မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 25 november 2010

ထာဝရနှင်းဆီအငြိမ့် ပြက်လုံးများ လူကြိုက်များ

နရီလင်းလက် Thursday, 25 November 2010 13:35 
မြန်မာပြည်တွင် လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ပြည်သူလူထု၏ နေ့စဉ်ဘဝကို ထင်ဟပ်စေသော ပြက်လုံးများကြောင့် ထာဝရ နှင်းဆီ အငြိမ့်ကို လူကြိုက်များနေကြောင်း သိရှိရသည်။
တန်ဆောင်တိုင် ပွဲတော်အတွက် တင်ဆက်သည့် ယင်းအငြိမ့်တွင် သရုပ်ဆောင် ထွန်းထွန်းက လူရွှင်တော် အဖြစ်နှင့် “ဖုန်းတွေဟာ အလွန် ပေါပါသည်၊ ခေါ်ဆို သော်လည်း လိုင်းကကျပ်ပေသည်၊ ဈေးကြီးပေမယ့် ဆက်ရ အလွန်ခက်သည်”စ သည်ဖြင့် သီဆိုလိုက်သည့်အချိန်တွင် ပရိသတ် လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်ကို တွေ့ရသည်။
                                                                                   (ဓာတ်ပုံ-swesonemedia.org)
နိုဝင်ဘာ ၂၁ ရက် တန်ဆောင်မုန်း လပြည့်နေ့က သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ (၁)၌ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်သော ထာဝရ နှင်းဆီအငြိမ့်တွင် မင်းသမီးအဖြစ် မေကဗျာ၊ ဂျင်းနီ၊ မိုးယုစံနှင့် ဖူးစုံတို့က လည်းကောင်း၊ လူရွှင်တော်များ အဖြစ် သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်းနှင့် မိုးမိုးတို့ကလည်းကောင်း ကပြဖျော်ဖြေခဲ့သည်။
နေတိုး၏ “မှန်ရာကို သစ္စာဆိုပါမည်။ လမ်းတွေကို အလွယ်ခင်းပါသည်။ ဒါပေမယ့်လည်း တခု တော့ ပြောချင်သည် တခြမ်းပဲ ခင်း ... တော့ သွားရ အလွန်ခက်သည်” ပြက်လုံးကိုလည်း ပရိသတ် အားပေး နှစ်ခြိုက်ခဲ့ကြောင်း တွေ့ရသည်။
လူရွှင်တော် အဖြစ် ပါဝင် ဖျော်ဖြေခဲ့သည့် ကျော်ကျော်ဗိုက “ပြက်လုံးတွေအတွက်ကတော့ ကိုယ့် ပတ်ဝန်းကျင်ကို ကြည့်ပြီးပဲ အားထုတ်ရတာပေါ့။ ဘယ်လို အနေအထား ဖြစ်အောင်ဆိုပြီး ရည်ရွယ်ချက်နဲ့ လုပ်တာတော့ မဟုတ်ဘူးပေါ့။ ကိုယ့် ပတ်ဝန်းကျင် ဘေးနားမှာ ရှိနေတဲ့ လူတွေ ပြောပြကြတာတွေ၊ ကြားတာတွေကို မှတ်သားပြီး ကိုယ့်ဟာနဲ့ကိုယ် အကောင်းဆုံး လုပ်လိုက်တာပါ။ ကျနော်တို့ အနေနဲ့ ပရိသတ်တွေ ရယ်ဖို့ပဲ အာရုံစိုက်လိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ပရိသတ်နှင့် တိုက်ရိုက် ထိတွေ့ခွင့်ရသည့် အတွက် ၀မ်းသာသည့်အပြင် ထာဝရ နှင်းဆီအငြိမ့်၏ ပြည်တွင်း ဖျော်ဖြေမှု နောက် ဆုံးပွဲ ဖြစ်သောကြောင့် ပရိသတ် အားပေးမှု ပိုမို ရရှိခဲ့သည်ဟု သူက ဆက်ပြောသည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)အားဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ ပြန်လည် မဖြေဆို ခဲ့ပေ။
ထာဝရနှင်းဆီ အငြိမ့်ခွင်တွင် မြန်မာနိုင်ငံတွင် မီးပျက်သောကြောင့် မှောင်မည်း နေသဖြင့် စကြဝဠာ အပြင်ဘက်က လှမ်းကြည့် လိုက်လျှင် ကမ္ဘာ့နိုင်ငံ အသီးသီး အလယ်၌ ထင်ရှားနေမည် ဆိုသော ပြက်လုံး၊ ဆင်ဆာ ဖြတ်တောက်မှုကို လျှော့ပေါ့ပေးရန် တောင်းဆိုသည့် ပြက်လုံး၊ ၂၀၁၀ ရွေးကောက်ပွဲကို သရော်ထားသည့် ပြက်လုံးများ၊ စစ်စိုးရ၏ စီးပွားရေး ဦးပိုင်မှ ချုပ်ကိုင်ထားသည့် လုပ်ငန်းများကို သရော်ထားသည့် ပြက်လုံးများ ပါဝင်သည်။
ထိုနေ့က“တပြည်လုံးတွင်သာယာမည်”အမည်ရှိပြဇာတ်နှင့် စတင်ဖျော်ဖြေခဲ့ပြီး တေးဂီတ ဖျော်ဖြေပွဲများနှင့် ထာဝရနှင်းဆီ အငြိမ့် ဖျော်ဖြေမှုတို့ တင်ဆက်ခဲ့ကြောင်း သိရသည်။
“ဦးမျိုးမင်းက ဒီအငြိမ့်ကို နားတော့မယ်ဆိုတော့ ဒါကို ဦးဆောင်မယ့်သူ ရွေးမယ်၊ အဲဒီမှာ လူရွှင်တော်တွေ တယောက်ချင်းစီအလှည့်ကျဝင်ရွေးတဲ့ပုံစံပြက်လုံးထုတ်တာ။အဲဒီမှာနေတိုးကဦးက အငြိမ့်သားတွေအတွက် မွေးမြူရေး လုပ်ထားတယ် ဆိုတော့ အဲဒီမွေးမြူရေးတွေကို ဒီထဲက အဖွဲ့ဝင်တွေ လုပ်ရမှာလား မေးတော့ တယောက်က မဟုတ်ဘူးအဲဒါကဦးပိုင်တဲ့ကုမ္ပဏီကပဲလုပ်မှာပါဆိုပြီး...တခုခုဆို ဦးပိုင်တယ်ချည်းပဲ ပြောတာ” ဟု သွားရောက်ကြည့်ရှုခဲ့သည့် မဂ္ဂဇင်း အယ်ဒီတာ တဦးက ပြောသည်။
၎င်းက ဆက်လက်၍ “နောက်ဆုံး ကျော်ကျော်ဗိုက အခုဆို အဖွဲ့ဝင်တွေ ယှဉ်ပြိုင်ပြီးတော့ ပါတီ ခေါင်းဆောင်ကို ရွေးတော့ မယ်၊ ကြေညာမယ်ပေါ့။ တက်ကြွနေတာပေါ့။ အဲဒီမှာ ပါတီ ခေါင်းဆောင် လုပ်မယ့်သူက မောင်မျိုးမင်း (ရင်တွင်းဖြစ်)ပဲဖြစ်ပါတယ်လို့ ကြေညာတော့ အားလုံးကဒေါကန်ပြီး ဘာလို့သူပဲ ဖြစ်ရတာလဲဆိုပြီး မေးကြတာ။ အဲဒီမှာ သူကချင်လို့ သူထောင်ထားတာ၊ သူပဲ မလုပ်လို့ ဘယ်သူလုပ်မှာလဲ ဆိုပြီး ပြောတဲ့ ပြက်လုံးပါ” ဟု ဆိုသည်။
အဆိုပါ ဖျော်ဖြေပွဲ၏ ၀င်ကြေး လက်မှတ်များကို ကျပ် ၁၅၀၀၀၊ ကျပ် ၁၀၀၀၀၊ ကျပ် ၅၀၀၀ ဟူ၍ သတ်မှတ်ထားပြီး လက်မှတ် ၀ယ်ယူ ထားသော်လည်း ပရိသတ် အလွန်များသောကြောင့် မတ်တပ်ရပ် ကြည့်ရှုခဲ့ ရကြောင်း သတင်းထောက်တဦးက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို တိုင်တည်သလို ပုံစံနဲ့လည်း ပြက်လုံးထုတ်တယ်။ အမေရယ် မီးတွေ ပျက်တယ်၊ တိုက်တာ တွေဆိုလည်း မပြင်ဘူး ဒီအတိုင်း ထားတယ်ဆိုတော့၊ အမွေအနှစ်ကို ထိန်းသိမ်းတာဆိုပြီး အမေလုပ်တဲ့ ကျော်ကျော်ဗိုလ်က ပြန်ပြောတယ်။ ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့၊ ဘာပဲပြောပြော အမေကတော့ တခုပဲ ပြောချင်ပါတယ်ဆိုပြီး ၀ိုင်းစုခိုင်သိန်းရဲ့ အပြစ်မပြင်ပါဘူး ချစ်ချင်တာပဲရှိတယ် သီချင်းကို ဆိုကြတယ်” ဟု သူက ရှင်းပြသည်။
ရုံပြည့် ရုံလျှံ အားပေးကြသောကြောင့် လက်မှတ်ဝယ်ယူ ထားသော်လည်း မတ်တပ်ရပ်ကြည့် ရှုခဲ့ရသည်များ ရှိသည့်အပြင်၊ ၀ယ်ယူထားသည့် လက်မှတ်တန်းတွင် နေရာမရရှိသည်များဖြစ်ခဲ့သည်ဟု သိရသည်။
“ရိုက်ထားတဲ့ ဗီဒီယို အပိုင်းလေးကို ကြည့်ပြီး အားလည်းရတယ်၊ သဘောကျတယ်။ အနုပညာသမား ဆိုတာက ပြည်သူက မွေးတာ ဖြစ်တဲ့အတွက် ပြည်သူ့ဘက်က ရပ်တည်ပေးတဲ့ သဘောတွေပါတယ်။ အဲဒီနေ့ ပွဲတုန်းက ရိုက်ထားတဲ့ အခွေတွေကို သိမ်းသွားတယ် ကြားတယ်။ ဒါဟာ အနုပညာသမားတွေရဲ့ တင်ပြချက် အရမ်းမှန်သွားတော့ ပြည်သူတွေ အများကြီး သိသွားမှာ စိုးလို့ လုပ်တဲ့ပုံစံပေါ့” ဟု ထိုင်းနိုင်ငံ အခြေစိုက် သီးညီနောင် အဖွဲ့မှ လူရွှင်တော် ကြယ်သီးက ပြောသည်။
၎င်းက ဆက်လက်၍ “ ပြည်တွင်းမှာ ဒီလို လုပ်ရတာလည်း အခက်အခဲ အများကြီးရှိတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဖြတ် ခဲ့တာ ဆိုတော့ အရမ်းခက်ခဲတာ သိတယ်။ ပြည်သူချစ်တဲ့ မင်းသားတွေကနေ လူရွှင်တော်လုပ်ကြတယ်၊ ပြီးတော့ ဒီလိုတွေ လုပ်တယ်ဆိုတော့ ပရိသတ် ပိုအားပေးကြတာပေါ့”ဟု ဆိုသည်။
ထာဝရနှင်းဆီအငြိမ့်မှ ပြက်လုံးများသည် ပြည်သူလူထုနှင့် တသားတည်း ကျခဲ့ကြောင်း ကြည့်ရှု့ခဲ့သည့် ပရိသတ်များက ပြောဆို နေကြသည်။

Geen opmerkingen: