မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 15 november 2010

မျိုးဆက်သစ်လူငယ်များအကြား ဒေါ်အောင်ဆန်းစုကြည် ရေပန်းစားနေ

ဧရာဝတီ Monday, 15 November 2010 17:14 သတင်း
.ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ အနှစ် ၂၀ ကျော် အကျဉ်းချ ခံခဲ့ရသော်လည်း မျိုးဆက်သစ် လူငယ်များကြားတွင် ယခင်ထက် ရေပန်းစားနေဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ပြီး၂ရက်အကြာယနေ့တွင်ဒေါ်အောင်ဆန်းစုကြည်ကိုလူထုကြားတွင် ဤသို့တွေ့မြင်ရသည်(ဓာတ်ပုံ-AP)
၁၉၈၈ ဝန်းကျင်က မွေးဖွားခဲ့သည့် မျိုးဆက်သစ် လူငယ်များသည် နိုင်ငံရေးနှင့် အလှမ်းကွာဝေး မှုများရှိခဲ့ သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုတွင်မူ တက်ကြွနေကြပြီး အနယ်နယ် အရပ်ရပ်မှ လူငယ်ထုများ၏ စိတ်ကို လှုပ်ကိုင်နိုင်ကြောင်း လူငယ်များက ပြောကြသည်။
၈၈၈၈ အရေးတော်ပုံ ကာလကို မမီခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အမည် ကြားရုံဖြင့် နိုင်ငံရေးနိုးကြားစိတ်များ ဖြစ်ပေါ်လာသည်ဟု အသက် ၂၂ အရွယ် ပထမနှစ် နိုင်ငံခြား ဘာသာ တက္ကသိုလ် ကျောင်းသား တဦးက ပြောသည်။
“၈ လေးလုံး ဆိုတာ ကြားပဲ ကြားဖူးတာ။ မြင်ခဲ့ရတာလည်း မဟုတ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ခပ်ကင်း ကင်းပဲ နေတာ။ လူငယ်ဆိုတော့ စားမယ်၊ သွားမယ်၊ ကျောင်းတက်မယ်။ ဒီလောက်ပဲလေ။ မှတ်မှတ်ရရ ကျနော့်သူငယ်ချင်းက သောကြာနေ့ ကတည်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မယ် သွားကြည့်ရအောင် ခေါ်တယ်။ မလိုက်ဖြစ်ဘူး။ နောက်နေ့ ထပ်ခေါ်တော့ ကျနော်ကလည်း ဘာရယ်မဟုတ်ဘူး လိုက်သွားလိုက်တာ သူ့ကို အပြင်မှာ ပထမဆုံး မြင်ဖူးတာပဲ။ သူပြောတဲ့ အသံ ကြားတာနဲ့တင် အားတွေတက်လာပြီး ငိုချင်သလို ဖြစ်လာတာ” ဟု သူက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စစ်အစိုးရက ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး ထောင်ချခြင်း၊ ဖိနှိပ်ခြင်းများ ပြုလုပ်နေသောကြောင့် မျိုးဆက်သစ် လူငယ်များအနေနှင့် နိုင်ငံရေးကို ကြောက်စရာတခုအဖြစ် မြင်ကာ နိုင်ငံရေးစိတ်ဓာတ် အားနည်းနေရခြင်း ဖြစ်သည်။
“တော်ရုံ လူငယ်ဆိုတာကလည်း နိုင်ငံရေးနဲ့ အလှမ်းဝေးကြတာ များတယ်။ ဒီလို ဝေးအောင်လည်း လုပ်ထားတာ ပါတယ်။ နဂိုကတည်းက ၈၈ အရေးခင်းလည်း မြင်ဖူးတာမဟုတ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တုန်းကလည်း အလှမ်း ကွာတဲ့ နေရာမှာ ရှိနေတော့ လူငယ်တွေက နိုင်ငံရေးကို သိပ်စိတ်မပါတာ များတယ်။ ဒီအကြောင်းပြောရင် အဖမ်းခံရမှာ ဆိုပြီး အလို လို ကြောက်နေတာ”ဟု အသက် ၂၃ နှစ် အရွယ် မန္တလေး အခြေစိုက် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AsiaGreenBank)တွင် အလုပ် လုပ်နေသည့် လူငယ်တဦးက ဆိုသည်။
ယခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာသောကြောင့် လူငယ်များ နိုင်ငံရေးတွင် စိတ်ပါဝင်စားမှု ပိုမို အားကောင်း လာပြီး နိုးကြားမှု ရှိလာကြောင်းသူက ဆက်ပြောသည်။
“အမေစု လွတ်တဲ့နေ့ကဆို facebook မှာ အကုန်လုံး အမေစုပုံတွေနဲ့၊ အမေစု ပြောတဲ့ စကားတွေ တက်သွားတာ။ မြန်မာ လူငယ်တွေ ကြားထဲမှာလည်း အမေစု၊ အမေစု ဆိုပြီး ၀မ်းသာအားရ ပြောဆိုကြ၊ ရေးကြတာကိုတွေ့ရရင် လူထုကို စည်းရုံး စရာမလိုဘဲ၊ အသက်အရွယ်၊ ခေတ်စနစ် အလှမ်းကွာတဲ့ လူငယ်တွေကပါ အမေစု ဆိုပြီး ဖြစ်လာတာ။ ဒါ သူ့ရဲ့စွမ်းအားပဲ”ဟု ပြည်တွင်းအခြေစိုက် လူငယ် သတင်းထောက် တဦးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်နေ့ မတိုင်မီ ကတည်းက လူငယ် အများစု အသုံးပြုသည့် facebookနှင့်အင်တာနက်လူမှုကွန်ယက်များပေါ်တွင်သူ့အတွက် လွတ်မြောက်စေရန် ဆုတောင်းစကားများ၊ ခန့်မှန်းဝေဖန်မှုများ၊ လွတ်မြောက်မည်ကို ကြိုဆိုသည့် ၀မ်းသာအားရ ပြောဆိုမှုများ၊ ကဗျာများ၊ ဓာတ်ပုံများ စသည်ဖြင့် ပျံ့နှံ့ နေသည်ကို တွေ့ရသည်။
“အမေစု လွတ်တာကို တော်တော်လေးဝမ်းသာတယ်။ အကုန်လုံးကလည်း မျှော်လင့်နေတာ။ ဒေါ်စု ခြံရှေ့မှာ စောင့်နေတဲ့ လူအုပ်ထဲမှာ လူငယ်တွေ အများကြီးပါတာ မြင်ရတော့ နိုင်ငံရေး စိတ်ဓာတ် လူငယ်တွေမှာ ရှိသေးပါလား ဆိုပြီး ၀မ်းသာမိတယ်။ ကိုယ်တိုင်လည်းNLDလူငယ် အဖွဲ့ဝင် တယောက်အနေနဲ့ လူငယ်တွေကို ဆက်ပြီး နိုင်ငံရေး အသိစိတ် တိုးလာအောင် လုပ်နိုင်ဖို့ ကြိုးစားသွားမယ်” ဟု NLD လူငယ် အဖွဲ့ဝင်တဦးက ပြောသည်။
ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ မသမာမှုများဖြင့် အနိုင်ရရှိသွားသည့် အပေါ် လူထု၏ မကျေနပ်မှုများ ရှိနေခဲ့ရာ တရား မမျှတမှုကို ရှုတ်ချရန်၊ ရရှိသင့်သည့် အခွင့်အရေးများ တောင်းဆိုရန် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းကြောင့် အားကိုးစရာ၊ တိုင်တည်စရာ လူတဦး ရရှိသွားသည်ဟု မန္တလေးမြို့မှ လူငယ် ဓာတ်ပုံဆရာ တဦးကပြောသည်။
“လူငယ်တွေ အားလုံးက နိုင်ငံရေးစိတ်ရှိပါတယ်။ အခြေအနေ တခုကြောင့်သာ မလှုပ်ဘဲ နေနေတာ။ အခု ဒေါ်အောင်ဆန်းစု ကြည် လွတ်ပြီလည်း ဆိုရော အားလုံး ၀ိုင်းစု သွားကြတာ။ လာပါလို့ မခေါ်ဘဲ ခြံရှေ့မှာ သွားစောင့်နေတာ။ ဒါတွေအားလုံးက သူ့အပေါ်မှာ ထားတဲ့ လေးစားမှု၊ အားကိုးမှု၊ ချစ်ခင်မှုတွေကို ပြတာပဲ။ သူ့အကြောင်း အင်တာနက်မှာ စောင့်ကြည့်တော့ လွတ်ပြီလဲ ကြားရော မျက်ရည်တောင် ကျတယ်”ဟု သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာလူငယ်များ ပညာရေးနှင့် နိုင်ငံရေးတွင် အားနည်းကြောင်း ယမန်နေ့ကမိန့်ခွန်းတွင် ထည့်သွင်း ပြောဆို သွားခဲ့သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုင်ငံရေးတွင် လူငယ်များ ပါဝင်မှု ရှိလာစေရန် ပြောဆို စည်းရုံးရေးများ ပြုလုပ်ရန်မလိုဘဲ သူ၏ ရှေ့ဆောင်လမ်းပြ လုပ်ဆောင် ချက်များကြောင့် လူငယ်အင်အား အလိုအလျောက် ရရှိလာခြင်း ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

Geen opmerkingen: