းမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၈၀ တွင် တပ်ရင်းမှူးအဖြစ် ၁၉၉၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဆောက်လုပ်ရေးဝန်ကြီး ဌာနတွင် ၂၀၀၀ ခုနှစ်အထိ ညွန်ကြားရေးမှူး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
တစညပါတီ၏ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူတဦးကမူ မဲမသာမှုများကို ပြည်ထောင်စု ကော်မရှင်ကို တိုင်ကြားရန် စီစဉ်နေကြောင်း ဧရာဝတီသို့ ပြောသည်။
တစညပါတီသည် ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအား တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီအဖြစ် ၁၉၈၈ ခုနှစ် တွင်ပြောင်းလဲဖွဲ့စည်းခဲ့သည့် ပါတီဖြစ်ပြီး ထင်ရှားသည့် ပါတီခေါင်းဆောင်များမှာ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီ၊ ဗိုလ်မှူးချုပ် ဟောင်း ဦးချစ်လှိုင် စသည့် ယခင် စစ်ဘက်အရာရှိဟောင်းများနှင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်သည်။
၁၉၉၀ခုနှစ်ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးလျှင် လွှတ်တော်ကိုယ်စားလှယ်နေရာအများဆုံး ရရှိထားသည့် ပါတီဖြစ်သည်၊ ယခု ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် တစည ပါတီသည် လွှတ်တော်သုံးရပ်တွင် ၆၃ နေရာအနိုင်ရရှိသည်ဟု တရုတ် ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။

Geen opmerkingen: