မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 30 mei 2011

စီးပွားရေးလုပ်ငန်းရှင်ကြီးများမီဒီယာလုပ်ငန်းတွင်လည်းဝင်ပါမည်

စည်သူ Monday, 30 May 2011 14:04
.အစိုးရနှင့်နီးစပ်သောစီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့်ယခင်အမှတ်(၁)စက်မှုဝန်ကြီးဟောင်းဦးအောင် သောင်း၏သားIGEလုပ်ငန်းစုပိုင်ရှင် ဦးနေအောင်သည် ဂျာနယ် ထုတ်ဝေရန်အတွက် ပြင်ဆင်မှုများပြုလုပ် နေကြောင်း သိရသည်။
ဦးနေအောင်ကMyanmarWallStreetဟုအမည်ပေး၍စီးပွားရေးသတင်းများကိုဦးစားပေးထုတ်ဝေရန် စီစဉ်နေကြောင်းရန်ကုန်မြို့ရှိမီဒီယာအသိုင်းအ၀ိုင်းကပြောသည်။
ရန်ကုန်မြို့တွင်ယမန်နှစ်ရွေးကောက်ပွဲကာလအတွင်းကတွေ့ရသောဂျာနယ်အရောင်းဆိုင်တခု(ဓာတ်ပုံ-AP)
“အခုလတ်တလောမှာတော့လက်ရှိမီဒီယာလောကကဂျာနယ်လစ်တချို့ကိုချဉ်းကပ်ပြီးခေါ်နေတယ်။ လက်ရှိလုပ်နေတဲ့လစာထက်နှစ်ဆ၊သုံးဆပိုပေးပြီးခေါ်မယ်လို့ကြားတယ်။မီဒီယာလောကမှာ အင်နဲ့အားနဲ့ရင်းနှီးမြှပ်နှံမယ်လို့လည်း ကြားတယ်”ဟုဂျာနယ်အယ်ဒီတာတဦးကဆိုသည်။
ဦးတေဇ၏ထူးစီးပွားရေးလုပ်ငန်းစုသည်လည်းမီဒီယာလုပ်ငန်းလုပ်ကိုင်ရန်အစီစဉ်ရှိကြောင်းနှင့်ထုတ်ဝေမည့်ဂျာနယ်၏အမည်နှင့်မည်သည့်အကြောင်းအရာအားဦးစားပေးလုပ်ကိုင်သွားမည်ကိုမူ မသိရှိရသေးကြောင်း ကြားသိရသည်။
ထူးစီးပွားရေးလုပ်ငန်းစုမှတာဝန်ရှိသူတဦးက၎င်းတို့အနေဖြင့်လတ်တလောတွင်မီဒီယာလုပ်ငန်း လုပ်ကိုင်ရန် အစီအစဉ်မရှိသေး ကြောင်း ငြင်းဆိုထားသည်။
ပြည်တွင်းရှိစီးပွားရေးပညာရှင်တဦးကိုအယ်ဒီတာချုပ်အဖြစ်လုပ်ကိုင်ရန်IGEကကမ်းလှမ်းထားပြီး ထူးအနေဖြင့်မူပြည်တွင်းဂျာနယ်များတွင်လက်ရှိလုပ်ကိုင်နေသူများထဲမှသုံးဦးကိုအယ်ဒီတာချုပ်၊ ဒု အယ်ဒီတာချုပ်နှင့်တာဝန်ခံအယ်ဒီတာများလုပ်ကိုင်ရန်ကမ်းလှမ်းထားသည်ဟုနီးစပ်သူ တဦးက ပြောသည်။
“IGEကကမ်းလှမ်းထားတာတွေပဲရှိသေးတယ်။ထူးကပြည်တွင်းကဂျာနယ်လစ်တချို့ခေါ်ထားတယ်။ ရှေ့လထဲမှာအယ်ဒီတာချုပ်၊ဒုအယ်ဒီတာချုပ်နဲ့တာဝန်ခံအယ်ဒီတာလုပ်မယ့်သူတွေက သူတို့သက်ဆိုင်ရာဂျာနယ်တွေကထွက်ခွင့်ရရင်လုပ်ငန်းစကြမယ်လို့သိရပါတယ်”ဟု ကမ်းလှမ်းထားသူများနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက ကမ်းလှမ်းခံထားရသူများ၏ အမည်နှင့် အသေးစိတ် အစီအစဉ်များကို ပြောကြားရန် ငြင်းဆန်ခဲ့ပြီး မည်သည့်အချိန်တွင် ထုတ်ဝေမည်ကိုလည်း မသိရှိရသေးကြောင်း ပြောဆိုသည်။
“သူတို့ကနေ့စဉ်ထုတ်အထိဖြစ်ဖို့ရည်မှန်းထားတယ်လို့ပြောတယ်။မန္တလေးနဲ့နေပြည်တော်မှာလည်း ရုံးခွဲတွေဖွင့်ဖို့ရှိတယ် လို့ လည်း ကြားရတယ်”ဟု အထက်ပါ ကမ်းလှမ်းထားသူများနှင့် နီးစပ်သူက ဆိုသည်။
ဦးနေအောင်သည်အောင်ရည်ဖြိုး၊IGE၊MRT၊ယူနိုက်တက်အမရစသည့် အမည်အမျိုးမျိုးဖြင့် ရွှေတူးဖော်ခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊သစ်ထုတ်လုပ်ခြင်း၊ဟိုတယ်လုပ်ငန်း၊ဘဏ်လုပ်ငန်းများ လုပ်ကိုင်သည့်အပြင်အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနသို့မဟာဓာတ်အားလိုင်းများတွင် အသုံးပြုသည့် အကြီးစားလျှပ်စစ် ကြိုးခွေများ တင်သွင်းရေး လုပ်ငန်းများလည်း လုပ်ကိုင်သည်။
မကြာသေးမီကလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်းများကို စီမံကိန်းဧရိယာသို့ အရောက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို IGE က လုပ်ကိုင်ခွင့်ကို ရရှိခဲ့သည်။
ဦးတေဇသည်စွမ်းအင်နှင့်လောင်စာဆီလုပ်ငန်း၊ဘဏ်လုပ်ငန်း၊လေကြောင်းလိုင်း၊တယ်လီဖုန်းနှင့် ဖုန်းကတ် အပါအ၀င်ဆက်သွယ်ရေးလုပ်ငန်း၊ဆောက်လုပ်ရေး၊အပန်းဖြေဥယျာဉ်စသည့်မြန်မာပြည်တွင်းရှိအဓိက စီးပွားရေးလုပ်ငန်းကြီးများစွာကိုလုပ်ကိုင်နေပြီးကျပ်သိန်းထောင်ချီအကုန်အကျခံ၍ရန်ကုန်ယူနိုက်တက် အမည်ရှိဘောလုံးအသင်းတသင်းကိုလည်းတည်ထောင်ထားသူဖြစ်သည်။၎င်းကိုဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သူဟု လူသိများသည်။
ထိုသို့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များမီဒီယာလောက၀င်ရောက်လာခြင်းသည်စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ထက်အခြားရည်ရွယ်ချက်များရှိနိုင်ကြောင်းမီဒီယာအသိုင်းအ၀ိုင်းက သုံးသပ်လျက်ရှိကြသည်။
“ဒီစီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့အကျိုးအမြတ်ကအများကြီးရှိတယ်လေ။ဂျာနယ်လောကရဲ့အမြတ်ဆိုတာ သိပ်မရှိဘူး။ ဒီလောကထဲကို ၀င်လာတာဟာ စဉ်းစားစရာပါပဲ”ဟု အယ်ဒီတာတဦးက ပြောသည်။
လက်ရှိလစာထက်နှစ်ဆ၊သုံးဆပေးမည်ဟုကမ်းလှမ်းသော်လည်းကမ်းလှမ်းခံရသူဂျာနယ်လစ်အများစုက စိတ်ဝင်စားမှုနည်းပါးသည်ဟု သိရသည်။
“ပြီးခဲ့တဲ့တပတ်လောက်ကထူးကခေါ်ထားတဲ့ဂျာနယ်လစ်တဦးကကျနော့်ကိုကမ်းလှမ်းလာပါတယ်။လက်ရှိလစာထက် အနည်းဆုံးနှစ်ဆဒါမှမဟုတ်သုံးဆပေးမယ်ပြောတယ်။သူတို့ရဲ့မူဝါဒကိုမသိရတာရယ်။သူတို့လုပ်နေတဲ့ ကျောက်တူးလုပ်ငန်းကြောင့်ပတ်ဝန်းကျင်ပျက်စီးတာတွေ၊စီးပွားရေးလောကကိုလက်ဝါးကြီးအုပ်ထားတာတွေကိုရေးလို့ရေရှည်မှာအကျိုးစီးပွားထိပ်တိုက်တွေ့ရနိုင်တာတွေ ရှိလာမယ်။ ဒါကြောင့် ကမ်းလှမ်းလာတဲ့ငွေကြေးပမာဏကိုမက်ပေမယ့်ရေရှည်ကိုကြည့်ပြီးငြင်းလိုက်ပါတယ်။ တခြားဂျာနယ်လစ်တွေလည်း ငွေတခုတည်းကြည့်ပြီးလက်မခံဖို့ ရေရှည်စဉ်းစားဖို့ တိုက်တွန်းပါတယ်”ဟု ထူးမှ ကမ်းလှမ်းခြင်း ခံရသည့် ဂျာနယ် သတင်းထောက်တဦးက ပြောကြားသည်။
လက်ရှိတွင်အစိုးရနှင့်နီးစပ်သူများဖြစ်သောပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်ဖြစ်သည့်ဒေါက်တာတင်ထွန်းဦးသည်မြန်မာတိုင်းမ်ဂျာနယ်အယ်ဒီတာချုပ်နှင့်၎င်းပိုင် စွယ်စုံမီဒီယာမှသုတစွယ်စုံမဂ္ဂဇင်း၊ပြည်မြန်မာဂျာနယ်၊သတင်းလွှာဂျာနယ်များကိုထုတ်ဝေနေပြီးဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ၏ သား ဦးဇော်မင်းအေးက Messangerဂျာနယ်ကို လည်းကောင်း၊န၀တ ခေတ်အတွင်းရေးမှူး(၃)ဗိုလ်ချုပ်ဝင်းမြင့်မိသားစုဝင်များကပေါ်ပြူလာ ဂျာနယ် ကို လည်းကောင်း စသည်ဖြင့် ထုတ်ဝေလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ် ပေါင်း ၁၇၀ ကျော် ရှိကြောင်း မီဒီယာ အသိုင်းအ၀ိုင်း၏ ခန့်မှန်းချက်အရ သိရ သည်။

Geen opmerkingen: