မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 18 november 2010

ရထားလမ်း ဖောက်၍ မြောက်ဦး ရှေးဟောင်း နယ်မြေ ပျက်စီး

ခင်ဦးသာ Thursday, 18 November 2010 20:19 သတင်း
.ရခိုင်ပြည်နယ်အတွင်း စစ်တွေ-အမ်း-မင်းဘူး ရထားလမ်း ဖောက်လုပ် နေမှုကြောင့် မြောက်ဦးမြို့မှ ရှေးဟောင်း စေတီ ဘုရားပုထိုးများစွာ ပျက်စီးသွားကြောင်း သိရသည်။
“ဘုရားတွေကို ဖြိုဖျက်နေတဲ့ ကိစ္စတွေကို ရပ်တန့်ဖို့ တောင်းဆိုနေပေမယ့် မရပ်ပေးတဲ့အပြင် ရထားလမ်းဘေးတွေက ထိခိုက်ပျက်စီးသွားရတဲ့ ဘုရားတွေကို လူမြင်ကွင်းက လုံးဝပျောက်သွားအောင် အပျောက်ဖျောက်ပစ်နေပါတယ်၊ ဘုရားစေတီ တချို့ကို မြေကြီးတွေနဲ့ ဖုံးပစ်လိုက်ပါတယ်”ဟု မြောက်ဦး ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
ယင်း ရထားလမ်း ဖောက်လုပ်မှု ကို နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။
ရထားလမ်းဖောက်လုပ်မှုကြောင့် ရှေးဟောင်းစေတီ၊ ပုထိုး၊ တံတိုင်း၊ ခံတပ်၊ ပိဋကတ်တိုက်၊ ကျုံး၊ မြို့ရိုး စသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးသွားရသည့် အပြင် ဖောက်လုပ်မှု လုပ်ငန်းခွင်ကြောင့် အနီးပတ်ဝန်းကျင်မှ ထိခိုက်ပျက်စီး သွားရသည့် စေတီ ပုထိုးများကိုလည်း ဖျောက်ဖျက်ပစ်နေကြောင်း သိရသည်။
“အဓိကကတော့အပျက်အစီးတွေကို မှတ်တမ်းတင်တာ၊ ဓာတ်ပုံရိုက်ယူတာတွေ ဖြစ်လာမှာ စိုးရိမ်ပုံရတယ်၊ လူတွေကို မမြင်စေချင်တာလည်း ပါမှာပေါ့၊ ဒီကိစ္စက ထူးခြားနေတာ တွေ့ရတယ်”ဟု ကိုယ်တိုင်ကွင်းဆင်း စောင့်ကြည့်နေသည့် ဒေသခံ တဦး က ရှင်းပြသည်။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား ဖျက်ဆီး၍ ရထားလမ်း ဖောက်လုပ်မှုကို ရပ်တန့်ပေးရန်အတွက် ဒေသခံ ပြည် သူ များ၊ မြို့မိမြို့ဘများ၊ ဆရာတော် သံဃာတော်များက သက်ဆိုင်ရာ အာဏာပိုင်များထံ မေတ္တာရပ်ခံ တောင်းဆိုသော်လည်း ရပ်တန့်ပေးရန် အကြောင်းမရှိဟု ပြောဆိုကာ ဆက်လက်လုပ်ဆောင် နေကြောင်း သိရသည်။
နိုဝင်ဘာလ၁၇ရက်နေ့တွင်အထက်ပါပုဂ္ဂိုလ်များအပြင် နိုင်ငံတော် သံဃ၀န်ဆောင် ဆရာတော်ကြီးများကပါ လက်မှတ်ရေးထိုး၍ ယဉ်ကျေးမှုဝန်ကြီးထံ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီး မိတ္တူအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ပြည်နယ်၊ တိုင်းအဆင့်ရှိ အာဏာ ပိုင် များထံ ပေးပို့ခဲ့ကြောင်း ဒေသခံ ဆရာတော်တပါးက မိန့်ကြားသည်။
“ရှေးဟောင်းပစ္စည်းတွေကို ဖျက်ဆီးရာ ရောက်တဲ့အပြင် ဘာသာ၊ သာသနာကို ဖျက်ဆီးရာလဲ ရောက်ပါတယ်၊ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး ဘုရားစေတီ တွေကို ဖျက်ဆီးတာဟာ ရှက်စရာလည်း ကောင်းပါတယ်”ဟုလည်း ဒေသခံ ဆရာတော်က မိန့် သည်။
ရထားလမ်းကြောင့် ပျက်စီးသွားခဲ့သည့် ရှေးဟောင်း သဘင်သည်မြို့ရိုး၊ သဇင်တံ တောင်တန်း ပေါ်ရှိ စေတီပုထိုးများ၊ ငကျေး အိုင် ကျုံး၊ မြောက်ဦးခေတ် အသုံးပြုခဲ့သည့် မင်းသမီး ရေတံခါး၊ မင်္ဂလာ မာန်အောင် တံတိုင်း၊ ရွှေစင်္ကြံ လမ်းမကြီး၊ ရဲလှ ကျူံး၊ ရဲလှ ခံတပ်၊ ရဲလှ တံခါး၊ ရှင်ဂိုက် တံတိုင်း ခေါ် ကျောက်မြို့ရိုး၊ အမြင့်တောင် ခံတပ်၊ ပြည်စိုးကြီး ဘုရား စသည်တို့အား မြေတူး စက်ကြီးများဖြင့် ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း ရှေ့ဟောင်း သုတေသန ဌာန အငြိမ်းစား ၀န်ထမ်းတဦး က ပြောသည်။
မြောက်ဦးမြို့၏ ရှေးဟောင်း စေတီပုထိုးများ၊ ယဉ်ကျေးမှု အမွေအနှစ်များ အနက် အထင်ရှားဆုံး ဘုရားတခုဖြစ်သော ကိုးသောင်း ဘုရားမှာလည်း မီးရထားလမ်းကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်လာမည်ကို ဒေသခံများမှာ အထူးစိုးရိမ်နေကြကြောင်း သိရသည်။ ကိုးသောင်းဘုရားနှင့် ရှစ်သောင်း ဘုရားမှာ“အဖေရှစ်သောင်း၊ သားကိုးသောင်း”ဟု ထင်ရှား သောဘုရားများ ဖြစ်သည်။
မြောက်ဦးမြို့နှင့် ပုဂံမြို့တို့သည် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုပေါင်းတည်ရှိရာ ဒေသများဖြစ်ပြီး မျိုးဆက်သစ် လူငယ်များ၊ ကမ္ဘာလှည့် ခရီးသွားများ၏ စိတ်ဝင်စားမှု ရှိသော ယဉ်ကျေးမှု နယ်မြေများ ဖြစ်သည်။
သမိုင်းပညာရှင် ပါမောက္ခဒေါက်တာ အေးကျော် ကလည်း “အခုလုပ်ရပ်ဟာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ရှေးဟောင်းသုတေသန ဥပဒေကိုချိုးဖောက်တဲ့ လုပ်ရပ်ပါ၊ ရှေးဟောင်းအမွေအနှစ်ဆိုတာ တန်ဖိုးဖြတ်လို့လည်း မရသလို နောင်လာ နောက်သား တွေအတွက် အလွန်အရေးကြီးတယ်၊ အစားထိုးလို့ ရတဲ့အရာ မဟုတ်လို့ ရပ်တန့်ပေးဖို့ မေတ္တာ ရပ်ခံပါတယ်”ဟု ပြောသည်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့ (UNESCO) မှချမှတ်ထားသော ရှေးဟောင်း သုတေသန အက် ဥပဒေတွင် ရှေးဟောင်း ပစ္စည်းများအား ဖျက်ဆီးခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပြန်လည် တည်ဆောက်ခြင်း မလုပ်ရဟု သတ်မှတ်ထား၍ မြန်မာစစ်အစိုးရ၏ လုပ်ရပ်သည် ဥပဒေမဲ့ရာ ရောက်သည်ဟု ဒေါက်တာအေးကျော်က ပြောဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ၌ ရှေးဟောင်းစေတီပုထိုးများအား ဖျက်ဆီးမှုများကို ရပ်တန့်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင်လည်း ပုဂံ၏ ဘုရားတချို့၊ ပြည်မြို့မှ သရေခေတ္တရာ မြို့ဟောင်း တို့ကို စစ်အစိုးရ အာဏာပိုင်များက ပြုပြင် ဖျက်ဆီးရန် လုပ်ဆောင်ရာ ကန့်ကွက်မှုများကြောင့် ရပ်တန့်ပေးခဲ့ရကြောင်း သိရသည်။
“မြောက်ဦးက ရှေးဟောင်းအမွေတွေကို ဖျက်ဆီးလိုက်တာဟာ ရခိုင်လူမျိုးတွေ အတွက်သာမက မြန်မာနိုင်ငံသားတွေ အတွက်လည်း မကောင်းဘူး”ဟု ဒေါက်တာ အေးကျော် က ပြောသည်။
ယခု စစ်အစိုးရ ဖောက်လုပ်နေသည့် ရထားလမ်းသည် စစ်တွေ-အမ်း-မင်းဘူး ဆက်သွယ်မည့် ရထားလမ်းပိုင်း တခုဖြစ်ပြီး တနိုင်ငံလုံး ချိတ်ဆက်မည့် အမျိုးသား ကွန်ယက် ရထားလမ်း၏ တစိတ်တပိုင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၌ မီးရထားလမ်းဖောက်လုပ်မှုကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး ဖောက်လုပ်ခဲ့သည့် ရထားလမ်းများမှာလည်း ခိုင်ခံ့မှု မရှိ၍ မကြာခဏ ပျက်စီး၍ ပြုပြင်မှုများပြုလုပ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ဂျပန်နိုင်ငံ ခန်းဒတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်း ကလည်း လူ့ယဉ်ကျေးမှု လူ့သမိုင်းနှင့်ပတ်သက်သည့် အထောက်အထားများ၊ အမွေအနှစ်များအား တတ်နိုင်သမျှ ကာကွယ်စောင့်ထိန်းရမည့် မူ ရှိ ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရှေးဟောင်း သုတေသန အက်ဥပဒေ သီးသန့်ပြဌာန်းထားကြောင်း၊ ရှေးဟောင်းနှင့် ပတ်သက်ပါက မတူးမဆွရ၊ ဘေးပတ်ဝန်းကျင်တောင် မထိခိုက်ရဟု ပါရှိ၍ ကြီးလေးသော ဥပဒေ ဖြစ်နေခြင်းကြောင့် ယခု လုပ်ရပ်သည် ကြီးမားသောဥပဒေ ချိုးဖောက်မှု တခုဟု ပြောသည်။
ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ မြောက်ဦးရှိ စေတီပုထိုးများအား အေဒီ (၁၄၀၄)ခုနှစ်တွင် ရခိုင်ဘုရင် မင်းစောမွန်က တည်ခဲ့ပြီး ဝေသာလီခေတ်၊ မြောက်ဦးခေတ် တို့၌လည်း ထင်ရှားခဲ့သော ယဉ်ကျေးမှု နယ်မြေဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်ကလည်း စစ်အစိုးရ အာဏာပိုင်များသည် မြောက်ဦးမြို့၌ ရခိုင်ဘုရင် နန်းစိုက်ခဲ့ရာ နန်းတော်ရာ အား ဖျက်ဆီး၍ ကြက်ဆူစိုက်ခင်းများကို အဓမ္မ စိုက်ပျိုးခဲ့သေးကြောင်း ဒေသခံများက ပြောသည်။
အထက်ပါကိစ္စနှင့် ပတ်သက်၍ ရှေးဟောင်း သုတေသန ဦးစီးဌာန ရုံးချုပ်သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ရထား လမ်းအား လမ်းကြောင်းပြောင်းရန် စီစဉ်နေကြောင်း၊ ပျက်စီးသည့် ဘုရားစေတီ အရေအတွက်ကိုမှု အတိအကျမသိ သေးကြောင်း ဒုတိယ ညွန်ကြားရေးမှူး ဦးမြင့်သိန်း က ပြန်လည် ပြောဆိုသည်။
ဧရာဝတီ သတင်းထောက် ကိုဟိန်းသူ ပူးပေါင်းရေးသားသည်။

Geen opmerkingen: