မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 31 mei 2011

ဒီမိုကရေစီရေးဟာတာဝန်ဆိုသူ

မျိုးသန့် အင်္ဂါနေ့၊မေလ၃၁ရက်၂၀၁၁ခုနှစ်၂၀နာရီ၃၇မိနစ်. 
(ကဗျာဆရာ ငြိမ်းသစ်နှင့် အင်တာဗျူး)
ချင်းမိုင်(မဇ္ဈိမ)။ ။ကဗျာဆရာများ၊ဂီတ၊စာပေ၊ပန်းချီ၊ပန်းပုစသည့်အနုပညာရှင်များအနေဖြင့်အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ဒီမိုကရေစီရရှိရေးအတွက်တာဝန်တရပ်အနေဖြင့်ကြိုးပမ်းစေလိုကြောင်း ကဗျာဆရာကိုငြိမ်းသစ်ကတိုက်တွန်းလိုက်သည်။
ဆရာငြိမ်းသစ်သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD၏မန္တလေးတိုင်းအရှေ့တောင်မြို့နယ်ဒုဥက္ကဋ္ဌလည်း ဖြစ်သည်။သူသည်၁၉၉၉ခုနှစ်တွင်ပြည်ပရှိမတရားသင်းများနှင့်ဆက်သွယ်မှုဖြင့်ထောင်၈နှစ်ချမှတ်ခံခဲ့ရပြီး ၂ဝဝ၇ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။ ယင်းနှစ်တွင်ပင်NLDပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါNLDရုံးချုပ်တွင်အခါအားလျော်စွာကျင်းပသည့်စာပေဆိုင်ရာလှုပ်ရှားမှုများတွင် ပါဝင်ကူညီနေသည်။၎င်းအပြင်“ကဗျာ၊သီချင်း၊ပန်းချီ”လူမှုရေးကူညီမှုအဖွဲ့ ဖွဲ့စည်းပြီး၊နယ်မြို့နယ်များရှိ ဆင်းရဲချို့တဲ့သော စာပေ၊ ပန်းချီ၊ ဂီတ အနုပညာရှင်များကို ဆေးဝါးကုသစရိတ်များ ကူညီပေးနေသည်။
နိုင်ငံရေးတွင် အနုပညာရှင်များ ပါဝင်ပတ်သက်လာမှု၊ ပြုပြင်ပြောင်းလဲရေးအတွက် အနုပညာ၏ အရေးပါမှု၊ လူငယ်အနုပညာရှင်များနှင့် နိုင်ငံရေး၊NLDပါတီအပေါ် အမြင်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့်က ဆက်သွယ်မေးမြန်းထားပါသည်။
ကဗျာဆရာတယောက်အနေနဲ့ ပါတီနိုင်ငံရေးမှာ ဘာ့ကြောင့် ပါဝင်လာရတာပါလဲ။
“၂ဝဝ၇ကျနော်ထောင်ကထွက်လာတဲ့အခါပါတီကအင်အားချို့တဲ့နေတယ်။ဒါပေမဲ့ဒီပါတီကလည်းဖိအားပေး အခံရဆုံး၊အဝေဖန်အခံရဆုံး၊ရန်သူကလည်းအဖိနှိပ်ဆုံး။ဥပမာ-ဆိုင်းပုဒ်တွေဖြုတ်တယ်၊ဆိုင်းဘုတ်တွေကို ညဥ့်နက်သန်းခေါင်ခိုးတယ်၊မြို့နယ်CECတွေကိုဖမ်းတယ်၊ဖမ်းပြီးတော့နုတ်ထွက်ခိုင်းတယ်၊ မနုတ်ထွက်တဲ့လူကိုအခြားပုဒ်မတခုခုတပ်ပြီးတော့ထောင်ချတယ်။မြင်းမူမြို့နယ်ကဆိုင်းဘုတ်တို့၊ ချောင်းဦးကဆိုင်းဘုတ်တို့၊အမရပူရကဆိုင်းဘုတ်တို့ဆိုရင်ညဉ့်နက်သန်းခေါင်အဖြုတ်ခံရတယ်။ အဖွဲ့ဝင်တဦးဦးရဲ့သဘောနဲ့လိုလိုလားလားအဖြုတ်ခံရတာမဟုတ်ဘူး။အနိုင်ကျင့်ပြီးတော့ဖိနှိပ်တဲ့အခါမှာ ပါတီကပြိုကွဲလျော့ရဲစပြုနေတဲ့အချိန်မှာကျနော်တို့ကဒီဘက်မှာရပ်ရမယ်ဆိုတဲ့အမြင်နဲ့ကျနော်တို့ ရပ်တာပါ”
တချို့ယူဆချက်တွေအရစာပေကဗျာသမားဆိုတာပါတီ၊အဖွဲ့အစည်းတခုနဲ့ပတ်သက်ဆက်စပ်နေရင် သူတို့ရဲ့ကဗျာဖန်တီးမှုဟာမလွတ်လပ်တော့ဘူးလို့ယူဆချက်တွေရှိပါတယ်အဲဒီအပေါ်မှာကော။
“ကျနော်တို့တော်တော်များများကပါတီအလံတော်တခုအောက်မှာမရပ်ဘူးဆိုတဲ့အယူအဆတော်တော်များများ ရှိပါတယ်။ကျနော်တို့လည်းအဲဒီအယူအဆကိုလက်ခံပါတယ်။ကျနော်တို့တွေသတင်းသမားတွေ၊ ဂျာနယ်လစ်တွေ၊ကျန်တဲ့ အနုပညာရှင်တွေအားလုံးကလွတ်လွတ်လပ်လပ်အနုပညာဖန်တီးနိုင်ဖို့အတွက် ကျနော်တို့ကပါတီတခုအောက်၊အလံတခုအောက်မှာမရှိသင့်ဘူးပေါ့။ဒါပေမဲ့ဒါဟာအမျိုးသားနိုင်ငံရေးကို လုပ်နေတာလို့ပဲကျနော်ယုံကြည်တယ်။ဒါကြောင့်မလို့ပြည်သူတရပ်လုံးရဲ့ဆန္ဒနဲ့ညီညွှတ်တဲ့ဒီမိုကရေစီ ရရှိရေးကိုကျနော်တို့ကအမျိုးသားနိုင်ငံရေးအဖြစ်နဲ့ယုံကြည်ပြီးတော့ဒီတပ်ဦးမှာ ရှိနေတဲ့ဒီပါတီကို ဝန်းရံတာ၊ ဒီပါတီထဲကို ဝင်ရောက်တာ ဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာအပြီးကဗျာဆရာတွေ၊ဆရာငြိမ်းသစ်တို့အပါအဝင်ကိုရဲလွင်တို့၊ နောက်ဇေယျာသော်တို့ဒီအနုပညာသမားတွေဟာNLDနဲ့ပိုပြီးတော့ပူးပေါင်းမှုရှိလာတယ် ဘာ့ကြောင့်ပါလဲ။
“ကဗျာသမားတွေမှာအမှန်တရားတွေရှိနေပြီးသားပါ။သူတို့ဟာလည်းသာမန်ပြည်သူနဲ့မခြားပါဘူး။အကြောက်တရား ရှိကြတယ်။အဲဒီအကြောက်တရားတွေကတဖြည်းဖြည်းဖိနှိပ်မှုများလာတယ်၊မတရားမှုတွေများလာတယ်၊ တရားမျှတမှုတွေ နည်းလာတဲ့အခါမှာ ဒါကိုဘယ်နည်းနဲ့ဆောင်ရွက်ပေးရမလဲဘယ်နည်းနဲ့ကာကွယ်ရမလဲ၊ ဘယ်နည်းနဲ့တိုက်ဖျက်ရမလဲ၊သူတို့မှာဆန္ဒတွေဖြစ်ထွန်းလာတယ်။အဲဒီလိုဖြစ်ထွန်းလာတဲ့အခါအခု ကျနော်တို့မှာခေါင်းဆောင်ကောင်းလည်းရှိနေတဲ့အခါဒီခေါင်းဆောင်ရဲ့ဦးဆောင်မှုအောက်ကနေပြီးတော့ သွားလို့ရတယ်ဆိုတဲ့ အယူအဆတွေလည်း ရှိတာကြောင့်ပါ”
ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်ကျစဉ်NLDဟာမျက်မြင်၊နားမကြားကျောင်းလိုဖြစ်နေတယ်လို့ ဝေဖန်ကြတဲ့ အပေါ်မှာကော။
“NLDကိုတချို့လေ့လာသုံးသပ်မှုမရှိဘဲနဲ့ထိထိရောက်ရောက်လုပ်ဆောင်မှုမရှိဘူးလို့ ဝေဖန်ကြတာရှိတယ်။ အဲဒါတွေကိုကျနော်လက်မခံပါဘူး။ကနေ့NLDပါတီဝင်တွေဟာအလွန် အင်မတန်ပဲ ဖိအားပေါင်းစုံနဲ့ ရင်ဆိုင်နေရတာ။ စီးပွားရေး၊ ပညာရေး၊ အားလုံး စွန့်လွှတ်စွန့်စားပြီးတော့ ဆောင်ရွက်ကြရတယ်။ ဒါက ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ တလျှောက်လုံးမှာ တွေ့နေရတာပဲလေ။ အဲဒီတော့NLDကလည်းပဲ အန်တီစုမှာပဲပါဝါအပြည့်အဝရှိပြီးတော့ကျန်တဲ့CECတွေ၊ဥက္ကဋ္ဌတွေမှာအန်တီစုလောက် ပါဝါသိပ်မကြီးဘူးပေါ့လေ။ အဲဒီလို ဖြစ်တဲ့အခါကျတော့ ပါတီကို မပျက်ရုံ၊ ပြည်သူလူထုနဲ့ အဆက်မပြတ်ရုံ၊ သူတို့ရတဲ့ ဥပဒေဘောင်အတွင်းထဲကနေ ကြိုးစားပြီးတော့ ဆောင်ရွက်ခဲ့ကြတာပါ။ အဲဒါကို ပါတီအပေါ်မှာ အားမရတဲ့ အသံတွေ နှောင့်နှေးတယ်၊ ကြန့်ကြာတဲ့ အချိန်ဆွဲတာကို ခံရတယ်။ တရွတ်တိုက်ကြီး ပါသွားတယ်ပေါ့။ အဲဒီလို ဝေဖန်တာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလူကြီးတွေကော၊ လူငယ်တွေကောက အင်မတန် ကြိုးကြိုးစားစားနဲ့ ရန်သူနဲ့ မပူးပေါင်းဘဲနဲ့ ဆောင်ရွက်သွားတာ”
ဒေါ်အောင်ဆန်းစုကြည်မလွှတ်ခင်နဲ့ပြန်လွတ်ပြီးNLDအပေါ်မှာပြည်သူလူထုရဲ့ထောက်ခံမှု ဘယ်လိုရှိပါသလဲ။
“အန်တီကတော့တောက်လျှောက်နှစ်ရှည်ထိန်းသိမ်းခံရတာဆိုတော့အန်တီအထဲမှာရှိနေစဉ်ကပြည်သူလူထုက ပိုပြီးတော့ဖိနှိပ်မှုခံရတယ်လို့ယူဆလို့ရတယ်။အန်တီလွတ်လာတော့ပြည်သူလူထုကပိုပြီးတော့ စိတ်အားတက်ကြွမှုတွေဖြစ်လာတယ်၊ဒီမိုကရေစီကိုပိုပြီးတော့နီးနီးကပ်ကပ်မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့ကိုလည်းပိုပြီးတော့မျှော်လင့်ကြတယ်။လူထုကလည်းပိုပြီးတော့သတ္တိရှိလာတယ်။ နောက်ပြီးတော့ ဖိအားတွေကို အန်တီနဲ့ ပူးပေါင်းပြီးတော့ တွန်းလှန်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ရှိလာတယ်”
ကဗျာဆရာတွေပဲဖြစ်ဖြစ်၊အနုပညာရှင်တွေပဲဖြစ်ဖြစ်သူတို့ရဲ့ဒီမိုကရေစီရေးကြိုးပမ်းမှုဟာ ဘယ်အတိုင်းအတာထိ အောင်မြင်နိုင်မယ်လို့ ယူဆလို့ ရနိုင်လဲ။
“ကျနော်တို့တွေကဘာပဲပြောပြောအသိပညာအရဖြစ်စေ၊အနုပညာဖန်တီးမှုအရဖြစ်စေပြည်သူလူထုကို ဦးဆောင်မှုပေးနိုင်ပါတယ်။အဲဒီဦးဆောင်မှုပေးနိုင်တဲ့လူတွေကနိုင်ငံရေးအသိမှန်မှန်ကန်ကန်နဲ့၊ ရပ်တည်ချက်မှန်မှန်ကန်ကန်နဲ့ကျနော်တို့ဒီမိုကရေစီအရေးကိုဦးဆောင်ပေးနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးတွေနောက်ကနေပြီးတော့ရပ်တည်ပေးမယ်ဆိုရင် ပြည်သူလူထုကလည်းတခဲနက်ပါဝင်လာမယ်၊အတိုင်းအတာတခုအထိလည်းအောင်မြင်လိမ့်မယ်လို့ကျနော် ယုံကြည်ပါတယ်”
ကဗျာဒါမှမဟုတ်သီချင်းတပုဒ်ဟာပြုပြင်ပြောင်းလဲရေးအတွက်ဘယ်လောက်အထိအရေးပါလဲ။
“အနုပညာဖန်တီးတဲ့ အခါမှာတော့ ပုံစံမျိုးစုံ ရှိတာပေါ့။ ကျနော်တို့ဆိုလည်း ကဗျာတွေရေးတဲ့အခါမှာ
မော်ဒန်လိုမျိုးရေးတာမဟုတ်ဘဲနဲ့ပြည်သူလူထုအားလုံးနားလည်နိုင်တဲ့၊ပြည်သူလူထုအားလုံးရဲ့ ရင်ထဲရောက်နိုင်တဲ့စကားလုံးတွေနဲ့ပြည်သူလူထုပါဝင်လာနိုင်တဲ့ အနုပညာကိုကျနော်တို့ ဖန်တီးကြတာပေါ့။ ဒီလိုဖန်တီးတဲ့နေရာမှာတချို့အင်အားကောင်းတဲ့စကားလုံးတွေ၊အင်အားကောင်းတဲ့ဖြည့်စွက်မှုတွေဖြစ်တဲ့ သံစဉ်တွေနဲ့သီချင်းဆိုရင်လည်းဂီတသံစဉ်တွေနဲ့ပြည်သူလူထုရင်ထဲကိုပြောင်ပြောင်မြောက်မြောက် ရောက်အောင်ဖန်တီပေးနိုင်မယ်ဆိုရင်တော့ကျနော်တို့ရဲ့အနုပညာပစ္စည်းတွေဟာပြည်သူလူထုကို ဆွဲဆောင်လာနိုင်ပါလိမ့်မယ်၊ သူတို့ကို တိုက်ပွဲထဲကို ပါဝင်လာနိုင်ဖို့ ဆွဲခေါ်လာနိုင်ပါလိမ့်မယ်”
လူမှုရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်၊နိုင်ငံရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်လုပ်ကိုင်နေကြတဲ့စာပေသမားတွေ၊ ကဗျာသမားတွေကိုဘာများပြောချင်ပါသလဲ။
“စာပေအနုပညာရှင်တွေ၊ဂီတအနုပညာရှင်တွေ၊ပန်းချီပန်းပုအနုပညာရှင်တွေအားလုံးပေါ့လေ၊နယ်ပယ် အသီးသီးမှာရှိနေတဲ့အနုပညာရှင်တွေကိုပြောချင်တာကအရေးကြီးတာကိုအရင်လုပ်ဖို့ပေါ့။ကျနော်တို့က လူထုရဲ့ဘဝတွေ၊လူထုရဲ့ခံစားမှုတွေကိုအနုပညာနဲ့ပေါင်းစပ်ပြီးတော့ဖန်တီးနေတယ်။လူထုဆီကို ပြန်ရောက်အောင် ပို့နေတယ်။အဲဒီတော့အဲဒီအနုပညာရှင်တွေကအခုအချိန်မှာအရေးကြီးတာကို အရင် လုပ်စေချင်ပါတယ်။အရေးကြီးတာကအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပြည်သူလူထုဒီမိုကရေစီ ရရှိရေးဟာ အင်မတန် အရေးကြီးပါတယ်။ အဲဒါကို ပြည်သူထူထုရဲ့ ခံစားမှုကို ကျနော်တို့က အမြဲတမ်း နားစွင့်နေတယ်။ ကျနော်တို့က တဆင့်ခံခံစားမှုအနေနဲ့ ပြည်သူ့ထံ ပြန်လည်တင်ပြနေတဲ့ သူတွေအနေနဲ့ အဲဒီအရေးကြီးတဲ့ ကိစ္စကိုဖြစ်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပြည်သူလူထုဒီမိုကရေစီရရှိရေးဟာ ကျနော်တို့ရဲ့တာဝန်၊ကျနော်တို့ရဲ့အနုပညာတာဝန်အဖြစ်နဲ့သတ်မှတ်ပြီးတော့အရေးကြီးတာကို အရင်လုပ်စေချင်တယ်လို့ ကျနော် ပြောဖြစ်ပါတယ်”
အနုပညာရှင်တွေကဗျာသမားတွေဟာမြန်မာ့နိုင်ငံရေးကိုတကယ်ကောဦးဆောင်မှုပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေလား။
“အနုပညာရှင်တွေကတော့လူကြီးလူငယ်တွေအားလုံးတချို့အနုပညာရှင်တွေဟာကျနော်တို့ထက်ဖန်တီးမှုအားလည်း ကောင်းပါတယ်၊ကျနော်တို့ထက်လည်းအနုပညာပစ္စည်းတွေကိုဖန်တီးနိုင်ပါတယ်။တချို့ဆိုရင်လည်း ကျနော်တို့ထက်အတွေ့အကြုံမြောက်မြားစွာရှိကြတယ်။ကျနော်တို့အခုအချိန်မှာအမှန်တရားကို လက်ဆုပ်လက်ကိုင် ထားပြီးတော့ မှန်ကန်တဲ့ နိုင်ငံရေး လမ်းစဉ်အောက်မှာ ယုံကြည်ချက် ပြည့်ပြည့်ဝဝနဲ့
ပြည်သူလူထုကို ဦးဆောင်မှုပေးဖို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖို့ လိုပါတယ်”
လူငယ်တွေကဗျာဆရာတွေ၊တေးရေးဆရာတွေရဲ့လူမှုရေးလုပ်ငန်းတွေအောင်မြင်မှုအတိုင်းအတာ ဘယ်လောက် ရှိပါသလဲ။
“ကျနော်ကတော့လူငယ်အနုပညာသမားတွေနဲ့လည်းဆုံဖြစ်တယ်။ကိုရဲလွင်တို့လို၊ကိုသားထွေးတို့လိုတေးရေး အဆိုတော်တွေနဲ့လည်းဆုံဖြစ်တယ်။နောက်အပြင်မှာတီးခတ်နေတဲ့လူငယ်တွေနဲ့လည်းဆုံဖြစ်တယ်။လူငယ် ကဗျာဆရာတွေနဲ့လည်းဆုံဖြစ်တယ်။ကျနော်တို့ကအပြင်မှာလည်းလူမှုရေးလုပ်ငန်းတွေ လုပ်ဖြစ်တဲ့အခါကျတော့ကျနော်တို့ကအနိမ့်ဆုံးသဘောတူညီချက်အရကျနော်တို့ကနိုင်ငံရေးနဲ့ ပေါင်းစပ်သွားတဲ့အခါကျတော့ ပိုပြီးတော့ မြန်ဆန်လာတယ် ပိုပြီးတော့ အားကောင်းလာတယ်။ အဲဒါပါပဲ”
လူငယ်တွေအပေါ်မှာကဗျာရေးရာမှာပဲဖြစ်ဖြစ်၊မြန်မာ့နိုင်ငံရေးမှာပဲဖြစ်ဖြစ်ဘာများမျှော်လင့်လို့ ရနိုင်မလဲ။
“လူငယ်အနုပညာရှင်တွေကိုကျနော်အများကြီးအားရပါတယ်။အားလုံးကတက်ကြွကြတယ်၊အားလုံးက နိုးနိုးကြားကြားရှိကြတယ်၊နိုင်ငံရေးမျက်ခြေမပြတ်ကြပါဘူး။နောက်သူတို့ကိုယ်တိုင်ကလည်းနိုင်ငံရေးကို ရှေးရှုတဲ့လူမှုအဖွဲ့အစည်းအသီးသီးမှာကိုယ်တိုင်ကိုယ်ကျ အတော်များများက ပါဝင်ဆောင်ရွက်နေကြတာပါ။ အဲဒါကြောင့်သူတို့ဟာလူထုနဲ့အတော်ကိုနီးစပ်ပါတယ်။နောက်သူတို့ကရှာဖွေလေ့လာမှုတွေရှိတယ်၊ သူတို့ကသမိုင်းရဲ့အမွေကောင်းတွေကိုလက်ဆင့်ကမ်းယူနိုင်မှုလည်းရှိတယ်။သူတို့ဟာ နိုင်ငံရေးစာပေတွေကိုလည်းခုနောက်ပိုင်းလေ့လာလိုက်စားလာကြတဲ့အခါသူတို့ရဲ့နိုင်ငံရေး အယူအတွေလည်းကောင်းမွန်တယ်။ဒါကြောင့်သူတို့ဟာပြောင်မြောက်တဲ့အနုပညာတွေကိုသူတို့ ဆက်လက်ပြီးတော့ ဖန်တီးသွားနိုင်ကြမှာ ဖြစ်ပါတယ်”
မြန်မာ့နိုင်ငံရေးမှာ လှုပ်ရှားပါဝင်ချင်ကြတဲ့ တခြား အနုပညာရှင်တွေကိုကော ဘာပြောချင်ပါလဲ။
“သူတို့မှာနဂိုတည်းကရဲရင့်တက်ကြွပြီးသားဖြစ်တယ်။သူတို့ကအတွေးအခေါ်အယူအဆတွေထက်သန်လာအောင်လည်း စာပေတွေလေ့လာဖတ်ရှုကြတယ်။နောက်ပြီးတော့လက်ရှိနိုင်ငံရေးရဲ့ရယ်စရာကောင်းတဲ့ အကွက်တွေကိုလည်းသူတို့မြင်နေတွေ့နေရတယ်၊ဖိနှိပ်မှုတွေကိုလည်းမြင်တွေ့နေရတယ်၊ မတရားမှုတွေကိုလည်း မြင်တွေ့နေရတယ်။အဲဒီအခါကျတော့သူတို့ရင်ထဲမှာနိုင်ငံရေးအသိစိတ်တွေ အမြဲရှင်သန်နေမှာပါပဲ။ အဲဒီတော့ ဒီလိုအခြေခံကောင်းတွေ၊ဒီလိုအယူအဆကောင်းတွေ၊ဒီလိုသတ္တိတွေကို ခိုင်ခိုင်မာမာနဲ့ယုံကြည်ချက်ရှိရှိပေါင်းစပ်ပြီးတော့ပြည်သူ့ဒီမိုကရေစီအရေးကိုဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နောက်ကနေပြီးတော့ ရဲရဲဝံ့ဝံ့ ရပ်ကြပါလို့ ကျနော် ပြောချင်ပါတယ်”





Geen opmerkingen: