မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 13 november 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်လျှင် တိုင်းရင်းသားအရေး ဦးစားပေးစေလို

စိုင်းဇွမ်ဆိုင်း Saturday, 13 November 2010 14:30 သတင်း

.ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် လာပါက တိုင်းရင်းသားများ အရေးကို ဦးစားပေး လုပ်ဆောင် စေချင်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ယနေ့ ပြောဆိုလိုက်သည်။
ကချင် တိုင်းရင်းသားခေါင်းဆောင် ဒေါက်တာ မနန်တူးဂျာက “ဒီမိုကရေစီ ထွန်းကားရေးကို သက်ဆိုင်ရာပုဂ္ဂိုလ်များနဲ့ စိတ်ရှည်ရှည်၊ သဘောထားကြီးကြီး၊ အာဃာတတွေ မပါဘဲနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းကို ကိုင်စွဲပါလို့ အကြံပြုချင်ပါတယ်။ စိတ်ကူးယဉ်ဆန်ဆန် မဟုတ်ဘဲ လက်တွေ့ကျတဲ့ နည်းနဲ့ အကောင်အထည်ဖော်ပါ”ဟု ဧရာဝတီသို့ ပြောသည်။
ဒေါက်တာမနန်တူးဂျာက မြန်မာနိုင်ငံသည် တိုင်းရင်းသားအများအပြား နေထိုင်သည့်နိုင်ငံတနိုင်ငံ ဖြစ်သဖြင့် လက်ရှိအခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားများ၊ လက်ရှိ စစ်အစိုးရတို့နှင့် တွေ့ဆုံပြီး သုံးပွင့်ဆိုင် ဆွေးနွေးပွဲတရပ် ပြုလုပ်သွားသင့်သည်ဟု အကြံပြုသည်။
ဒေါက်တာတူးဂျာသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ ဒု ဥက္ကဋ္ဌဟောင်းတဦးဖြစ်ပြီး မကြာခင်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)ကို တည်ထောင်ခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးခဲ့ချေ။
တိုင်းရင်းသားများ လိုလားကြသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ တိုင်းရင်းသားများအားလုံး တန်းတူ အခွင့်အရေးရရှိရေး၊ အာဏာခွဲဝေကျင့်သုံးရေး စသည့်ကိစ္စများကို အလေးထားဆွေးနွေးစေလိုကြောင်းလည်း ဒေါက်တာ တူးဂျာက ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း၊ တွေ့ဆုံခွင့်ရရှိရေးကိုလည်း ၎င်းတို့ဘက်မှ တတ်နိုင်သမျှ ကြိုးစားသွားမည် ဖြစ်ကြောင်း ဆိုသည်။
နိုင်ငွေသိမ်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူကျင်းပရေးကို ဆက်လက် အကောင်အထည်ဖော်သွားမယ်။ အရင်တလောက ထုတ်ပြန်ခဲ့တဲ့ ကလေးမြို့ ကြေညာစာတမ်းကိုပဲ အဓိကထားပြီးမှ ကျနော်တို့ ဆွေးနွေးမယ်” ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားခေါင်းဆောင်တချို့က ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းတွင် စစ်ကိုင်းတိုင်း ကလေးမြို့၌ ဒုတိယပင်လုံညီလာခံကို ခေါ်ယူကျင်းပသွားမည်ဆိုသည့် ကလေးမြို့ဆုံးဖြတ်ချက် ကြေညာစာတမ်းကို သဘောတူ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့ကြသည်။
ဒီမိုကရေစီနှင့် တန်းတူအခွင့်ရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် တိုင်းရင်းသားပြည်သူ အားလုံး အတူတကွ လက်တွဲပြီး ဒုတိယပင်လုံညီလာခံကို ခေါ်ယူကျင်းပသွားမည်၊ ထိုညီလာခံကြီး အမြန်ဆုံးကျင်းပရန် ပြည်သူတရပ်လုံးက ကြိုးပမ်းသွားကြရမည်ဟူ၍ ကလေးမြို့ ကြေညာစာတမ်းတွင် ပါရှိသည်။
နိုင်ငံရေးပါတီ အများစုနှင့် တိုင်းရင်းသား ခေါင်းဆောင်အများစုက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ဆန္ဒရှိကြသည်ဟုပြောဆိုချိန်တွင်ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က ဒေါ်အောင်ဆန်းစုကြည်၏ NLDပါတီသည် တရားဝင်ပါတီ မဟုတ်သဖြင့် ၎င်းနှင့် တွေ့ဆုံရန်အတွက် လက်ရှိတည်ဆဲဥပဒေကို လေ့လာရဦးမည်ဟု ဧရာဝတီသို့ ပြောသည်။
နိုဝင်ဘာလ ၇ ရက်နေ့ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် အများစုတွင် အနိုင်ရခဲ့သည့် RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ကျနော်တို့က တရားဝင်ပါတီ၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ NLDက တရားဝင်မဟုတ်ဘူးလို့ ကြေညာထားတာကိုး။ တကယ်လို့များ NLD ကို တရားရုံးက တရားဝင်ပါတီအဖြစ် သတ်မှတ်ကြေညာပေးမယ်ဆိုရင် ကျနော်တို့ အနေနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ အစီအစဉ်ရှိပါတယ်” ဟု ဆိုသည်။
NLDမှခွဲထွက်ခဲ့သည့်အမျိုးသားဒီမိုကရေစီအင်အားစု(NDF)မှဒေါက်တာသန်းငြိမ်းက ဒေါ်အောင်ဆန်းဆန်းစုကြည် လွတ်မြောက်လာလျှင် တွေ့ဆုံခွင့်ရရန် မျှော်လင့်ကြောင်း ပြောသည်။
ဒေါက်တာ သန်းငြိမ်းသည် NLD ဗဟိုအလုပ်အမှုအဆောင် ကော်မတီဝင်ဟောင်းတဦးလည်း ဖြစ်သည်။
ယမန်နေ့ကတည်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မည်ဆိုသည့် သတင်းများကြောင့် ၎င်းနေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်းတွင် ထောင်နှင့်ချီသော လူထုက စုရုံးပြီး စောင့်မျှော်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်သည် ယနေ့ညနေ ၇ နာရီ၌ ကုန်ဆုံးမည်ဖြစ်သောကြောင့် စစ်အစိုးရအနေဖြင့် ဆက်လက် ထိန်းသိမ်းထားခွင့်မရှိဟု ပြောသည်။

Geen opmerkingen: