မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 19 november 2010

မြ၀တီ ဒေသခံများ တိုက်ပွဲထပ်ဖြစ်မည်ကို စိုးရိမ်

သန်းထိုက်ဦး Friday, 19 November 2010 19:11 သတင်း
.ကရင်ပြည်နယ် မြ၀တီမြို့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် စစ်အစိုးရ တပ်များ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို ဒေသခံ ပြည်သူများက စိုးရိမ်နေ ကြသည်ဟု သတင်းရရှိသည်။
ယနေ့ မြ၀တီမြို့အပြင် တနေရာတွင် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော DKBA နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် ကရင် အမျိုးသား အစည်းအရုံး(KNU)တပ်ဖွဲ့ တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဒေသခံများက ယခုကဲ့သို့ စိုးရိမ်နေကြခြင်း ဖြစ် ကြောင်းသိရသည်။
တိုက်ပွဲ အခြေအနေ အသေးစိတ်ကို မသိရှိရသော်လည်း မြ၀တီမြို့ရှိ စာသင်ကျောင်းများမှ ကျောင်းသူ ကျောင်းသားများကို ၎င်းတို့၏ မိခင်များက ယနေ့ မွန်းလွဲပိုင်းက လာရောက်ခေါ် ဆောင်သွားကြောင်း မြ၀တီမြို့ ဒေသခံ တဦးက ဧရာဝတီသို့ ပြော သည်။
“ဘယ်သူက သတင်းဖြန့်လိုက်လဲ မသိဘူး၊ ကျောင်းသား မိဘတွေက မြို့ထဲက ကြားလို့ဖြစ်မယ်၊ ကျောင်းသားတွေကို သွားပြန် ခေါ်ကြတယ်။ သွားခေါ်ကြတော့ ဆရာမတွေက မေးတယ်၊ ဘာဖြစ်လို့လဲ၊ ဒီလို ဒီလိုပဲ သတင်းကြားတယ်၊ ဒါဆို စိတ်မချရင် ပြန်ခေါ်သွားတဲ့၊ တယောက်စ ၂ ယောက်စ အားလုံး ခေါ်သွားတယ်”ဟု ၎င်းက ဆိုသည်။
ထို့အပြင် စစ်အစိုးရက နယ်ခြားစောင့်တပ် လက်ခံထားသော DKBAတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပါက KNU တပ် မဟာ ၆ နှင့် တပ်မဟာ ၇ တပ်ဖွဲ့ဝင်များ အပါအ၀င် ဗိုလ်မှူးချုပ် စောလားပွယ် တို့က စစ်ရေးအရ ပူးပေါင်း တိုက်ခိုက်ရန် မကြာ သေးခင် ရက်ပိုင်းက သဘောတူခဲ့ကြကြောင်း သိရသည်။
နယ်ခြားစောင့်တပ် လက်မခံသော DKBA တပ်ဖွဲ့ တချို့က ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် နိုဝင်ဘာလ ၁၇ ရက်နေ့က လာရောက် ပူးပေါင်းခဲ့သည်။
လာရောက်ပူးပေါင်းရာတွင် တပ်အင်အား ၁၀၀ ခန့်ရှိပြီး DKBA တပ်ရင်း ၉၀၉ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စတီးက ဦးဆောင်၍ လာရောက် ပူးပေါင်းခြင်းဖြစ်သည်။
၎င်းတပ်ဖွဲ့သည် ကရင်ပြည်နယ် ကော့ ကရိတ် ဒေသ တ၀ိုက်တွင် အခြေချသည့် တပ်ဖွဲ့ဖြစ်ကြောင်း၊ နိုဝင်ဘာ ၇ ရက်နေ့က မြ၀တီမြို့တွင် စစ်အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည့် ဗိုလ်မှူးချုပ် စောလားပွယ် ၏ DKBA တပ်မဟာ ၅ မှ တပ်ဖွဲ့တဖွဲ့ ဖြစ် သည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ် တချို့ကို ဗိုလ်မှူးချုပ် စောလား ပွယ် ဦးဆောင်သော DKBAတပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ စစ်အစိုးရကြား နှစ်ဘက် တင်းမာနေခြင်း ဖြစ် သည်။
စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBAတပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးချုပ် စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

Geen opmerkingen: