မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 22 november 2010

ပြောင်းရွှေ့လျှင် အခက်အခဲရှိဟု HIV/AIDS ဝေဒနာရှင်များပြော

စိုင်းဇွမ်ဆိုင်း Monday, 22 November 2010 19:10 သတင်း
.အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) လူမှုအထောက်အကူပြုအဖွဲ့မှ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် စောင့်ရှောက် ထားသည့် HIV/AIDS ဝေဒနာရှင်များက အာဏာပိုင်များက ၎င်းတို့ကို အဓမ္မရွှေ့ပြောင်းခိုင်းလျှင်လည်း ပြောင်းမည် မဟုတ် ဟု ဧရာဝတီသို့ ပြောဆိုသည်။
HIV/AIDSလူနာများထားရှိရာရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်ရှိဂေဟာသို့ဦးကျော်သူရောက်ရှိလာစဉ် (ဓာတ်ပုံ-ဧရာဝတီ)
အာဏာပိုင်များက အဓမ္မပြောင်းရွှေ့ခိုင်းနေသော်လည်း မဖြူဖြူသင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ရှိပါက ပြောင်းရွှေ့ရမည် ဟု မထင်ကြောင်း ဝေဒနာရှင် တဦးဖြစ်သူ မဝင်းဝင်းနိုင်က ပြောသည်။
“အစတုန်းက အစ်မ(မဖြူဖြူသင်း) တယောက်ပဲ ကျမတို့အတွက်ရှိတယ်၊ ကျမတို့ဆီကို အမေစု လာပြီးတဲ့ နောက်ပိုင်း ဆိုရင် အမေစုပါ ကျမတို့အတွက် ရှိနေပြီလို့ စိတ်ထဲမှာ ခံစားရတယ်။ အစ်မ နဲ့ အမေစုတို့ ရှိနေသရွေ့တော့ ကျမတို့ ပြောင်းရွှေ့ရမှာ မဟုတ်ဘူးလို့ စိတ်ထဲမှာ ထင်မိတယ်။ ပြောင်းခိုင်းမယ်ဆိုရင်လည်း ကျမတို့ ပြောင်းပေးမှာ မဟုတ်ဘူး”ဟု ၎င်းက ပြောဆိုသည်။
အခြားဝေဒနာရှင်တဦးဖြစ်သူ ကိုစူပါ ကလည်း သက်ဆိုင်ရာမှ ရွှေ့ပြောင်းခိုင်းထားသည့် သာကေတ ဆေးရုံသို့ ရောက်ဖူး ကြောင်း၊ ယင်း ဆေးရုံသို့ ဝေဒနာရှင်များ ပြောင်းရွှေ့ရပါက အခက်အခဲများ ကြုံရမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အဲဒီမှာ လူနာက ၆ ယောက်ပဲရှိတယ်၊ သောက်ရေတောင်မှ အဆင်မပြေဘူးဆိုတာ တွေ့ခဲ့ရတယ်။ လူနာ တယောက်ကို တရက် ဆန် နို့ဆီဘူး နှစ်ဘူးနဲ့ အသား တဆယ်သား ပေးတယ်၊ ဆီ၊ ဆား၊ ကြက်သွန်၊ သောက်ရေ ကိုယ့်ဘာသာကိုယ် ဝယ်ရတယ်၊ အဲဒါကြောင့် ကျနော်တို့တွေ ပြောင်းရွှေ့ရရင်လည်း အဆင်ပြေမှာမဟုတ်ဘူး”ဟု ကိုစူပါက ဆိုသည်။
NLD ဗဟိုကော်မတီဝင် မဖြူဖြူသင်း ဦးစီးပြီး စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင်များကို ယခုလ ၁၇ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ အားပေးခဲ့ပြီးနောက်ပိုင်းတွင် အာဏာပိုင်များက ဆက်လက်နေထိုင်ခွင့်ရှိ သည့် ဧည့်စာရင်းထုတ်ပေးရန် ငြင်းဆန်ခဲ့သည်။
“အမေစု လာလို့ ကျမတို့ကို ရွှေ့ခိုင်းတယ်လို့ မထင်ဘူး၊ အစတည်းက ဒီအသိုက်အမြုံကို ရွှေ့ပစ်ချင်တဲ့ဆန္ဒ လူကြီးတွေမှာ ရှိတယ်၊ အမေစုလာတာကို အကြောင်းပြပြီး ရွှေ့ခိုင်းတယ်လို့ ကျမ ထင်ပါတယ်”ဟု မဝင်းဝင်းနိုင် က ပြောသည်။
ဝေဒနာရှင်များကို ရွှေ့ပြောင်းခိုင်းသည့် ကိစ္စသည် မလုပ်သင့်၊ မလုပ်ထိုက်သည့် ကိစ္စဖြစ်ကြောင်း ဂေဟာတည်ရှိရာ ရပ် ကွက် လူထုကလည်း ဝေဒနာရှင်များ ပြောင်းရွှေ့ပြီး အခက်အခဲ ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အဖွဲ့ဝင်များ၊ အဆိုတော်များဖြစ်သည့် အနဂ္ဂ၊ ကျားပေါက်၊ သံသာဝင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး နှင့် စာရေးဆရာမ သန်းမြင့်အောင်တို့က တောင်ဒဂုံဂေဟာရှိ ဝေဒနာရှင်များအတွက် ဒံပေါက်၊ ရေခဲမုန့်၊ နာရေးကူညီမှု တံဆိပ်ပါ တီရှပ်များ၊ အဝတ်အထည်များ၊ ငွေ နှင့် ဘုရား ဆင်းတုတော်တဆူကို သွားရောက် လှူဒါန်းခဲ့သည် ဟုလည်း သိရှိရသည်။
“ဝေဒနာရှင်တွေကိုယ်တိုင်က သူတို့ကို ပြောင်းရွှေ့ဖို့ ဖိအားပေးခံနေရတယ်ဆိုတာ ပြောပါတယ်၊ ဒီထက် ပိုကောင်းတဲ့ နေရာ ရှိရင်တောင်မှ သူတို့တွေ မသွားဘူးဆိုတာ ကျနော်တို့အဖွဲ့ကို ပြောပါတယ်၊ တကယ်လို့ သူတို့တွေ ပြောင်းရွှေ့ရပြီး လိုအပ်တဲ့အကူအညီကို အခြေအနေနဲ့ အချိန်အခါလိုက်ပြီး ကူညီသွားဖို့ စိတ်ကူးထားပါတယ်”ဟု အနဂ္ဂက ပြောသည်။
“လူနာတွေ အားလုံးက သူတို့ မသေခင်စပ်ကြားမှာ သူတို့ စိတ်ချမ်းချမ်းသာသာနဲ့ နေသွားချင်တယ်၊ ဆိုတော့ ဒီပြောင်းရွှေ့ တဲ့ ကိစ္စကို လူသား တယောက်ရဲ့ စိတ်ဓာတ်၊ လူစိတ်နဲ့ ဆုံးဖြတ်ဖို့ ကောင်းတယ်”ဟု ဦးကျော်သူက ပြောသည်။
အဆိုတော် အနဂ္ဂ က လူမှုရေးလုပ်ငန်းများကို ယခင်တည်းက ဆောင်ရွက်ခဲ့ဖူးကြောင်း၊ နာဂစ်မုန်တိုင်း အပြီးတွင်လည်း လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ဖူးကြောင်း၊ HIV/AIDS ဝေဒနာရှင်များ အဓမ္မ ပြောင်းရွှေ့ခံရပြီး အရေးပေါ် အကူ အညီလိုအပ်လျှင် ပေးရန် အဆင်သင့်ရှိကြောင်း ပြောဆိုသည်။
မဝင်းဝင်းနိုင်က“မပြောင်းချင်ဘူးဆိုတာက ကျမတို့လူနာတွေအတွက် ဒီမှာ အရမ်း အဆင်ပြေတယ်။ ပို စိတ်ချမ်းသာတယ်။ လူနာတွေကလည်း တယောက်နဲ့ တယောက်အရမ်း စည်းလုံးမှုရှိတယ်။ အစ်မ တို့နဲ့ နေရတာ တအား နွေးထွေးတယ်”ဟု ပြောသည်။
ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးများက ဝေဒနာရှင်များ လက်ရှိနေထိုင်လျက်ရှိသော နေရာတွင် လူနာ အရေအတွက် များလွန်းသဖြင့် တီဘီကဲ့သို့ ကူးစက်ရောဂါများ ပြန့်ပွားရန်လွယ်ကူကြောင်း၊ ထို့ကြောင့် လက်ရှိ ဝေဒနာရှင် တချို့ကို သာကေတဆေးရုံသို့ လွှဲပြောင်းပေးရန် ဂေဟာတာဝန်ရှိသူများကို ပြီးခဲ့သည့် စနေနေ့က ပြောဆိုခဲ့သည်။
HIV/AIDSဝေဒနာရှင်များကိုဦးကျော်သူနှင့်အဆိုတော်အနဂ္ဂတို့မှနှုတ်ဆက်အားပေးနေစဉ်(ဓာတ်ပုံ-ဧရာဝတီ)
“ကျမတို့က HIV/AIDS တောင်ဖြစ်နေပြီပဲ၊ ဒီ တီဘီ လောက်တော့ မမှုတော့ဘူး၊ ဒီမှာရှိတဲ့ တီဘီ ဝေဒနာရှင်တွေလည်း စည်းကမ်းရှိတယ်၊ သူတို့သောက်ရမယ့်ဆေးကို ပုံမှန်သောက်နေကြလို့ သူတို့နဲ့ နေရဲတယ်”ဟုလည်း မဝင်းဝင်းနိုင်က ဆို သည်။
ကိုစူပါကလည်း တောင်ဒဂုံမြို့နယ်ရှိ ဂေဟာတွင် နေမကောင်းသူ ဝေဒနာရှင်များ၊ ART ဆေးသောက်နေရသူများ၊ ဆေးရုံမှ ဆင်းလာပြီး စိတ်ချရသည့် အခြေအနေမရှိသေးသူများ ရှိနေသောကြောင့် ဝေဒနာရှင်များကို ၎င်းတို့ နေထိုင်ရာဒေသများ သို့ ပြန်လွှတ်မည် ဆိုလျှင် များစွာအခက်အခဲ ဖြစ်ကြရမည် ဖြစ်ကြောင်း ပြောဆိုသည်။
HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်သည့် လုပ်ငန်းကို NLDလူမှုအထောက်အကူပြု အဖွဲ့က ရန်ကုန်တိုင်း အတွင်း ဂေဟာ ၃ ခုကို ၂၀၀၂ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး ကျောက်ပန်းတောင်း၊ အောင်လံ၊ တောင်တွင်းကြီး၊ စသည့် မြို့နယ်များမှ ဝေဒနာရှင်များ အများဆုံး ဖြစ်ကြကြောင်း၊ တောင်ဒဂုံ မြို့နယ်ရှိ ဂေဟာတွင် နေထိုင်သူ ၈၀ ကျော် ရှိကြောင်း သိရှိရသည်။
ဝေဒနာရှင်များအား ပြောင်းရွှေ့ပြီး ဂေဟာဖျက်မည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ကူညီရန် ဗြီတိသျှ သံအရာရှိ၊ ဖိလစ်ပိုင် သံအမတ်၊ သြစတြေးလျ ဒု သံအမတ် တို့နှင့် ယနေ့တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြသည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင် က ဧရာဝတီ သို့ ပြောသည်။
တောင်ဒဂုံမြို့နယ်ရှိ ဂေဟာမှ ဝေဒနာရှင်များကို လက်ရှိနေရာတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ကျော်ပြီး နေထိုင်ပါက ဖမ်ဆီး မည်ဟု အာဏာပိုင်များ က ယခုလ ၁၈ ရက်နေ့တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်။

Geen opmerkingen: