မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 16 november 2010

NLD ဆက်လက် ရပ်တည်ရေး နေပြည်တော်တွင် ကြားနာမည်

ရန်ပိုင် Tuesday, 16 November 2010 16:19 သတင်း
.အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဆက်လက် တည်ရှိခွင့်နှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်ရှိ ဗဟိုတရားရုံးချုပ်၌ ကြားနာစစ်ဆေးမှု ပြုလုပ်မည်ဟု သတင်း ရသည်။
                                    ဗဟိုတရားရုံးချုပ်သို့ရောက်ရှိလာသောဒေါ်အောင်ဆန်းစုကြည်။(ဓာတ်ပုံ-AP)
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော်တို့ တခါတည်း တရားရုံးမှာ လျှောက်လှဲချက်ပါ ပေးရမယ်။ ဒါကိုက လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တရားရုံးအနေဖြင့် သက်သေများကို စစ်ဆေးပြီးမှ အမှုကို ဆက်လက်စစ်ဆေးရမည် ဖြစ်သော်လည်း ထိုသို့ တရားဥပဒေနှင့်အညီ ပြုလုပ်ခြင်း မရှိကြောင်း၊ ထိုကြောင့် ကန့်ကွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အမှုကိစ္စနှင့် ပတ်သက်၍ NLDပါတီ ဥပဒေအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပြီးဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောဆိုသည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ ဗဟိုတရားရုံးချုပ်သို့ သွားရောက်၍ ယင်းအမှုကိစ္စအတွက် ကျမ်းကျိန်ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းပြည်ပ သတင်းထောက်များ တွေ့ဆုံရာ ပါတီရပ်တည်ခွင့်နှင့် ပတ်သက်ပြီး ပါတီဖျက်သိမ်းသည်ဖြစ်စေ၊ မဖျက်သိမ်းသည်ဖြစ်စေ အရေးမကြီးကြောင်း၊ သို့သော်NLDအနေဖြင့် နိုင်ငံရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေအရ တည်ဆဲ တရားဝင် နိုင်ငံရေး ပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံတွင် ပါတီဆက်လက် တည်ထောင်ခွင့်လျှောက်ရန်နှင့် မလျှောက်ထားပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ဆိုသည်။
သို့သော် စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသည့်အတွက် NLD က နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် မလျှောက်ထားရန် မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။
စက်တင်ဘာလအတွင်း NLDအပါအဝင်နိုင်ငံရေးပါတီ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။
NLD သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တရားဝင်အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ကြောင်း၊ ယခု ၂၀၁၀ ပြည့်နှစ်တွင် ခန့်အပ်သည့် ရွေးကောက်ပွဲ ကော်မရှင်သည် ယခင်ပါတီဟောင်းများအား ဖျက်သိမ်းရန် ဥပဒေ အခွင့်အာဏာ မရှိကြောင်း၊ လက်ရှိ မှတ်ပုံတင်ထားသည့် ပါတီကိုသာ ဖျက်သိမ်းခွင့်ရှိသည့်အတွက် ဥပဒေနှင့် မကိုက်ညီကြောင်း NLD က ထောက်ပြခဲ့သည်။
NLD သည် ၁၉၈၈ ခုနှစ်က စစ်အစိုးရ ပြဌာန်းထားသည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း (၄/၈၈) ဥပဒေအရ တရားဝင် မှတ်ပုံတင်ထားသည့် ပါတီဖြစ်ပြီး ပယ်ဖျက်နိုင်သည့် ဥပဒေအချက်များနှင့်လည်း ငြိစွန်းမှု မရှိကြောင်း ခုခံကာကွယ် ပြောဆိုထားသည်။

Geen opmerkingen: