မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 17 november 2010

ကြံ့ဖွံ့ပါတီကို မင်းသားလွင်မိုး မဲပေး

နရီလင်းလက် Wednesday, 17 November 2010 17:38 သတင်း
.ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် အင်အား အတောင့်တင်းဆုံးနှင့် အခိုင်မာဆုံး ပါတီဖြစ်သောကြောင့် မဲထည့်ခဲ့သည်ဟု သရုပ်ဆောင် အကယ်ဒမီ လွင်မိုးက ဧရာဝတီကို ပြောသည်။
                                                သရုပ်ဆောင်အကယ်ဒမီလွင်မိုး(ဓာတ်ပုံ-popularmyanmar.com)
လက်ရှိ ယှဉ်ပြိုင်သွားသည့် ပါတီများထဲတွင် အပြောင်းအလဲများ ပြုလုပ်ပေးနိုင်မည့် အင်အားကြီးပါတီကို ရွေးချယ်ကာ ဇာတိ မြိတ်မြို့သို့ ပြန်၍ ကြံ့ဖွံ့ပါတီ ကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်သော ယုဇန ဦးဌေးမြင့်ကို မဲထည့်ခဲ့သည် ဟု သူကဆိုသည်။
လွင်မိုးက “မြန်မာပြည်က စီးပွားရေး လုပ်ငန်းရှင်တွေ တော်တော် များများက ကြံ့ဖွံ့မှာ ပါလာတယ်။ ပြိုင်တဲ့ သူကလည်း လက်ရှိ မြန်မာပြည်မှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်တော့ သူ့ကို ရွေးချယ် မဲထည့်ပါတယ်။ ပါတီကိုယ်စား ၀င်ပြိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကို ကိုယ်က မဲထည့်ပြီး အင်အား ထပ်ဖြည့်ပေးလိုက်တဲ့ သဘောပါပဲ” ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်၍ မဲထည့်ခွင့်ရှိခြင်းသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အတွေ့ကြုံသစ်ဟု မြင်ကြောင်း၊ အစဉ်အဆက် မဲထည့်ခွင့် မရခဲ့ကြကြောင်း၊ ဒီမိုကရေစီနှင့် ပတ်သက်၍လည်း ပါတီစုံဆိုသည်ကို မကြားခဲ့ဘူးကြောင်း ပြောဆိုသည်။
“သူများ နိုင်ငံတွေမှာ ဒီမိုကရေစီလို့ တောင်းဆိုနေ၊ အော်နေချိန်မှာ မြန်မာနိုင်ငံကလည်း ဒီမိုကရေစီ လုပ်ပေးဖို့ တနည်းတဖုံ တောင်းဆိုတဲ့ ပွဲတခုပါပဲ” ဟု လွင်မိုးက ဆိုသည်။
မြန်မာပြည်သူလူထုသည် ကြိုတင်မဲ ကောက်ယူခြင်း၊ မဲဆွယ်ခြင်း၊ ကျေးရွာများတွင် ခြိမ်းခြောက် မဲထည့်ခိုင်းခြင်းများ ပြုလုပ်ခဲ့သည့် ကြံ့ဖွံ့ပါတီကို မဲထည့်လိုခြင်း မရှိသည့်အပြင် ရွေးကောက်ပွဲ ရလဒ် ထွက်ပေါ်လာရာ၌ ကြိုတင်မဲများဖြင့် အနိုင်ယူသော အဆိုပါပါတီနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေကြကြောင်း ကြားသိရသည်။
သရုပ်ဆောင် လွင်မိုး အနေဖြင့် ကြံ့ဖွံ့ပါတီ၏ မဲမသမာမှုများ ရှိခဲ့ကြောင်းကို အသေးစိတ် အတိအကျ မသိရသေးကြောင်း၊ ကျင်းပ ပြီးစီးခဲ့သည့် ရွေးကောက်ပွဲသည် တရားမျှတပြီး လွတ်လပ်ခွင့်ရှိရေးအတွက် နိုင်ငံတော်က ဖန်တီးပေးခဲ့ကြောင်း ပြောသည်။
“တကယ်လို့ ဒီလို မသမာမှုတွေ တကယ် ဖြစ်ခဲ့တယ် ဆိုရင်တော့ ဒီပါတီကို ရွေးချယ်ပြီး ရင်ထဲ အသည်းထဲက မဲ ပေးလိုက်တဲ့ ပြည်သူတွေအပေါ် ညှာတာမှု ကင်းမဲ့တဲ့သဘော ဖြစ်မှာပေါ့။ ဒါပေမယ့် အခုထိ ကြံ့ဖွံ့ပါတီ မဲမသမာမှု ရှိတယ် ဆိုတာကို နိုင်ငံတော်ကလည်း မကြေညာသေးပါဘူး” ဟု လွင်မိုးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအတွက် အလားအလာကောင်း ပေါ်ထွန်းလာသည့် ပုံသဏ္ဍာန် ဖြစ်ကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ပြည်သူများ အစစအရာရာ တိုးတက်မှု ရှိလာစေရန် ၀ိုင်းဝန်း ကြိုးစားပေးမည်ဟု ယုံကြည်ကြောင်း လွင်မိုးက ဆက်ပြောသည်။
ရွေးကောက်ပွဲမတိုင်မီကလည်း လွင်မိုးသည် ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် လိုက်ပါခဲ့ဖူးသူ ဖြစ်သည်။
“ဒီခရီးစဉ်တွေကို လိုက်ပါတဲ့အတွက် ကျနော့် အနုပညာအပေါ်မှာ စိုးရိမ်တာ မရှိပါဘူး။ ကိုယ့်ဘာသာ လုပ်ပိုင်ခွင့် ရှိတယ်။ အခုအချိန်မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာ နိုင်တာပေါ့” ဟု သူက ဧရာဝတီကို ပြောခဲ့သည်။
လွင်မိုး၏ ပရိသတ်အများစုက ၎င်း ကြံ့ဖွံ့ပါတီကို မဲထည့်ခဲ့သည့်အတွက် ဝေဖန်ပြောဆိုနေမှုများ ရှိသည်ဟု သိရသည်။
လွင်မိုးသည် ရွေးကောက်ပွဲနေ့ မဲပေးမှု အတွေ့အကြုံကို ကျေနပ်ကြောင်းနှင့် မဲပေးစဉ်က လွတ်လပ်သည့် အရသာကို ခံစားရသည်ဟု ပြည်တွင်းထုတ် ပေါ်ပြူလာဂျာနယ်၏ အင်တာနက် စာမျက်နှာတွင် ပြောဆိုထားသည်။
“မဲပေးတဲ့နေရာမှာလည်းအဆင်ပြေတာမှချောနေတာပါပဲ။မဲပေးနေတုန်းထူးခြားချက်ကတော့ တော်တော်များများ မဲပေးကြ ပါတယ်။ ကျနော် ပေးတဲ့ အချိန်ကဆို မနက် ၁၁ နာရီပဲ ရှိသေးတာတောင် မဲပုံးမှာ မဲတွေနဲ့ ပြည့်နေပြီ။ သူတို့ကြိုက်တဲ့ ပါတီကို လွတ်လွတ် လပ်လပ် မဲပေးခွင့် ရှိလာတော့ လွတ်လပ်ခြင်းရဲ့ အရသာကို စပြီး ခံစားရပြီလို့ ကျနော် ခံစားရတယ်။ နိုင်ငံရေး အမြင်တွေ၊ နိုင်ငံ ရေးဗဟုသုတတွေ၊ နိုင်ငံရေးအတွေ့ အကြုံတွေကို လူတွေ စပြီး ရရှိရတော့မယ် ဆိုပြီး မြန်မာနိုင်ငံရဲ့ အလားအလာကို ကြိုတွေးလို့ ကျနော် ကိုယ်တိုင် အလိုလို ဝမ်းသာနေမိပါတယ်”ဟု အဆိုပါ စာမျက်နှာတွင် လွင်မိုးက ပြောထားသည်။
မြိတ်မြို့တွင် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လွင်မိုးက လေယာဉ်ခရီးဖြင့် ပြန်၍ မဲထည့်ခဲ့သည် ဆိုသော ယုဇန ဦးဌေးမြင့်သည် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်ကာ ရွေးကောက်ပွဲ မတိုင်မီက ကချင်ပြည်နယ်တွင် မြေယာအသိမ်း ခံရသည့် တောင်သူ ၈၃ ဦး၏ တရားစွဲဆိုခြင်းကို ခံထားရသူဖြစ်သည်။ အဆိုပါ အမှုအတွက် ကချင်ပြည်နယ် တရားရုံးက တရားခံအမည် နေရာတွင် ကြံ့ဖွံ့ အမတ်လောင်း ဦးဌေးမြင့်ကို ဖြုတ်ပယ်ပြီး သူ၏ လက်ထောက် အမည်နှင့် အစားထိုးခဲ့သည်။
သရုပ်ဆောင် လွင်မိုးနှင့်အတူ မဲပေးသွားသည့် မြိတ် ခရီးစဉ်တွင် ၎င်း၏ ဇနီးသည် အပါအဝင် အကယ်ဒမီ သရုပ်ဆောင် မေသန်းနုနှင့် တူမ ဇူးဇူးမောင်တို့လည်း လိုက်ပါသွားသည်ဟု သိရသည်။
ထို့အပြင် လွင်မိုး၏ အနုပညာ ညီအစ်ကိုများ ဖြစ်ကြသော လူရွှင်တော် အရိုင်း၊ ငှက်ပျောကြော်၊ ဖိုးဖြူနှင့် ကင်းကောင်တို့လည်း လိုက်ပါသွားသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည့် အတွက် ရန်ကုန်အခြေစိုက် TRUS NEWS ဂျာနယ်တွင် ပြန်လည် ရှင်းလင်းထားသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး လူရွှင်တော် ငှက်ပျော်ကြော်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းက “ရှူတင်ရှိတော့ မအား လို့ မလိုက်ဖြစ်ဘူး။ လွင်မိုးက တချိန်က အနုပညာသမား၊ အခုက စီးပွားရေးသမား ဖြစ်နေတော့ သူ့လုပ်ငန်းတွေနဲ့ ဆက်နွှယ် နေတဲ့ စီးပွားရေးသဘော နည်းနည်း ပါသွားပြီပေါ့။ သူ့ဘ၀အတွက် စီးပွားရေးနဲ့ လှုပ်ရှားရတာဆိုတော့ မှားတယ် မှန်တယ် ပြောလို့ မရဘူးပေါ့။ တချိန်ကတော့ လက်တွဲလုပ်လာပေမယ့် မထင်မှတ်တဲ့ အချိုးအကွေ့ကို သွားအပြစ်တင်လို့တော့ မရပါဘူး” လို့ ပြန်လည် ဖြေကြားသည်။
လူရွှင်တော် ဒါရိုက်တာ ဖိုးဖြူကလည်း လွင်မိုးနှင့် အတူ မဲသွားပေးခဲ့ရာတွင် ၎င်းတို့ သရဲ ၄ ကောင် (အရိုင်း၊ ဖိုးဖြူ၊ကင်းကောင်၊ ငှက်ပျောကြော်) ထဲက တယောက်မှ မပါကြောင်း ပြောဆိုသည်။
“ကျန်းမာရေး မကောင်းတော့ စိတ်လည်း မပါတာနဲ့ မဲ သွားမထည့်ခဲ့ဘူး။ ရုပ်ရှင်တောင် မရိုက်ဘူး။ မဲဆိုတော့ ပိုဆိုးတယ်။ ဂျာနယ်မှာ ပြန်ရှင်းတာတော့ မဟုတ်ပါဘူး။ လွင်မိုးနဲ့ လက်တွဲဖြုတ်ပြီ ဆိုတာလည်း မဟုတ်ပါဘူး။ ကားရိုက်ဖို့ မကြုံ တာက လွဲလို့ လွင်မိုးနဲ့ သူ့ကိစ္စရှိ ကိုယ်သွား၊ ကိုယ့် ကိစ္စရှိ သူလာ၊ အပြင်မှာလည်း ညီအစ်ကိုတွေပါပဲ” ဟု ဖိုးဖြူက ရှင်းပြသည်။
၎င်းက ဆက်လက်၍ မဲပေးသည့် ကိစ္စမှာ တယောက်ချင်းစီ၏ ဒီမိုကရေစီ ဖြစ်သောကြောင့် လွင်မိုး ကြံ့ဖွံ့ကို မဲထည့်ခဲ့ခြင်း အတွက် ကောင်းခြင်း၊ ဆိုးခြင်းကို မဝေဖန်လိုဟု ဆိုသည်။ သူက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့် အတွက် အတိုင်းမသိ ဝမ်းမြောက်ကြောင်းနှင့် ကိုဇာဂနာ အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် မျှော်လင့်ကြောင်း ပြောသည်။

Geen opmerkingen: