မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 22 november 2010

မေတ္တာ အရင်းခံပါပဲ...

ကြည်ဝေ Monday, 22 November 2010 19:41 ဆောင်းပါး
.အသားလတ်လတ်၊ ကိုယ်ဟန်သွယ်နွဲ့နွဲ့ဖြင့် အသက်၈၀ အရွယ် အမေနု က သူ့ကို ရွှေတွေငွေတွေ ပုံပေးပါစေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ် အဆောက်အအုံကိုတော့ ဒေါ်အောင်ဆန်းစုကြည် နေလိုသေးသရွေ့ ငှားခြင်း၊ ရောင်းခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်လိုအပ်သရွေ့NLDရုံးချုပ်အဆောက်အအုံကိုဆက်လက်ငှားရမ်းနေဦးမည့် အမေချော(ဓာတ်ပုံ-ဧရာဝတီ)
“ဒီနေရာကိုဈေးကောင်းပေးပြီးလာဝယ်ကြတယ်၊နည်းမျိုးစုံနဲ့ခြိမ်းခြောက်ပြီးတော့လည်းလာပြောကြတာ ရှိတယ်၊အမေ မရောင်းဘူး၊ ဒေါ်အောင်ဆန်းစုကြည် နေလိုသရွေ့နေပါစေဆိုတဲ့ သွားလေသူရဲ့စကားလည်း ရှိတယ်၊ အမေကလည်း ကိုယ်တတ်နိုင်တာလေ၊ ကူညီအားပေးချင်တယ်”ဟု NLD ရုံးနေရာပိုင်ရှင်ဖြစ်သော အမေနုက မှုန်သီသီ မျက်လုံးများဖြင့် ကြည့်ပြီး ဖြည်းဖြည်းခြင်း ပြောသည်။
အမေနု၏ ခင်ပွန်းဖြစ်သူ ဦးထွန်းကြိုင်က သူပိုင်ဆိုင်သော အဆောက်အအုံအား NLDရုံးချုပ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်ပိုင်း ကတည်းက စတင်ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
NLD ရုံးကို စတင်တည်ထောင်စဉ်က ရုံးချုပ်နေရာမှာ ရွှေဂုံတိုင်တွင်မဟုတ်ဘဲ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ခြံ နှင့် မလှမ်းမကမ်း ခြံဝန်းတခုတည်းတွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။
သို့သော်လည်း ၁၉၈၉ ခုနှစ်အတွင်းမှာပင် ထိုခြံရှင်အား စစ်အစိုးရက ဖိအားပေးသောကြောင့် ခြံရှင်မှာ ဆက်မငှားရဲတော့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ ရုံးခန်းဖွင့်ရန် ရှာဖွေခဲ့ရကြောင်း၊ ထိုကာလမှာပင် ဦးထွန်းကြိုင်က ဒေါ်အောင်ဆန်းစုကြည် ကသာ သူ့အိမ်ကို လိုချင်တယ်ဟု ပြောလျှင် ငှားပေးပါမည်ဟုပြောခဲ့သည့်အတွက်NLDရုံးချုပ်မှာလက်ရှိရုံးချုပ်နေရာရွှေဂုံတိုင်တွင် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဦးထွန်းကြိုင် တိမ်းပါးသွားသည့်အခါမှာလည်း အမေနုက ထိုကတိကို ဆက်လက် ထိန်းသိမ်းခဲ့ပြီး ဦးထွန်းကြိုင်၏ ဇနီးအမေနုနှင့် သမီး အမေချောကလည်း ဒေါ်အောင်းဆန်းစုကြည်က နေချင်သေးသရွေ့တော့ သူတို့ဘက်မှ ကတိကို ပျက်စေမှာ မဟုတ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီအားပေးခြင်းမှာ တိုင်းပြည်ကို ကူညီအားပေးခြင်းသာ ဖြစ်သည်ဟု လက်ခံထားကြောင်း အမေချောက သူ့သဘောထားကို ပြောပြသည်။
“အဖေ့ဆန္ဒက ဒေါ်အောင်ဆန်းစုကြည်တို့ နေလိုသရွေ့ ဘယ်တော့မှ မဖယ်ခိုင်းပါနဲ့တဲ့၊ ပြီးတော့ ဘာအကြောင်းကြောင့်မှလည်း ဒီကတိကို မပျက်ပါစေနဲ့လို့ တဖွဖွ မှာခဲ့တာပဲ၊ ကြီးကြီးလည်း ကတိပေးခဲ့တယ်၊ တည်စေရမယ် စိတ်ချပါလို့”ဟု အမေချော က ဆိုသည်။ အမေချောက ဖခင်၏ စကားကိုနားထောင်ပြီး ဖခင်ကတိစကားကိုမြဲရန် စောင့်ရှောက်နိုင်ခဲ့သူ ဖြစ်သည်။
သေးသေးသွယ်သွယ် ဖျပ်ဖျပ်လတ်လတ်နှင့် အသက် ၆၀ အရွယ် အမေချောကို စစ်အစိုးရက NLD အား ရုံးခန်း ငှားပေးသည့် အတွက်ဟုဆိုကာ ဒီပဲယင်းအကြမ်းဖက်မှုအပြီး ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခဲ့ပြီး လွန်ခဲ့ သော ၂ နှစ်ခန့်ကလည်း NLD ရုံးကို မငှားတော့ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။
“ကြီးကြီးကလည်းပြောလိုက်တာပေါ့၊ဒီရုံးကိုစငှားခဲ့တာအဖေကငှားခဲ့တယ်၊အဖေကဒေါ်အောင်ဆန်းစုကြည်နဲ့ငှားခဲ့ စာချုပ် ခဲ့ကြတယ်ဆိုတော့ ဒီစာချုပ်ကို ကျမတို့ဘက်ကတော့ ဖျက်လို့မဖြစ်နိုင်ဘူးလို့။ အဖေက ဖျက်ဆိုမှပဲ ဖျက်နိုင်တော့မယ်လို့ ပြော လိုက်တာပဲ”ဟု အမေချောက ပြောသည်။
အသက်၈၀ကျော်အမေနုနှင့် အသက် ၆၀ ၀န်းကျင်အရွယ် အမေချောတို့အား အာဏာပိုင်များက မည်ကဲ့သို့ ဖိအားပေးစေကာမူ ဒေါ်အောင်ဆန်းစုကြည် ရုံးခန်းဖွင့်နိုင်ရေးအတွက် ဆက်လက်ငှားရမ်းပေးနေဦးမှာပဲ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ငှားရမ်း ပေးနေခြင်းမှာ ဖခင်၏ ဆန္ဒဖြစ်သကဲ့သို့ ကိုယ်တိုင်လည်း အားပေးကူညီလိုသည့် စိတ်ကြောင့် ဖြစ်ကြောင်း အမေချောက ပြောဆိုသည်။
“အစ်မက ဒီအိမ်ရှင်တွေရဲ့ ကျေးဇူးကိုအမြဲ အသိအမှတ်ပြုထားတယ်၊ ဒီနေရာက ဈေးသိပ်ကောင်းပါတယ်၊ အမေချောတို့က သူတို့ ပိုင်တာလေးတွေကို ဖဲ့ဖဲ့ရောင်းနေပေမယ့် ဒီနေရာလေးကိုတော့ မရောင်းရှာဘူး၊ ပြီးတော့သူတို့ကို နည်းမျိုးစုံနဲ့ ခြောက်လှန့် ပြော ဆိုရင်လည်း အမေချောတို့က တင်းခံပြီးနေတာပဲ”ဟု NLD ဗဟိုဦးစီးအဖွဲ့ဝင်တဦး က ပြောပြသည်။
ရုံးခန်းပိုင်ရှင်များဖြစ်ကြသော အမေနုနှင့် အမေချောအား ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ပြီး မကြာခင် နိုဝင်ဘာလ ၁၅ ရက်နေ့မှာပင် သွားရောက် ဂါရ၀ ပြုခဲ့ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အပြင်မှာ မြင်နေရရင်ကို အမေတို့က ကျေနပ်ဝမ်းသာနေတာပါ၊ အမေတို့ဘက်ကတော့ လုပ် ပေး နိုင်တာ မှန်သမျှ လုပ်ပေးဖို့ပါပဲ”ဟု အမေချောက ဆိုသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သရွေ့ ကူညီပံ့ပိုးရန်ကြိုစားနေသူများထဲတွင် အမေနုတို့၊ အမေချောတို့ ကဲ့သို့ ပြည်သူများလည်း ပါဝင်လျက်ရှိသကဲ့သို့ ဒေါ်လှကြည် ကဲ့သို့သော အသက် ၈၀ ကျော် အမယ်အိုကြီးလည်း ပါဝင်သည်ကို တွေ့မြင်ရသည်။
“ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ နေတော့ နေ့တိုင်း ထောင်ရှေ့ကို သွားကြည့်တယ်၊ မေတ္တာပို့ပေးတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့ အဘွားက သူ့ကို တွေ့ချင်၊ အားပေးချင်တာ အိပ်မပျော် စားမ၀င်တောင် ဖြစ်တယ်”ဟုရွှေဂုံတိုင် ရုံးသို့နေ့စဉ် လာစောင့်နေခဲ့သော ဒေါ်လှကြည်က ပြောပြသည်။
ငွေရောင် ဆံပင်၊ မျက်နှာအရေးအကြောင်း တွဲလျက်၊ တလှမ်းခြင်းဖြည်းဖြည်းမျှသာ သွားလာနိုင်တော့သော ဇရာထောင်းနေသည့် အသက် ၈၀ ကျော်အရွယ် အမယ်အို ဒေါ်လှကြည်က ဒေါ်အောင်ဆန်းစုကြည်အား လာကြည့်ကြသူ ပြည်သူအများထဲ တိုးဝှေ့ရင်း ရုံးပေါက်ဝ အထိ အရောက်လာကာ ဇွဲကြီးကြီးဖြင့် စောင့်ကြည့်ခဲ့သူ ဖြစ်သည်။
နိုဝင်ဘာလ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရုံးမှ ထွက်ခါနီး လူအုပ်ထဲမှ ဒေါ်လှကြည်ကို ဖျပ်ခနဲ တွေ့လိုက်သောကြောင့် ဒေါ်လှကြည်အနားအထိ သွားခဲ့ပြီး “အမေ နေကောင်းတယ် နော်”ဟု လက်ကိုဆွဲကာ တရင်းတနှီးနှုတ်ဆက်ခဲ့ကြောင်း ဒေါ်လှကြည် က ပြောပြသည်။
“အဲလို နှုတ်ဆက်တော့ အမေ့မှာ ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်၊ အမေကို သူ မှတ်မိတယ်၊ မမေ့ဘူးပေါ့နော်” ဟု စို့လာသော မျက်ရည်တို့ကို သုတ်ရင်း ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ မိခင်နှင့် ဟိုစဉ် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးသမား ဘ၀ကတည်းက ခင်မင်သိကျွမ်းခဲ့ဖူးကြောင်း ဒေါ်လှကြည်က ပြောပြသည်။
ဗိုလ်ချုပ်အောင်ဆန်းမှာ သခင်အောင်ဆန်း ဘ၀ ကတည်းကပင် ချွေတာခဲ့သူ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ဘ၀မှာလည်း ချွေတာခဲ့ ကြောင်း၊ ခြံထဲရှိ ရေကန်တွင် ကန်စွန်းရွက် စိုက်၊ ဖရုံသီးများ စိုက်ကာ ဟင်းလုပ်စားခဲ့သူ ဖြစ်ကြောင်း ဒေါ်လှကြည်က ရှေးဟောင်း နှောင်းဖြစ်တို့ကို ပြောပြသည်။
“မမကြည်က အစ ပဲရေပွနဲ့ ငါးပိရည်ကို မြေအိုးနဲ့ချက်ပြီးတော့ စားတယ်၊ သူတို့ ဆန်ကောင်းတွေ၊ ဟင်းကောင်းတွေ မစားခဲ့ဘူး။ ပြည်သူတွေ စားသလိုပဲ သူတို့ မိသားစုလည်း စားတယ်၊ ဗိုလ်ချုပ်ဖြစ်တော့တောင် ငစိန်ဆန်ပဲ စားခဲ့ကြတယ်၊ ဟင်းဆိုလည်း ခြံထဲ က ကန်စွန်းရွက်တို့၊ ကင်းမွန်ရွက်တို့နဲ့ စားကြတယ်၊ အမေတို့ ဒါတွေ အကုန်သိခဲ့ မြင်ခဲ့ရတယ်၊ အခုလည်း ဒီကလေးက အမေ အဖေ ရဲ့ ကောင်းမွေတွေ အကုန်ရခဲ့တဲ့ သူတော်ကောင်းမလေး သူ့ကို ထောက်ခံပေးရမယ်”ဟု ဒေါ်လှကြည်က ပြောသည်။
၁၉၈၈ ခုနှစ်မှ စပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးခဲ့သည့်အတွက် သူတို့ မိသားစုပိုင် လှယမင်းနှင့် မြယမင်း ဆို သော စာပုံနှိပ်စက်တွေကို အစိုးရက ချိတ်ပိတ်လိုက်ကြောင်း သိရသည်။
“အမေတို့လုပ်ငန်းတွေကိုချိတ်ပိတ်လိုက်ကြတယ်၊အမေတို့ကဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံအားပေးနေလို့တဲ့။ ဒါပေမယ့် အမေ မကြောက်ဘူး၊ ငတ်ချင်လည်း ငတ်တော့လို့ အမေ စိတ်မာတယ်၊ ဒီကလေးကိုတော့ အားပေးရမယ်၊ ထောက်ခံ ရမယ်ပေါ့၊ သူက တိုင်းပြည်ကို ကောင်းတာ လုပ်တာ ဆိုတာ အမေသိတယ်၊ ယုံတယ်လေ”ဟု ဒေါ်လှကြည်က ဆိုသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးရန် ထွက်လာခဲ့၍ အဖမ်းခံခဲ့ရလျှင်လည်း အိမ်မှာ ကျန်ခဲ့သောသားကို ထောင်ဝင်စာသာ လာတွေ့ဟု မှာခဲ့ပြီး ဖြစ်ကြောင်း၊ သားဖြစ်သူကလည်း အမေအဖမ်းခံရရင် ကျနော် ထောင်ဝင်စာ လာတွေ့မယ်၊ ကျနော် အဖမ်းခံရရင် အမေလာတွေ့နော်ဟု ဆိုကာ သားအမိ နှစ်ယောက်၊ တယောက်တလှည့်စီ NLDရုံးသို့ လာနေကြခြင်း ဖြစ်ကြောင်း အမယ်အို ဒေါ်လှကြည်က ပြောပြသည်။

Geen opmerkingen: