မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 24 november 2010

ပြည်တွင်း ခရီးသွားလုပ်ငန်းများ ကျဆင်း

ယုယမိုး Wednesday, 24 November 2010 18:38
.ပြည်တွင်း ခရီးသွား လုပ်ငန်းများသည် ယခု ပွင့်လင်းရာသီ ခရီးသွားကာလသို့ ရောက်ရှိနေ သော်လည်း ယခင်နှစ်များနှင့်မတူ ကျဆင်းလျက် ရှိကြောင်း ခရီးသွားလုပ်ငန်းများ ပြောပြချက်အရ သိရှိရသည်။
                                                                                                      ကျိုက်ထီးရိုးဘုရား
နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလမှ စတင်၍ မေလ အထိသည် အလည်အပတ် နှင့် ဘုရားဖူး ခရီးသွားဧည့်သည် အများဆုံး ကာလ ဖြစ်ပြီး ခရီးသွား လုပ်ငန်း များ လည်ပတ်မှု အကောင်းဆုံးအချိန် ဖြစ်ကြောင်း၊ ယခုနှစ်တွင်မူ လုပ်ငန်းအားလုံးဧ။် ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ရွှေကြေးစည် ခရီးသွားလုပ်ငန်းမှ ဦးဝင်းမြင့် က ပြောပြသည်။
“မနှစ်က နိုဝင်ဘာဆိုရင် တညကို ကားတစီး နှစ်စီးလောက် ကျိုက်ထီးရိုး ခရီးစဉ်တွေ သွားရပါတယ်၊ ဒီနှစ်မှာတော့ ဘုရားဖူး ဂိတ် လေးငါးဂိတ်လောက် ပေါင်းပြီးမှ တစီးပဲ ထွက်နိုင်တယ်၊ ဂိတ်တခုကို လူ လေးငါးယောက် လောက်နဲ့က ဘယ်လိုမှ မထွက် နိုင်ဘူးလေ၊ အဲ့ဒါကြောင့် ဂိတ်တွေညှိ ပြီးလုပ်ရတယ်”ဟု ၎င်းက ပြောသည်။
ရွှေစည်းစိမ် ခရီးသွားလုပ်ငန်းမှ မစုမွန်ချစ် ကလည်း ယခုနှစ် ပြည်တွင်းခရီးစဉ်များ မနှစ်ကထက်စာလျှင် သိသာစွာ လျော့ကျ သွားကြောင်း၊ ယခင်က အခါကြီးရက်ကြီးများ သီတင်းကျွတ် ပွဲတော်များ နီးလျှင် ဘုရားဖူး ကားများ ခုနှစ်စီး ရှစ်စီးခန့် ပြေးဆွဲရ ကြောင်း၊ ယခုနှစ်တွင် ဘုရားဖူးကား သုံးစီးခန့်သာ ပြေးဆွဲရတော့ကြောင်း ပြောဆိုသည်။
ပြီးခဲ့သည့်လများအတွင်းဂီရိဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှု၊၂၀၁၀ရွေးကောက်ပွဲနှင့်နိုင်ငံရေး အခြေအနေများကိုစောင့်ကြည့်စိုးရိမ်နေမှုများကြောင့်ယင်းကဲ့သို့ ခရီးသွားကျဆင်းရခြင်းဖြစ်နိုင်ကြောင်းလည်း ရွှေကြေးစည် ခရီးသွား လုပ်ငန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။
“ဥပမာ ကျိုက်ထီးရိုး ခရီးစဉ်ဆိုတာ အခြေခံလူတန်းစား တွေအနေနဲ့လည်း သွားလာနိုင် ကြပါတယ်၊ လူငယ်တွေ၊ သူငယ်ချင်း အုပ်စုလေးတွေ၊ မိသားစုတွေ ပုံမှန်သွားနေကြပါပဲ၊ အခုက ရွေးကောက်ပွဲကလည်း ပွင့်လင်းရာသီမှာ ပြုလုပ်ခဲ့တယ်၊ အခု လည်း မြ၀တီတို့ဘာတို့ဘက်မှာ တိုက်ပွဲတွေဖြစ်နေတော့ လူတွေက ခရီးသွားလာရေးအတွက် စိုးရိမ်နေကြပါတယ်၊ ဒါပေမယ့် တန်ဆောင်တိုင် လပြည့်နေ့ ပြီးရင်တော့ ဘုရားဖူးများ စည်ကားလာနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး စသည့် ခရီးစဉ်များကို ပို့ဆောင်ပေးနေသော ဂန္တ၀င်ရွှေပုဂံမှ တာဝန်ရှိသူ တဦးကလည်း “အရင်နှစ်တွေကထက်စာရင် ခရီးသွားနည်းတာအမှန်ပါပဲ ရာသီဥတု အခြေအနေတွေတွေကြောင့်လည်း အခုလို ခရီးသွားနည်းသွားတာ ဖြစ်နိုင်ပါတယ်”ဟု ပြောဆိုသည်။
ချောင်းသာ၊ ငွေဆောင်၊ ပုဂံ ညောင်ဦး နှင့် မြန်မာပြည်အနှံ့ ခရီးစဉ်များတွင် ချောင်းသာကမ်းခြေ သို့ လာရောက်သူ အနည်း ငယ် ရှိသော်လည်း ယခင်နှစ်များထက် ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်ဟု ချောင်းသာရှိ ဟိုတယ်လ် မက်စ် မှ ကိုညီညီအောင် က ပြောသည်။
“ပြီးခဲ့တဲ့ ရက်တွေကဆို ဂီရိမုန်တိုင်းရယ်၊ ရွေးကောက်ပွဲတွေရယ် ရှိတာကြောင့် ဧည့်သည်လာရောက်မှု အတော်လေးနည်းပါ တယ်၊ ဒီတလောမှာတော့ ခရီးသည်ဦးရေ အနည်းငယ် တက်ပေမယ့် အရင်နှစ်တွေထက်စာရင် ခရီးသည် လာရောက်မှု အတော်လေး လျော့နည်းနေပါတယ်၊ မနှစ်ကဆို အခုလို သီတင်းကျွတ် တန်ဆောင်တိုင် ပွဲတော်လတွေမှာ ဟိုတယ်တိုင်း လို လို ဧည့်သည်တွေ အပြည့်ပါပဲ၊ အခုဆိုရင်တော့ ပုံမှန်ထက်စာရင်ကို သိသိသာသာလျော့နည်းနေပါတယ်”ဟု ၎င်းက ဆိုသည်။
မြန်မာပြည်သူများအနေနှင့် စီးပွားရေး အခြေအနေအရ ယခင်ကကဲ့သို့ ခရီးသွားလာရေး အတွက် ငွေအကုန် မခံလို ခြင်း ကြောင့်လည်း ခရီးသွားလုပ်ငန်းများ ကျဆင်းလာကြခြင်း ဖြစ်နိုင်သည်ဟု ကိုညီညီအောင်က ဆက်လက်ပြောဆိုသည်။
အောက်တိုဘာလ ခရီးသွား ရာသီ အစတွင် နှေးကွေးလျက်ရှိသော ခရီးစဉ်များ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အပြီး၌ လုပ်ငန်းများ ပြန်လည် ဦးမော့လာမည်ဟု မျှော်မှန်းထားသော်လည်း ထင်သလိုဖြစ်မလာဟု ခရီးသွားလုပ်ငန်း သမားများက ပြောသည်။
မြန်မာနိုင်ငံဧ။် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေး နှင့် ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ခရီးသွားဦးရေ ကျဆင်းခဲ့ဖူးသည်။

Geen opmerkingen: