မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 20 november 2010

NLD စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင် ၅၀ ပြောင်းရွှေ့ရမည်

စိုင်းဇွမ်ဆိုင်း Saturday, 20 November 2010 17:02 သတင်း
.အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)လူမှုအထောက်အကူပြု အဖွဲ့မှ စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင်များကို ရန်ကုန်တိုင်း သာကေတ ဆေးရုံသို့ လွှဲပေးရန် သက်ဆိုင်ရာ ဆရာဝန်များက ယနေ့ထပ်မံ ခေါ်ယူပြောဆိုကြောင်း သတင်း ရရှိသည်။
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ ၎င်းဝေဒနာရှင်များကို ထားရှိသည့် ဂေဟာ၏ တာဝန်ခံ NLDအဖွဲ့ဝင် ကိုရာဇာက ဂေဟာ ရှိ လူနာများမှာ များလွန်းသောကြောင့် အခြားကူးစက် ရောဂါများ ထပ်မံဖြစ်ပွားပါက ကူးစက်ရန် အခွင့်အလမ်းများသဖြင့် သက်ဆိုင်ရာမှ စီစဉ်ထားသည့် သာကေတ ဆေးရုံသို့ ဝေဒနာရှင် ၅၀ ကို လွှဲပြောင်းပေးရန် ဆရာဝန်ကြီးများက ခေါ်ယူ ပြောဆိုကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ကတော့ဒီအတိုင်းတော့မလွှဲပေးနိုင်ဘူး၊သူတို့ပြောတဲ့နေရာကိုကျနော်တို့ အရင်ဆုံးလေ့လာမယ်၊ ပြီးတော့မှ လွှဲသင့် လွှဲထိုက်တဲ့သူ၊ သူတို့ပြောသလိုမျိုး တီဘီရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့သူတွေကိုပဲ လွှဲပေးမယ်လို့တော့ သူတို့ ကို အကြောင်း ပြန်ထားတယ်”ဟု ကိုရာဇာက ပြောပြသည်။
နိုဝင်ဘာလ၁၇ရက်နေ့ကHIV/AIDSဝေဒနာရှင်များ ထားရှိရာဂေဟာသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး ခဲ့ပြီးနောက် ရပ်ကွက်အာဏာပိုင်များက ဝေဒနာရှင်များကို နောက်ထပ် ဧည့်စာရင်း တိုင်ခွင့်ပေးတော့မည် မဟုတ်ကြောင်း၊ လက်ရှိတိုင်ထားသည့် ဧည့်စာရင်းသက်တမ်းပြည့်ပြီး ၂၅ ရက်နေ့နောက်ပိုင်း ဆက်လက်နေထိုင်သူများကို ဖမ်းဆီးမည် ဖြစ် ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က အကြောင်းကြားခဲ့သည်။
“ရယက လူကြီးကလည်း ဧည့်စာရင်း ထပ်ပေးဖို့၊ မပေးဖို့ကိုတော့ သူလည်း ဘာမှမတတ်နိုင်ဘူး၊ မယက လူကြီးပေါ်မှာပဲ မူတည်တယ်၊ ဒီနေ့ နေ့လယ် အထိတော့ ဧည့်စာရင်းထပ်ရဖို့ အခြေအနေမရှိဘူးလို့ ရယက လူကြီးက ကျနော်တို့ကို ပြော တယ်၊ ကျနော်တို့ကတော့ ဧည့်စာရင်း ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ဆက်နေဦးမှာပဲလို့တော့ ပြန်ပြောခဲ့တယ်”ဟု ကိုရာဇာက ဆိုသည်။
ယနေ့ ပြောဆိုသည့် ဆရာဝန်ကြီးများကမူ မယက လူကြီး ဦးကိုကိုလှိုင် နှင့်မတူဘဲ နွေးနွေးထွေးထွေး ပြောဆိုဆက်ဆံ သည်ဟုလည်း ၎င်းက ပြောသည်။
“ဒီနေရာကတခြားNGO တွေ လုပ်နေသလို သာမန်နေရာမဟုတ်ဘူး၊ ဒီနေရာက ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နဲ့ လူမျိုး အပေါ်ရှိတဲ့ သူ့ရဲ့အမြော်အမြင်ကြီးမှုကို ဖော်ကျူးတဲ့နေရာ ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာနဲ့ ကရုဏာ တရားတွေကို အကောင်အထည်ဖော်ပေးနေတဲ့နေရာ၊ ငိုညည်းသံတွေနဲ့ မျက်ရည်တွေကို သွေ့ခြောက်စေနိုင်တဲ့ ကွန်းခိုရာ၊ ကရုဏာ မေတ္တာတရားတွေကို ဆေးသားတင်ထားတဲ့နေရာ၊ အဲဒါကြောင့် မယက လူကြီးပြောတဲ့ တချက်ကြောင့် ဒီနေရာ ကို ကျနော်တို့ မဖျက်ဆီးနိုင်ဘူး”ဟုလည်း ကိုရာဇာက ဆက်လက် ပြောဆိုသည်။
HIV/AIDS ဝေဒနာရှင်များကို သာကေတ ဆေးရုံသို့ လွှဲပြောင်းပေးရန် ပြောဆိုကြသူများမှာ တိုင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာ လှမြင့်၊ ဒေါက်တာ မျိုးသန့်၊ ဝေဘာဂီ ဆေးရုံအုပ် ဒေါက်တာ ဦးခင်အောင်စော၊ တိုင်းကျန်းမာရေး ဒု ဦးစီးမှူး ဒေါက်တာ ဒေါ်စန္ဒာဝင်း၊ တီဘီအထူးကု ဒေါက်တာ မြမြဝင်းနှင့် မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ တင်မိမိခိုင် တို့ ဖြစ်ကြောင်း သိရှိရသည်။

Geen opmerkingen: