မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 november 2010

သြစတြေးလျ ရုပ်သံအဖွဲ့ ပြည်နှင်ဒဏ်ခံရ

စိုင်းဇွမ်ဆိုင်း Friday, 12 November 2010 16:31 သတင်း
.သြစတြေးလျနိုင်ငံအခြေစိုက်ABCသတင်းဌာန၏ရုပ်သံ ရိုက်ကူးရေး အဖွဲ့ကို စစ်အစိုးရက ယမန်နေ့ညတွင် ဖမ်းဆီး ပြီး ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သတင်းရရှိသည်။
ယင်း ရုပ်သံရိုက်ကူးရေး အဖွဲ့သည် အရှေ့တောင်အာရှ နိုင်ငံများ၏ သတင်းလွတ်လပ်ခွင့် အခန်းကဏ္ဍကို ရုပ်သံ မှတ်တမ်း ရိုက်ကူးနေသောအဖွဲ့ဖြစ်ကြောင်း၊ မြန်မာတိုင်းမ် သတင်းစာ အယ်ဒီတာချုပ် သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေနှင့် ၎င်း၏ လုပ်ငန်းခွင်အခြေအနေကိုလည်း ၎င်းတို့ ရိုက်ကူးသည့် မှတ်တမ်း၏အခန်းတခန်းအဖြစ်ထည့်သွင်းရိုက်ကူးထားကြောင်းABCသတင်းဌာနက သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် ရက်ရှည်နေထိုင်ခွင့် ဗီဇာရှိထားသည့် ABCရုပ်သံရိုက်ကူးရေးအဖွဲ့ကို စစ်အစိုးရက ဖမ်းဆီးပြီး လေဆိပ်သို့ ပို့ဆောင်ကာ ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နှင်ဒဏ်ပေးခံရသူတဦးဖြစ်သည့်မစ္စတာဟျုဂ်ျပိုက်ပါ(HughPiper)က၎င်းတို့ မြန်မာတိုင်းမ် ရုံးခန်းသို့သွား၍ မစ္စတာ ရော့စ် ဒန်ကလေကို သွားတွေ့စဉ်ကပင် မြန်မာပြည်မှ ထွက်သွားသင့်ပြီဟု သိလိုက်ကြောင်း ပြောသည်။
မြန်မာတိုင်းမ် ဂျာနယ်တိုက်၌ စစ်အစိုးရနှင့် အဆက်အသွယ်ရှိသူနှစ်ဦးက ၎င်းတို့တည်းခိုရာ ဟိုတယ်သို့ ချက်ချင်းပြန် ရန် ပြောဆိုကြောင်း၊ ဟိုတယ်တွင် ၎င်းတို့ကို ပြန်ပို့မည့် လူဝင်မှုကြီးကြပ်ရေးအရာရှိများ စောင့်ဆိုင်းနေကြောင်း ပြောဆိုခဲ့သည်ဟု ABC သတင်းတွင် ပါရှိသည်။
မစ္စတာ ပိုက်ပါနှင့်အတူ ရုပ်သံထုတ်လုပ်သူ မစ္စ ဟယ်လင် ဘာရိုး (HelenBarrow)လည်း ပါဝင်ကြောင်း သိရသည်။ABCရုပ်သံရိုက်ကူးရေးအဖွဲ့ ပြန်ပို့ခံရပြီး ထိုင်းနိုင်ငံဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာချိန်တွင် ၎င်းတို့သည် စစ်အစိုးရ ပြုလုပ်သည့် ရွေးကောက်ပွဲအကြောင်းကို သတင်းယူမိ၍ ယခုကဲ့သို့ ပြည်နှင်ဒဏ်ပေးခံရသည်ဟု သတင်းထောက်များကို ပြောဆိုကြောင်း သိရှိရသည်။
ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက “အခုလိုမျိုး ပြည်နှင်ဒဏ် ပေးလိုက်တယ်ဆိုတာက သြစတြေးလျ အဖွဲ့တွေက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက် မှတ်တမ်းတချို့ကို ထုတ်လွှင့်လိုက်တယ်လို့ ပြောသံကြား တယ်။ ဘယ် နိုင်ငံခြားသတင်းထောက်တွေကိုမဆို ထောက်လှမ်းရေးတွေ၊SB(ရဲအထူးသတင်းတပ်ဖွဲ့) တွေက သူတို့ နောက်က လိုက်ကြည့်နေတာပဲ၊ ဘာလုပ်လုပ် အစိုးရက သိပြီပေါ့” ဟု ပြောသည်။
ရွေးကောက်ပွဲကာလတွင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၌ ဝင်ရောက်သတင်းယူသည့် ဂျပန် APF သတင်းဌာန၏ ရုပ်သံဌာနမှူးဖြစ်သူ မစ္စတာ တိုရု ယာမဂျိကိုလည်း စစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ဖမ်းဆီးပြီးနောက် နိုဝင်ဘာ ၉ ရက်နေ့တွင် ပြည်နှင်ဒဏ်ပေးခဲ့သည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)မှ ထုတ်ပြန်သည့် မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့် အဆင့်သည် ၁၇၈ နိုင်ငံအနက် ၁၇၄ နေရာတွင်ရှိပြီး သတင်းလွတ်လပ်ခွင့် မရှိဆုံး ၅ နိုင်ငံတွင် တနိုင်ငံအဖြစ် ပါဝင်သည်။

Geen opmerkingen: