မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 17 november 2010

ဒေါ်အောင်ဆန်းစုကြည် HIV/AIDS ဝေဒနာရှင်များကို အားပေး

ရန်ပိုင် Wednesday, 17 November 2010 18:47 သတင်း
.ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှု အထောက် အကူပြုအဖွဲ့မှ စောင့်ရှောက် ထားသည့် HIV/AIDS ဝေဒနာရှင်များကို ယနေ့ နေ့လယ်၂ နာရီခန့်တွင် သွားရောက်တွေ့ဆုံ အားပေးကြောင်း သတင်းရသည်။
ယမန်နေ့ကတိုင်းရင်းသားခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးပြီးNLDရုံးချုပ်မှပြန်လည် ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ-Reuters)
ဝေဒနာရှင်များ၏ ဆေးဝါး ကုသမှု အခြေအနေ၊ စားဝတ်နေရေး အခြေအနေများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ များကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းအားပေးကြောင်း ဝေဒနာရှင်တဦး ဖြစ်သည့် မသီသီအေး က ဧရာဝတီသို့ ပြောပြ သည်။
“အမေစုကို တွေ့ရလို့ အရမ်းဝမ်းသာတယ်၊ တွေ့ရမယ်လို့ ထင်လည်း ထင်မထားဘူး၊ မျက်ရည်တောင် ကျတယ်”ဟု ၎င်းကပြော သည်။
လူနာရှင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရသည့်အတွက် မျော်လင့်ချက်ကုန်နေသည့် ဘ၀တွင် ခွန်အားများ ဖြစ်လာကြောင်း၊ ဘ၀သက်တမ်းတလျှောက်တွင် ယခုကဲ့သို့ တွေ့ဆုံရမည်ဟု မထင်ကြောင်း မသီသီအေးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ပျော်ပျော်ရွှင်ရွှင်နှင့် ဆေးကုသခံယူရင်း ဘ၀ကို ဖြတ်သန်းရန် ပြောဆိုသွားကြောင်းလည်း ၎င်းကဆက် လက်ပြောပြသည်။
လူနာရှင် မသီသီအေးသည် ရန်ကုန်ဇာတိဖြစ်ပြီး အသက်၂၈ နှစ် ရှိပြီဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်ကမှ ၎င်းတွင် ရောဂါ ရှိနေကြောင်း သိရသည်ဟု ပြောသည်။
အဆိုပါ ရောဂါကို ၎င်း၏ အမျိုးသားထံမှ ကူးစက်ခဲ့ခြင်း ဖြစ်ပြီး အမျိုးသားတိမ်းပါးသွားပြီးနောက် တောင်ဒဂုံမြို့နယ်ရှိ NLDလူမှု အထောက်အကူပြု အဖွဲ့၏ ဂေဟာတွင် ဆေးကုသမှု ခံယူရင်း နေထိုင်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။
NLDလူမှုအထောက်အကူပြုအဖွဲ့သည်HIV/AIDSဝေဒနာရှင်များကိုပြုစုစောင့်ရှောက်မှုပေးရန် ရန်ကုန်တိုင်းအတွင်း ဂေဟာ သုံးခုတည်ထောင်ထားကြောင်း၊ ယခု တောင်ဒဂုံမြို့နယ် ဂေဟာတွင် လူနာပေါင်း ၁၀၀ ကျော် နေထိုင်ကြောင်း သိရသည်။
ယင်း လူနာများ ပြုစုစောင့်ရှောက်ရေးကို လူမှုအထောက်အကူပြုအဖွဲ့မှ မဖြူဖြူသင်း ဦးဆောင်သည့် NLD လူငယ်များက ဦးစီး ဆောင်ရွက်နေခြင်းဖြစ်သည်။
ဝေဒနာရှင် တဦးဖြစ်သည့် မ၀င်းဝင်းနိုင်ကလည်း “အမေစုက ပြောတယ်၊ ရောဂါ အတွက် စိတ်ဓာတ်မကျဖို့၊ ဆေးဝါး တွေကို တတ် နိုင်သမျှ ကူညီပေးမယ် ပြောတယ်”ဟု ဆိုသည်။
ဝေဒနာရှင်များ အားလုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လာရောက်အားပေးမှုကြောင့် ပျော်ရွင်နေကြောင်း မ၀င်းဝင်းနိုင်က ဆက်လက်ပြောသည်။
ယခုကဲ့သို့ HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ပေးသည့် လုပ်ငန်းအား ယခင်ကတည်းက NLDလူငယ်များကို စနစ် တကျ လုပ်ကိုင်ရန် ဒေါ်အောင်ဆန်းစုကြည် စီစဉ်ပေးခဲ့ကြောင်း၊ ယင်းလုပ်ငန်းများသည် တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်နေသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် ဆက်လက်လုပ်ဆောင်သွားရန် သံန္နိဋ္ဌာန် ချထားကြောင်း မဖြူဖြူသင်းက ပြောသည်။
NLDလူမှုအထောက်အကူပြုအဖွဲ့သည်၂၀၀၂ခုနှစ်မှစတင်ပြီး HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး လုပ်ငန်းများကို စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် HIV/AIDS ဝေဒနာရှင်ပေါင်း ၃၃၉၀၀၀ ခန့်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ၂၀၀၇ ခုနှစ်ထုတ် အစီရင်ခံ စာအရ သိရသည်။

Geen opmerkingen: