မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 14 november 2010

ဒေါ်အောင်ဆန်းစုကြည် အမျိုးသားရင်ကြားစေ့ရေး ဆက်လုပ်မည်

ကိုစိုး Sunday, 14 November 2010 17:17 သတင်း
.မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီ အင်အားစုအားလုံးနှင့် လက်တွဲ၍ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ယနေ့ ပြောကြား လိုက်သည်။
ယနေ့ နေ့လယ် ၁၂ နာရီ က ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ်၌ ပထမဆုံး အကြိမ် လူထုသို့ ပြောကြား သည့် မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။
        NLDရုံးချုပ်၌လူထုမိန့်ခွန်းပြောကြားနေသောဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-ဧရာဝတီ)
“ကျမကတော့ ပြည်သူတွေကြားမှာ၊ ကျမတို့ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးဖြစ်အောင် လုပ်သွားမှာပဲ၊ ကျမ စိတ်ထဲ မှာ ဘယ်သူနဲ့ဖြင့် အဆင်ပြေအောင် လုပ်လို့မရဘူး၊ ဘယ်သူနဲ့ဖြင့် စကားပြောလို့ မရဘူးဆိုတာ လုံးဝ မရှိဘူး၊ ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ရပါတယ်၊ စကားပြောချင်တဲ့ စိတ်ရှိရင် ပြောလို့ရပါတယ်၊ ကျမကတော့ ဒီလမ်း အတိုင်း သွားမှာပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့အင်အား လိုသည်ဟုလည်း ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု၏ ဆန္ဒ သဘောထားကို ဦးစွာ နားထောင်မည်ဟု ပြောဆိုလိုက်ပြီး ပြည်သူလူထုက မျှော်လင့်ချက်နှင့် အားပေးနေသည်ကို သိကြောင်း၊ ပြည်သူလူထု စိတ်ထဲတွင်ရှိသည့် ဆန္ဒကို ထုတ်ဖော်ပြောစေ လိုကြောင်း၊ တဦးတယောက်တည်း မဟုတ်ဘဲ ပြည်သူလူထုနှင့် လက်တွဲ၍ လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ပြောသည်။
ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍မူ ယခုမှ လွတ်မြောက်လာသောကြောင့် တိတိကျကျ မပြောနိုင်သေးသည့် အတွက် လူထုကို တောင်းပန်သည်ဟုလည်း ၎င်းက ဆိုသည်။
“ပြည်သူတွေရဲ့ အသံကို အများကြီးကြားချင် ပါတယ်၊ အဲဒီအသံတွေကို နားထောင်ပြီးမှ ဘယ်လို ဆက်ပြီးတော့ သွားသင့် သလဲ ဆိုတာ ကျမတို့ ဆုံးဖြတ်မယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ထို့အပြင် ပြည်သူလူထုအနေဖြင့် သည်းခံရန်နှင့် လိုချင်သည်ကို အနာခံ၍ ရယူရန်၊ ၎င်းအနေဖြင့် လိုချင်သည်ကို လက်ဖြန့်၍ မတောင်းလိုကြောင်း၊ ပြည်သူလူထုကလည်း လက်ဖြန့်၍ မတောင်းဟု ယုံကြည်ကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး ၎င်းအား ချုပ်နှောင်ခဲ့သော စစ်အစိုးရအပေါ် အာဃာတ မထားကြောင်း၊ နိုင်ငံ အတွက် ဆောင်ရွက်ကြရာတွင် အကောင်း အဆိုး ကြုံရမည်ဖြစ်ကြောင်း၊ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ကြောင်းလည်း ပြောကြား သွားသည်။
ယင်းမိန့်ခွန်း ပြောကြားရာသို့ တက်ရောက်လာသော ပြည်တွင်း ၀ါရင့် သတင်းထောက် တဦးက ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ တွေ့မြင်ရသည့်အတွက် ၎င်း၏ သတင်းထောက် သက်တမ်းတွင် ယနေ့ အားရ ကျေနပ်ဆုံးဖြစ်ကြောင်း ပြောပြသည်။
“လူတွေက သိန်းနဲ့ ချီပြီးတော့တောင် ရှိမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုတွေ့ရတာပျော်တာပေါ့၊ ကျမဆို သတင်းထောက် သက်တမ်း ၁၀ နှစ် အထက်ရှိပြီ၊ သတင်းထောက် ဖြစ်ရတာ ဒီနေ့နဲ့ မနေ့က ကို အားအရဆုံးပဲ ၊ အကျေနပ်ဆုံးပဲ”ဟု ၎င်းက ဆို သည်။
ရန်ကုန် ကြည်မြင်တိုင်မြို့နယ်တွင် ဆေးခန်းဖွင့်လှစ်ကုသနေသည့် ဆရာဝန်တဦးကလည်း“ဒီနေ့ ဒေါ်စု ပြောတာတွေက ပြည်သူ လူထု အတွက်ရော၊ အတိုက်အခံရော အစိုးရအတွက်ပါ သင်ခန်းစာယူတတ်ရင် တန်ဖိုး ရှိတာတွေပဲ”ဟု ပြောသည်။
ပြည်သူတယောက်အနေဖြင့် ယနေ့ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားထောင်ရခြင်းသည် အားကိုးတခုရရှိ သွားသကဲ့သို့ ခံစားရသည်ဟု ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်နေ အမျိုးသမီးတဦးကလည်း ဧရာဝတီသို့ ပြောသည်။
“ခံစားနေရတဲ့ လူမှုဒုက္ခတွေ၊ ဖိနှိပ်မှုတွေ အကုန်လုံးကို လူကိုယ်တိုင်ဖြစ်စေ၊ စာနဲ့ဖြစ်စေ တိုင်လို့ရတယ်ဆိုတော့ အားကိုးရသွား တာပေါ့၊ အရင်တုန်းကဆိုရင် ယုတ်စွအဆုံး ရယက တောင် ကြောက်ပြီး ခေါင်းငုံ့ခံနေရတာလေ”ဟု ၎င်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို လာရောက်နားထောင်ကြသော များပြားလှသည့် လူအုပ်ကြီးမှာ စည်းကမ်းရှိပြီး သတ္တိ လည်း ရှိကြောင်း၊ ယခုကဲ့သို့ မြင်ရသည့်အတွက် ၀မ်းသာပီတိဖြစ်ရကြောင်း စမ်းချောင်း မြို့နယ်နေ အမျိုးသမီးက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း နားထောင်ခဲ့သူ ရန်ကုန်မြို့မှ လူငယ် တဦးကလည်း“တော်လှန် စကားတွေကို မကြားရဘူး၊ အနှစ်သာရအပြည့်ပါတဲ့ စည်းလုံးရေး သံစဉ်တွေကြားမှာ ကျနော်မျောသွားတယ်၊ အမေစု ဟာ နိုင်ငံခေါင်းဆောင် မဟုတ်ဘူး၊ ပါတီခေါင်းဆောင်မဟုတ်ဘူး၊ ပြည်သူ့ ခေါင်းဆောင်”ဟု ပြောဆိုသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရာသို့ အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုနှင့် NLD အဖွဲ့ဝင်များ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ နိုင်ငံခြား သံတမန်များ၊ ပြည်တွင်းပြည်ပ သတင်းထောက်များ အပါအ၀င် လူပရိသတ် ၅ သောင်းခန့် တက် ရောက် နားထောင်ကြကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်မှူးကြီး အမိန့်ဖြင့် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံခဲ့ရခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ကျခံနေရသည့် နေအိမ်အကျယ်ချုပ် ၁၈ လ သည် ယမန်နေ့က ပြည့်၍ ပြန်လည်လွတ်မြောက်လာ ခဲ့ သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၂ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ် ချုပ်ဖြင့် ထိန်းသိမ်း ထားခဲ့သည်။

Geen opmerkingen: