မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 18 november 2010

ပိုလိုအပ်တဲ့သူကို အရင်ပေးတဲ့ အမေ

ဆက်လင်း Thursday, 18 November 2010 13:27 ဆောင်းပါး
.ရန်ကုန်တိုင်းတောင်ဒဂုံမြို့နယ်၁၈ရပ်ကွက်ကမ္ဘောဇ၂လမ်းအမှတ်၃၇၉မှာရှိတဲ့HIV/AIDSဝေဒနာ ခံစားနေရသူ တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြုစု စောင့်ရှောက် ပေးထားတဲ့နေရာ။
နိုဝင်ဘာ၁၇ရက်နေ့ကရန်ကုန်တိုင်းတောင်ဒဂုံမြို့နယ်ရှိHIV/AIDSဝေဒနာရှင်များကိုNLDလူမှုကူညီရေး အဖွဲကစောင့်ရှောက်ပေးထားသည့်ဂေဟာအားဒေါ်အောင်ဆန်းစုကြည်သွားရောက်ကြည့်ရှုအားပေးစဉ် (ဓာတ်ပုံ-ရိုက်တာ)
နေ့လယ်၂ နာရီလောက် လမ်းထိပ်ကို ရောက်ကတည်းက ထောင်ချီတဲ့ ရပ်ကွက်နေ လူတွေက လမ်းပေါ်မှာ စည်းကမ်း ကျနစွာနဲ့ စီတန်းရပ်နေကြတယ်။
ကားတစီး ၀င်လာလိုက်တိုင်း အမေလားလို့ မျှော်လင့်ချက်အပြည့် လည်တဆန့်ဆန့်နဲ့။ လူအုပ်ကြားမှာ NLDလူငယ်တွေလည်း တွေ့နေရတယ်။ အိမ်က လမ်းမကနေ ကိုက် ၅၀၀၊ ၆၀၀ လောက် အကွာမှာရှိတယ်။ ဒါကို တလမ်းလုံး လူတွေအပြည့်။
NLDလူမှုအထောက်ကူပြုအဖွဲ့ကမဖြူဖြူသင်းကအမေစကားပြောပေးမယ်လို့ကြေညာထားတော့တလမ်းလုံး လူတွေက အပြည့်။ အိမ်နား ပတ်ဝန်းကျင်မှာရှိတဲ့ သစ်ပင်တွေပေါ်မှာ၊ အိမ်ခေါင်မိုးတွေ ပေါ်မှာ၊ ပြူတင်းပေါက်တွေ ပေါ်မှာ၊ ယုတ်စွအဆုံး ဓာတ်တိုင်တွေမှာ ဖက်တွယ်နေသူတွေပါ တွေ့ရတယ်။ တောင်ဒဂုံ ရပ်ကွက် တရပ်ကွက်လုံးက လူတွေ အကုန်လုံးလား ထင်ရတယ်။
အိမ်ပေါ်မှာရှိတဲ့ HIV/AIDS ဝေဒနာရှင်တွေ ကလည်း စောင့်မျှော်လို့။ ငါတို့ကို အမေ ကိုယ်တိုင် လာတွေ့တာဆိုပြီး ကျေနပ် အားရနေကြတယ်။ သူတို့ကို တန်ဖိုးထား ပေးတဲ့သူဆိုပြီး နဂို လေးစားမှုအခံမှာ ပိုပြီး ကြည်ညိုလာတဲ့ ပုံပါပဲ။
၂ နာရီကို မိနစ် အနည်းငယ် စွန်းတဲ့အခါမှာတော့ လူအုပ်ကြီးက လှုပ်လှုပ်ရွရွဖြစ်လာပြီး “အမေစု ကျန်းမာပါစေ” ဆိုတဲ့ အသံကို စကြားလိုက်ရပါတယ်။
အားလုံး မျှော်လင့်နေတဲ့ အမေ၊ လူထုကို မေတ္တာအပြည့်အ၀ ပေးတဲ့အမေ၊ အကူအညီ လိုအပ်နေသူတွေကို အမြဲတမ်း အကူအညီ ပေးဖို့ အဆင်သင့်ရှိတဲ့ အမေ။ သူကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ပါ။
ခြံအမှတ် ၃၇၉ ရဲ့ရှေ့ကို ကားအဖြူလေး ထိုးစိုက်လိုက်ပြီး အားလုံး မျှော်လင့် စောင့်စားနေတဲ့ အမေ ကားပေါ်က ဆင်းလာတယ်။
ဇာ အဖြူရောင်ပေါ်မှာ အနီပွင့် ကလေးတွေပါတဲ့ ရင်ဖုံး အင်္ကျီနဲ့ မာစရိုက် ထဘီအနီကို ၀တ်ဆင်ထားပြီး အမြဲတမ်း မြင်နေကျ ပုံစံ အေးမြတဲ့အပြုံးနဲ့၊ ခေါင်းပေါ်မှာလည်း နှင်းဆီပန်း အဖြူတွေ ဝေလို့။
များပြားလှတဲ့ လူအုပ်ကြီးရဲ့ တိုးဝှေ့ ကြည့်ရှုမှုကြောင့် လုံခြုံရေး ယူ၊ လက်တွေ တားထားတဲ့ ကြားမှာပဲ မကြာခဏ ယိုင်လဲသလို ဖြစ်ဖြစ် သွားပေမယ့် အမေ့မျက်နှာမှာ အပြုံးမပျက်ပါဘူး။
“တော်ကြပါတော့။ အရမ်းအုံမနေနဲ့တော့။ တော်ကြာ လဲသွားဦးမယ်”ဆိုပြီး အသက် ၅၀ အရွယ် ခပ်၀၀ အမျိုးသမီးကြီး တဦးရဲ့ သတိပေးလိုက်သံလည်း ကြားလိုက်ရတယ်။
“သတင်းထောက်တွေကလည်း ပြောလို့မရဘူး” ဆိုပြီးတော့ ၄၀၊ ၅၀ လောက် ရှိတဲ့၊ တိုးကြိတ်နေတဲ့ သတင်းထောက်တွေကို ပြောလိုက်တဲ့ NLD လူငယ် တဦးရဲ့ အသံကိုလည်း ကြားရတယ်။
အိမ်ပေါ်မှာရှိတဲ့ ဝေဒနာရှင်တွေကလည်း အမေ့ကို ပေးဖို့ပန်း၊ ဘဘ ဦးတင်ဦး၊ ဘဘ ဦးဝင်းတင်တို့ကို ပေးဖို့ လက်ဆောင် ပန်းတွေနဲ့။မြင်ရ တွေ့ရတဲ့ မြင်ကွင်းကတော့ တဦးမေတ္တာ တဦးမှာ ဆိုသလို ဆွတ်ပျံ့ ကြည်နူးစရာ။ ဝေဒနာရှင်တွေ ကိုယ်တိုင် အမေ့ကို တဒင်္ဂ မြင်တွေ့ရချိန်မှာ အမေ့ရဲ့ မေတ္တာလွှမ်းတဲ့ အပြုံးကြောင့် သူတို့ရဲ့ ရောဂါတွေကို မေ့လျော့သွားပုံရတယ်။
အမေက လူနာတွေကို တယောက်ချင်း အားပေး စကားပြောပြီး အားပေး ပြုစု နေသူတွေကိုလည်း ဘယ်လို အခြေအနေ ရှိလဲ ဆိုတာကို ဂရုတစိုက် မေးနေတယ်။ နေရာက မထနိုင်တဲ့ ဝေဒနာသည်တွေကိုလည်း နေရာအထိ လိုက်ကြည့်တယ်။
အမေ လွတ်မြောက်တဲ့အချိန်မှာ ပြည်သူလူထုက ပေးတဲ့ ပန်းတွေကို အမေက ဒီဝေဒနာရှင်တွေကို ပေးဖို့ပြန်ယူလာတာတဲ့။
ဒီလို လူနာတွေကို လိုက်ကြည့်ပြီးတဲ့ အခါမှာတော့ ကြိုတင် ပြင်ဆင်ထားခြင်းမရှိဘဲ အိမ်ရှေ့မှာ စောင့်နေတဲ့၊ ထောင်ချီတဲ့ လူအုပ်ကြီးကို နှုတ်ဆက် မိန့်ခွန်းစကား ပြောပါတယ်။
“လွတ်လာတော့ ပန်းတွေပေးကြတယ်။ အဲဒါတွေကို ပေးချင်လို့ ယူလာတာ။ သူတို့က ပြန်ပေးလိုက်တော့ အမေ အတိုးနဲ့ ပြန်ယူသွား ရတာပေါ့။ အဲဒီတော့ စဉ်းစားမိတယ်၊ နည်းနည်း ပေးရုံနဲ့ များများပြန်ရတယ်။ အဲဒီတော့ လူတွေ နည်းနည်း ပေးကြည့်ပါလား။ ဒါပေမယ့်လည်း မျှော်လင့်ချက်နဲ့၊ ပြန်ရချင်တဲ့ စိတ်နဲ့ မဟုတ်ဘဲနဲ့ ကိုယ့်ထက် အဆင်မပြေတဲ့ သူတွေကို သနားတယ်၊ ကိုယ်ချင်း စာတယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ ပေးကြည့်ပါလား၊ အဲဒီလို ပေးကြည့်ရင် ရုပ်ပိုင်းက ဘာမှ ပြန်မရတောင်မှ ကျေနပ်မှုတွေ အများကြီး ပြန်ရမှာပါ” လို့ အားလုံးချစ်တဲ့ အမေက စ ပြောပါတယ်။
တဆက်တည်း ပရဟိတ စိတ် ထားဖို့လိုတယ် ဆိုတာနဲ့ ပတ်သက်လို့ “ကိုယ့်လောက် အဆင်မပြေတဲ့ သူတွေကို ကူညီ စေချင်တယ်။ နောက်ဆုံးကျတော့ ပရဟိတ စိတ်ပေါ့နော်။ လူဆိုတာ ကိုယ့်အတွက်ပဲ လုပ်ချင်ကြတာပဲ။ အားလုံးပဲ။ ဒါပေမယ့် အများအတွက် လုပ်ပေးချင်တဲ့ စိတ်ဆန္ဒလေးတွေ မွေးစေချင်တယ်။ ဒါက မွေးယူရမယ်။ အများအတွက် လုပ်ချင်တဲ့ စိတ်ကို ပြုစုပျိုးထောင်ပါ။ ဒီအတိုင်းချည်း လာတယ်မထင်ပါနဲ့။ ပြုစု ပျိုးထောင်ရတယ်” ဆိုပြီး ဆက်ပြောပါတယ်။
HIV/AIDS ပြုစုစောင့်ရှောက်မှု ဂေဟာမှာ ရှိတဲ့ လူနာတွေအတွက် ဆေး၊ အစားအစာ ရနိုင်ဖို့ ကြိုးစား သွားမယ် ဆိုတဲ့ အကြောင်းကိုလည်း “အဲဒီတော့ ကြိုးစားမယ်။ အမေတို့ ဘာလုပ်မလဲဆိုတော့ ဒီမှာရှိနေတဲ့ လူနာတွေအတွက် ဆေး ရနိုင်သမျှ ရအောင် ကြိုးစားမယ်။ ဒါ ပထမပဲ။ ဆေးအတွက်၊ အစားအစာအတွက် လူတိုင်း လူတိုင်းက ကိုယ် လက်လှမ်း မီရာပေါ့” လို့ ဆိုပါတယ်။
ကိုယ်ကိုယ်တိုင် အခြေအနေ မကောင်းနေတဲ့ အချိန်မှာ ကိုယ်ချင်းစာစိတ် ပိုထားပြီး တယောက်နဲ့ တယောက် အပြန်အလှန် လက်တွဲ အလုပ်လုပ်ဖို့ လိုပါတယ်လို့လည်း လူထုရဲ့အမေ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက် မိန့်ခွန်းမှာ ထည့်ပြော ပါတယ်။
“အခုလို နေရာမျိုးမှာ နိုင်ငံရေးအကြောင်း လုံးဝမပြောဘူး။ မေတ္တာစကား။ ပရဟိတ စကား တွေပဲ ပြောတယ်။ နားထောင်ရင်းနဲ့ကို ငိုချင်သလိုလို ဖြစ်လာတယ်”ဆိုပြီး မျက်ဝန်းမှာ မျက်ရည် လည်နေတဲ့ အသက် ၃၀ အရွယ် အမျိုးသမီး တဦးက ဆိုပါတယ်။
အဲဒီ ဂေဟာမှာရှိတဲ့ လူနာတွေကိုလည်း မေတ္တာရှင် အမေက “ဒီမှာရှိတဲ့လူနာတွေလည်း စိတ်ခိုင်ခိုင် ထားကြပါ။ စိတ်ဓာတ်က အဓိကပဲ။ ဂရုစိုက်မယ့် သူတွေ အများကြီးရှိတယ်။ ကိုယ့်ကို တန်ဖိုးထားတဲ့သူတွေ အများကြီး ရှိတယ်ဆိုတာ စိတ်ထဲမှာထား”ဆိုပြီး အိမ်ရှေ့ကလူတွေကို ကျောပေး၊ အိမ်ဘက်ကို မျက်နှာမူပြီး အားပေးစကား ပြန်ပြောပါတယ်။
“လူဖြစ်ဖို့ ဆိုတာက လူ့ပြည်က အပ်တစင်းနဲ့ ဗြဟ္မာပြည်က အပ်တစင်း ထိဖို့လွယ်သေးတယ်။ လူဖြစ်ဖို့က မလွယ်ဘူး။ လူဖြစ်လာရင် လူ့ရဲ့ အခြေခံသိက္ခာ ဆိုတာရှိတယ်၊ တန်ဖိုးဆိုတာရှိတယ်။ အဲဒါကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းက အသိအမှတ် ပြုထားတယ်။ အဲဒီတော့ ဘယ်သူမှ စိတ်ဓာတ်မကျနဲ့၊ လူတိုင်းဟာ ကိုယ့်တန်ဖိုးနဲ့ ကိုယ် ဆိုတာကို မှတ်ထားကြပါ”ဆိုပြီး ဗုဒ္ဓ တရားတော်နဲ့ အခြေခံ လူ့အခွင့်အရေးကို ချိတ်ဆက် ပြောကြားသွားပါ သေးတယ်။
နိုဝင်ဘာ၁၇ရက်နေ့ကရန်ကုန်တိုင်းတောင်ဒဂုံမြို့နယ်ရှိHIV/AIDS ဝေဒနာရှင်များကိုNLDလူမှုကူညီရေး အဖွဲကစောင့်ရှောက်ပေးထားသည့်ဂေဟာအားဒေါ်အောင်ဆန်းစုကြည်သွားရောက်ကြည့်ရှုအားပေးစဉ် (ဓာတ်ပုံ-အေပီ)
ကမ္ဘောဇ လမ်းမှာရှိတဲ့ NLDရဲ့ HIV/AIDS ပြုစု စောင့်ရှောက်မှု ဂေဟာမှာ လူကြီးရော ကလေးပါ ဝေဒနာသည် ၁၂၀ ကျော် ရှိတာကို တွေ့ရပါတယ်။ ဒီလူနာတွေ အားလုံးဟာတော့ အမေစုရဲ့ မေတ္တာလွှမ်းခြုံမှုကြောင့် အားလုံးရဲ့ မျှော်လင့်ချက်တွေ ရှင်သန် နိုးထလာတဲ့ပုံပါ။
မေတ္တာ စကားတွေ ပြောနေတဲ့အချိန်မှာပဲ အခြေခံ လူတန်းစားတွေ များတဲ့ ရပ်ကွက်ထဲက လာနားထောင် နေသူတွေက ၀မ်းသာမျက်ရည် ကျသူတွေကကျ၊ ချုံးပွဲချ ငိုသူတွေကငို နေတာလည်း တွေ့ရပါတယ်။
နေလောင်ထားတဲ့ မျက်နှာနဲ့ စွပ်ကျယ်အင်္ကျီပြဲ တထည် ၀တ်ဆင်ထားတဲ့ အသက် ၃၀ ကျော် လူရွယ် တဦးကလည်း “ကျနော့် တသက်မှာ အမေစု စကားပြောတာကို တခါမှ နားမထောင်ဖူးဘူးဗျာ။ နားထောင်ရတာ အရမ်း ကောင်းတာပဲ။ အမေစု ပြောတာကို နားထောင်ပြီး ကျနော်တို့ ဘာလုပ်ရမယ်ဆိုတာ သိသွားပြီ” လို့ ဆိုပါတယ်။
အနီးအနား ပတ်ဝန်းကျင်ရပ်ကွက်မှာ အကူအညီ လိုအပ်နေသူတွေ အများကြီး ရှိနေတယ်ဆိုတာနဲ့ ပတ်သက်လို့လည်း “အခုဆိုရင် ဒီရပ်ကွက်မှာ အမေတို့ သိပါတယ်။ ခန့်မှန်းလို့ ရပါတယ်။ အကူအညီ လိုအပ်တဲ့သူတွေ အများကြီး ရှိတာပေါ့။ အခြေအနေ သိပ်မကောင်းတာ ရှိတာပေါ့။ သိပ် အဆင်မပြေတာတွေ ရှိတာပေါ့” လို့ ဆိုပါတယ်။
“အဲဒီလောက် လူတွေအများကြီးထဲက လူနာတွေကို ဘာလို့ရွေးပြီး ကူညီရသလဲ ဆိုတော့ သူတို့က အကူအညီ အလိုဆုံးဖြစ်နေလို့။ အဲတော့ အလိုအပ်ဆုံးလူကို အရင်ကူညီရမယ်။ အဲဒါက ဖြစ်သင့်တဲ့ ကိစ္စ။ တခြားသူတွေကို မေ့ထားတာမဟုတ်ပါဘူး။ တန်ဖိုးမထားတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပိုပြီး လိုအပ်တဲ့သူကို ပိုကူညီရမယ်။ ဒါဟာ လူတိုင်း လူတိုင်း ထားရမယ့် စိတ်ဓာတ်ပဲ”လို့ လူထုခေါင်းဆောင် အမေစုက နောက်ဆုံးပိတ်အနေနဲ့ ပြောခဲ့ပါတယ်။

Geen opmerkingen: