မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 20 november 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များတွေ့

ဝင့်နဒီ Saturday, 20 November 2010 16:29 သတင်း
.၂၀၁၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းများအနေဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသူ ၁၁ ဦးခန့်က ယမန်နေ့ နံနက် ၁၀ နာရီ ၀န်းကျင်တွင် ရန်ကုန် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည် ကို လာရောက် တွေ့ဆုံ ဆွေးနွေးကြောင်း သတင်းရရှိသည်။
                             ဒေါ်အောင်ဆန်းစုကြည်နှင့်တသီးပုဂ္ဂလကိုယ်စားလှယ်များတွေ့ဆုံစဉ်(ဓာတ်ပုံ-BBC)
ယင်းသို့ ဆွေးနွေးရာ၌ ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ပူးပေါင်း ဆောင်ရွက် သွား မည်ဟု ပြောဆိုကြောင်း ကမာရွတ်မြို့နယ် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ဒေါက်တာ ဖုန်းဝင်းက ပြောသည်။
“တွေ့ချင်ပါတယ်လို့ ကျနော်တို့က ကမ်းလှမ်းထားလို့ အချိန်ပေးတာပါ။ တွေ့ဆုံပြီးတော့ ရော မတွေ့ဆုံခင်ကရော ကျနော့်ရဲ့ ခံယူချက်ကတော့ အတူတူပါပဲ၊ ကျနော်တို့ကတော့ လောလောဆယ်တော့ ကျနော်တို့ တသီးပုဂ္ဂလ အနေနဲ့ ဆက်လက် ရပ် တည်သွားမှာပါ၊ ကျနော်တို့က ပြောထားတဲ့အတိုင်းပေါ့၊ ဒီမိုကရေစီ အလုပ်တွေကို လုပ်ခြင်းအားဖြင့် အားလုံး ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
ဒေါက်တာဖုန်းဝင်း၏ ဇနီး လှိုင်မြို့နယ်မှ တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ဒေါ်ယူဇာမော်ထွန်းကလည်း “ကျပ်တည်းနေတဲ့ အကူအညီ၊ ပြည်သူတွေရဲ့ အားကိုးရာ ဒီလိုဖြေရှင်းပေးရမှာတွေ အများကြီးပေါ့ အခုဆိုရင် ကျမတို့ ရှေ့လျှောက်ပြီးတော့ လူမှုရေးလုပ်ငန်းတွေ တက်တက်ကြွကြွ ရရင်ရသလို ရနိုင်သမျှ ကူညီသွားမှာပါ၊ နိုင်ငံ ရေးမို့လို့ ဒီမိုကရေစီမို့လို့ မဟုတ်ပါဘူး၊ အားလုံးရဲ့အကျိုးစီးပွားကို အကုန်အတူတူ လုပ်မယ်လို့ ပြောသွားပါတယ်”ဟု ပြော သည်။
အများပြည်သူ ကောင်းကျိုး ရည်ရွယ်ပြီး တွေ့ဆုံဆောင်ရွက်ခြင်းသာ ဖြစ်ပြီး ဥပဒေ ဘောင်အတွင်းမှ ပြည်သူ့အတွက် အကျိုးပြု သွားမှာဖြစ်ကြောင်း ဒေါ်ယူဇာမော်ထွန်းက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံခဲ့ကြသော တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများမှာ ကိုသိန်းတန်၊ ကိုစိုးကြည် ၊ ကိုဝင်းကို ၊ကိုရန်ကျော်၊ ကိုဝင်းချို၊ ကိုလှမျိုးမြင့်၊ ကိုသန့်ဇော်၊ ဒေါက်တာ စောလွင်၊ ဒေါက်တာ ဖုန်းဝင်းနှင့် ဒေါ်ယူဇာမော်ထွန်း စသည်တို့ ဖြစ်ကြောင်း သိရှိရသည်။
“ပြည်တွင်းမှာ ရှိတဲ့အင်အားစုတွေရော ပြည်ပမှာရှိတဲ့ အင်အားစုတွေရော ဘယ်လိုလုပ်ရမယ်ဆိုတာကို ညှိနှိုင်း တိုင်ပင်ပြီး လုပ်ကြမှာပါ၊ အဲ့ဒါကိုလည်း ဥပဒေဘောင် အတွင်းကနေပြီးတော့ပဲ လုပ်မှာပါ”ဟု တသီးပုဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ စောလွင် ကလည်း ပြောသည်။
ဒီမိုကရေစီအင်အားစုများ အားလုံးပေါင်းစည်းမိပါက ပြည်သူလူထုအတွက် အင်အားဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

Geen opmerkingen: