မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 7 mei 2011

ရှမ်းမြောက်ပိုင်း အစိုးရ ၀န်ထမ်းများ အသတ်ခံရ

သန်းထိုက်ဦး Saturday, 07 May 2011 22:38
.စစ်တပ်နှင့်အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သောရှမ်းပြည်တပ်မတော်မြောက်ပိုင်း(SSA-N)တပ်ဖွဲ့များစစ်ဖြစ်ပွားရာဒေသများတွင်အစိုးရပညာရေးဝန်ထမ်းများအသတ်ခံရမှုရှိကြောင်းဒေသခံများ အဆိုအရသိရသည်။
                     ရှမ်းပြည်တပ်မတော်မြောက်ပိုင်းစစ်ရေးပြအခမ်းအနားတခု(Picasa/MyanmarElection)
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် ကွန်ခိုက်ကျေးရွာမှ ကျောင်းဆရာ၊ ဆရာမ အပါအ၀င် ၄ ဦး ပြီးခဲ့သည့် ဧပြီလ အတွင်း၌ သေဆုံးခဲ့ကြောင်း သီပေါမြို့နယ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
“ကွန်ခိုက်ကျေးရွာမှာ ကျောင်းဆရာမနဲ့ သူ့အမျိုးသားရယ်၊ ကျောင်းစောင့် ကချင်အဘိုးကြီး တယောက်နဲ့ သူ့အမျိုးသမီးရယ် အဲဒီ ၄ ယောက် အသတ်ခံရတယ်” ဟု ၎င်းက ဆိုသည်။
ယင်းသို့ အသတ်ခံရပြီးနောက် ယခုအခါ ဒေသခံများနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ဆေးရုံဝန်ထမ်းများမှာ ညဘက် အပြင် မထွက်ရဲကြကြောင်း သီပေါမြို့နယ် ဒေသခံက ဆက်ပြောသည်။
အလားတူပင်တန့်ယန်းမြို့နယ်ရှိကျေးရွာတချို့တို့တွင်လည်းကျောင်းဆရာ၊ဆရာမနှင့် ဒေသခံရွာသားတချို့ အသတ်ခံရကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
SSA-Nကကျောင်းဆရာ၊ဆရာမများအသတ်ခံရမှုသည်၎င်းတပ်ဖွဲ့ဝင်များ၏လက်ချက်မဟုတ်ကြောင်း လွန်ခဲ့သည့်ဧပြီလ၂၃ရက်နေ့တွင်ငြင်းဆိုထားသည်။အဖြစ်မှန်ကိုသိရှိနိုင်ရန်အတွက်လည်းSSA-Nက စုံစမ်းရေး ကော်မတီဖွဲ့၍ အချက်အလက်များ စတင် စုဆောင်းနေကြောင်းလည်း သိရသည်။
ဦးစိန်ကြည်၏ အဆိုအရ သီပေါမြို့နှင့် တန့်ယန်းမြို့နယ်တို့တွင် ကျောင်းဆရာ၊ ဆရာမ အပါအ၀င် ဒေသခံ ၉ ဦးခန့် အသတ် ခံရကြောင်းလည်း သိရှိရသည်။
ကျောင်းဆရာ၊ ဆရာမများ အသတ်ခံရမှုနှင့် ပတ်သက်၍ မည်သူ့လက်ချက် ဖြစ်သည်ကိုမှု မသိရှိရသေးပေ။ သို့သော်SSA-Nတပ်ဖွဲ့လက်ချက်ရောအစိုးတပ်များ၏လက်ချက်ပါဖြစ်နိုင်ကြောင်းဒေသခံများ၏ ထင်မြင်ယူဆချက်များလည်း ပေါ်ပေါက်နေသည်။
သီပေါမြို့နယ်ဒေသခံတဦးက“ဒါမျိုးဆိုတာကတကယ်လို့များပုဂ္ဂိုလ်ရေးရန်ငြိုးရှိရင်လည်းအဲဒီလူက သတင်းပေးပဲဘာညာဆိုပြီးတော့အဲဒီလိုမျိုးပြောလိုက်လို့ရှိရင်လည်းခံရတတ်တယ်။ပြောရမယ်ဆိုရင်တော့ စစ်ဖြစ်ရင်တော့ ပြည်သူလူထုက မြေစာပင်ပါပဲဗျာ” ဟု ပြောသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ရှမ်းပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ်များတွင် SSA-N တပ်ဖွဲ့နှင့် အစိုးရတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းထိန်းချုပ်နယ်မြေများဖြစ်သောမိုင်းရူး၊မိုင်းယန်း၊တန့်ယန်း၊ကျေးသီး၊ လားရှိုးမြို့နယ်အပြင်သီပေါမြို့အပါအ၀င်နမ့်ဆန်မြို့နှင့်မိုးမိတ်မြို့နယ်စသည့်မြို့နယ်များအထိ တိုက်ပွဲများ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။
ယခင်မြန်မာစစ်အစိုးရသည်၂ဝ၁ဝရွေးကောက်ပွဲမတိုင်မီလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကူးပြောင်းရေးအတွက်ကြိုးပမ်းခဲ့ရာSSA-Nကလက်မခံသဖြင့်စစ်ရေးအရ နှစ်ဘက် တင်းမာနေခဲ့သည်။
စစ်အစိုးရကအပစ်ရပ်တပ်ဖွဲ့များကိုနယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးအတွက်၂၀၀၉ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

Geen opmerkingen: