မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 23 november 2010

ကျပ် ၅ သိန်းတန် ဖုန်းလိုင်း ၂ သောင်းကျော် ထပ်ချမည်

နရီလင်းလက် Tuesday, 23 November 2010 16:57 သတင်း
.ကျပ်၅သိန်းတန် CDMA 450 ဖုန်းလိုင်း ၂ သောင်းကျော်ကို ယခုနှစ်မကုန်မီ ထပ်မံ ချထားပေးသွားမည်ဟု မြန်မာ့ဆက်သွယ် ရေး ၀န်ကြီးဌာနမှ သိရသည်။
မြို့နယ်တခုလျှင်CDMA450ဖုန်းလိုင်း၃၀၀မှလိုင်း ၁၇၀၀ ကျော်အထိ သတ်မှတ် ချထား ပေးသွားမည်ဖြစ်ပြီး မိမိနေထိုင် ရာမြို့နယ် ဆက်သွယ်ရေးရုံးများတွင် လျှောက်ထားနိုင်သည်ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိ တဦးကပြောသည်။
              ရန်ကုန်မြို့တွင်းဖုန်းဟန်းဆက်ဆိုင်တွင်ဖုန်းဝယ်သူကိုအသုံးပြုပုံရှင်းပြနေစဉ်(ဓာတ်ပုံ-ဧရာဝတီ)
“တယ်လီဖုန်း တာဝါတိုင် ဆောက်လို့ ပြီးတဲ့ မြို့နယ်တွေမှာ အခု ချပေးနေတာ။ CDMA လိုင်းက စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်က လုပ်ခွင့်ရနေတာ ဆိုတော့ သူ့စီးပွားရေးကို ထပ်ချဲ့တဲ့သဘောနဲ့ ထပ်ချပေးတာပါ။CDMAဖုန်းကို လူတိုင်းသုံးလာကြရင် သူ့အနေနဲ့ ဈေးကွက် အနေအထားအရ ကစားလို့ရပြီ” ဟု သူက ဧရာဝတီကိုပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် သုံးစွဲနေသည့် မိုဘိုင်းဖုန်းများဖြစ်သော ဆယ်လူလာ၊ GSMစသည့် မိုဘိုင်းဖုန်း များထက် ကျပ် ၅ သိန်းတန် ဖုန်းသည် ဈေးနှုန်းသက်သာခြင်း၊ ဆက်သွယ်မှု လွယ်ကူခြင်း၊ လိုင်း ကြည်လင်ပြတ်သားခြင်း စသည့် အားသာ ချက်များ ရှိသောကြောင့် သုံးစွဲသူ ပိုမိုများပြားလာကြောင်း သိရသည်။
ကျပ် ၅ သိန်းတန် တယ်လီဖုန်းများကို ယခုနှစ်အတွင်း အကန့် အသတ်မရှိ ချထားပေးခြင်းကြောင့် လာမည့် ၂၀၁၁ ခုနှစ်တွင်CDMA450MHzနှင့်CDMA800MHzဖုန်းလိုင်းများမိုဘိုင်းဖုန်း ဈေးကွက်တွင် နေရာယူမှုပိုမို ကြီးထွားလာမည်ဟု အဆိုပါ အရာရှိက ဆက်ပြောသည်။
မြန်မာနိုင်ငံ၌ GSM ဖုန်းတလုံး သုံးစွဲခွင့်ကို အစိုးရထံတွင် လျှောက်ထားမည်ဆိုပါက အစိုးရထုတ်ဈေး ကျပ် ၁၅ သိန်း ၅ သောင်း ရှိသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇသည် ကျပ် ၅ သိန်းတန် CDMA တယ်လီဖုန်းလိုင်း စနစ်ကို စစ်အစိုးရအား စတင် မိတ်ဆက်ပေးခဲ့ကြောင်း၊ ယခုအခါ ၎င်းပိုင် ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သောCentralMarketingကုမ္ပဏီကCDMAတယ်လီဖုန်းဟန်းဆက်များ ထုတ်လုပ်ရောင်းချနေပြီး တခါသုံး တယ်လီဖုန်းကတ် များကိုလည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခွင့် ရရှိထားကြောင်း ဆက်သွယ်ရေး အင်ဂျင်နီယာ တဦးက ပြောသည်။
“အစိုးရနဲ့ အကျိုးတူ လုပ်ထားတာ ဆိုတော့ ဆက်သွယ်ရေးက ဖုန်းလိုင်းတွေချပေးရင် ဟန်းဆက်ထုတ်တဲ့ ကုမ္ပဏီက စီးပွားဖြစ်တာပေါ့။ ပြီးတော့ ရလာတဲ့ အကျိုးအမြတ်ကို ခွဲဝေယူကြပေါ့။ ပြည်သူတွေကို ဆက်သွယ်ရေး စနစ်ကောင်း အောင် လုပ်ပေးတယ် ဆိုပေမယ့် တဘက်မှာ သူတို့အတွက် အကျိုးအမြတ်မရှိဘဲ ဘာမှ မလုပ်ဘူး” ဟု အဆိုပါ အင်ဂျင်နီယာက ဆိုသည်။
စက်တင်ဘာလဆန်းကလည်း ဆယ်လူလာ ဖုန်းများနှင့် CDMA ခြင်းဖုန်းများကို GSM၊ CDMA 450 MHz နဲ့ CDMA 800 MHz ဖုန်းများဖြင့် လဲလှယ်ပေးခဲ့သည်။
“ခြင်းဖုန်းတွေ အကုန်လုံးကို ကျပ် ၅ သိန်းတန် ဖုန်းနဲ့ လဲမယ်ဆိုရင် ပိုက်ဆံ ထပ်ပေးစရာလိုဘဲ လဲပေးခဲ့တယ်။ ဒါပေမယ့် GSMဒါမှမဟုတ်၊ ကမ်းရိုးတန်းဖုန်းနဲ့ လဲမယ် ဆိုရင်တော့ အလိုက် ကျပ် ၅ သိန်းပေးရတယ်။ အဓိက ရည်ရွယ်ချက်က အာဏာပိုင်နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်က ဖုန်းလိုင်းတွေကို ချုပ်ကိုင်နိုင်ဖို့ပဲ။ ဒီအတွက်လည်း သေချာ အစီအစဉ်တွေ ဆွဲပြီး ရှိတဲ့ ဖုန်းတွေကို CDMA တွေနဲ့ လဲပေးခဲ့တာ။ တခြား မိုဘိုင်းဖုန်းလိုင်းတွေကို လျှော့ပစ်တဲ့ နည်းတခုပေါ့”ဟုCentralMarketing ကုမ္ပဏီမှ ဖွင့်လှစ်ထားသည့် တယ်လီဖုန်း အရောင်းဆိုင်မှ မန်နေဂျာတဦးက ပြောသည်။
ယခုအခါ GSMနှင့် CDMAဖုန်းလိုင်းသစ် ၄ သိန်းကျော် ထပ်မံချထားပေး နိုင်ရန်အတွက် ရေဒီယိုစခန်း ၂၀၀ ကျော်ကို တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။
မိုဘိုင်း တယ်လီဖုန်း လိုင်းများထပ်မံချပေးနိုင်ရန်အတွက် ယခု လက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 Mhz ရေဒီ ယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက် ရှိပြီး ဆောက်လုပ် ပြီးစီးသွားပါက မြန်မာ တနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၄ သိန်းကျော် ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန် ထားသည်။
၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM တယ်လီဖုန်း ၄၉၄၃၀၀၊ CDMA (Mobile) တယ်လီဖုန်း ၅၄၅၆၅၀၊ CDMA 800တယ်လီဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချ ထားပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Geen opmerkingen: