မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 6 mei 2011

စာနယ်ဇင်းသမားများ ဥပဒေရေးဆိုင်ရာ သင်တန်း ပြုလုပ်

ထွန်းထွန်း သောကြာနေ့၊ မေလ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၁ မိနစ် . 
နယူးဒေလီ(မဇ္ဈိမ)။ ။သတင်းယူရာ၊ရေးသားရာ၌ပြဋ္ဌာန်းဥပဒေများမချိုးဖောက်မိရန်အတွက် စာနယ်ဇင်းသမားသိမှတ်ဖွယ်ဥပဒေများဆိုင်ရာအခမဲ့သင်တန်းတရပ်ကိုရန်ကုန်တွင်ပထမဆုံးအကြိမ် ပို့ချနေသည်ဟု သင်တန်းဆရာ ရှေ့နေ ဦးခင်ဇော်က ပြောသည်။
မေလ၁ရက်နေ့မှ၂၉ရက်နေ့အထိတပတ်လျှင်စနေ၊တနင်္ဂနွေ၂ ရက်ပို့ချပေးရာ သတင်းထောက်များအပြင် ရှေ့နေများ၊စိတ်ဝင်စားသည့်လုပ်ငန်းရှင်များစုစုပေါင်း၁ဝ၅ဦးတက်ရောက်နေပြီး၊သင်တန်းကို မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက်ရှိ ၈ မိုင် မီးပွိုင့်အနီး တိုက် ၁ တွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
“သတင်းရေးတာမှားရင်တဖက်မှာအသရေဖျက်မှုတွေဖြစ်မယ်။တရားရုံးမှာစစ်ဆေးနေတဲ့အမှုတွေနဲ့ ပတ်သက်လို့တရားရုံးထက် ကျော်လွန်သုံးသပ် ဆုံးဖြတ်တဲ့ အရေးအသားတွေပါလာရင် တရားရုံး မထီမဲ့မြင်ပြုမှု ဥပဒေအရ အရေးယူခံရမယ်။ ကလေးသူငယ်တွေရဲ့ ဓာတ်ပုံတွေကိုမှုခင်းနဲ့ ပတ်သက်လို့ ဖော်ပြရင် ကလေးသူငယ် ဥပဒေနဲ့ ငြိစွန်းမယ်”ဟု အထက်တန်း ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က မဇ္ဈိမကို ပြောသည်။
ဦးခင်ဇော်သည် ပြည်တွင်းထုတ် CrimeJournal ပင်တိုင်ဆောင်းပါးရှင်ဖြစ်ပြီး၊ မရမ်းကုန်းမြို့နယ် စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ လည်း ဖြစ်သည်။
“လျှို့ဝှက်ချက်ဥပဒေပြဋ္ဌာန်းချက်များအရသတင်းသမားတွေသတင်းမယူသင့်၊မဖော်ပြသင့်တာတွေ၊ မရေးသင့်တာတွေ၊ကန့်သတ်ထားတဲ့နယ်မြေကိုမသွားမိဖို့တွေ၊အဲဒါတွေအရေးကြီးတဲ့အတွက် မြန်မာနိုင်ငံလျှို့ဝှက်ချက်အက်ဥပဒေကိုလည်းသင်ပေးပါတယ်”ဟုပြောသည်။ထို့ပြင်ပြစ်မှုဆိုင်ရာဥပဒေ၊ ကျင့်ထုံးဥပဒေ၊ တရားမ၊ သက်သေခံ၊ ပဋိညာဉ် ဥပဒေများပါ သင်ပေးသည်ဟု သူက ဆိုသည်။
တရားရုံးတော် မထီမဲ့မြင်မှု ဥပဒေအရ တရားစွဲခံရပါက ထောင်ဒဏ် ၆ လ သို့မဟုတ် ကျပ် ၂ဝဝဝ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ပြီး မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေဖြင့် အရေးယူခံရမည်ဆိုပါက ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်သည်။ အခြားသော ကန့်သတ်တားမြစ်မှုများနှင့် ပြစ်ဒဏ်များလည်း အများအပြားရှိသေးသည်ဟု ဦးခင်ဇော်က ပြောသည်။
ယခင်က သတင်းထောက်များအနေဖြင့် သတင်းယူရာ၌ အကန့်အသတ် မများလှကြောင်းနှင့် လွတ်လပ်ခွင့်ရှိကြောင်း ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) က မဇ္ဈိမကို ပြောသည်။
“ကျနော်တို့ခေတ်တုန်းကတော့အဲဒါတွေဘာတွေသိပ်မရှိလှဘူးဗျ။သာမန်အားဖြင့်ကျနော်တို့ လိုက်နာရမယ်ဆိုတာဥပမာဆိုတော့ဗျာ…အသရေဖျက်မှုတို့ဘာတို့ မဖြစ်အောင်တို့၊ နောက်တခါ နိုင်ငံတော် စည်းလုံးညီညွတ်ရေးတို့ဘာတို့မထိခိုက်အောင်ဆိုတဲ့အဲဒီလောက်ပဲ။ယေဘုယျပဲပြောတယ်။ သာမန်အားဖြင့်ဆိုရင် သတင်းထောက်တွေက အဲဒါကို သတိကို မထားပါဘူး။ ဥပဒေနဲ့ပတ်သက်လို့ သိပ်ပြီးတော့ အကန့်အသတ်လည်း သိပ်မများဘူး” ဟု သူက ဆိုသည်။
သူကဆက်ပြီး“လွှတ်တော်ကိုသွားတက်တယ်၊သတင်းယူတယ်၊ နားထောင်တယ်။ သတင်းစာဆရာတွေနေဖို့ အခန်းသပ်သပ်ရှိတယ်။ဒါ့အပြင်ကိုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ကိုကျနော်တို့က သီးခြားတွေ့တွေ့ပြီးတော့လက်ဖက်ရည်ဆိုင်မှာတွေ့တယ်၊အပြင်မှာတွေ့တယ်။ထင်မြင်ချက်တွေ ထပ်မေးတယ်။ ခင်ဗျား …ဘာဖြစ်လို့ ဒီအဆိုကို တင်သလဲ၊ ဒီမေးခွန်းကို ဘာလို့ပြောသလဲ ဆိုတာမျိုးတွေ ရေးလို့ ရသေးတယ်” ဟုလည်း ပြောသည်။
အာဏာရှင် ဦးနေဝင်းလက်ထက် ၁၉၇၄ လွှတ်တော်၌လည်း သတင်းသမားအနေဖြင့် သတင်းရယူနိုင်ရန် သီးခြားနေရာ သတ်မှတ်ပေးပြီး၊ လွှတ်တော်တွင်း သတင်း၊ ကြေညာချက်၊ မိန့်ခွန်းများကို ရေးသားခွင့် ပြုခဲ့သည်။ ၎င်းအပြင် လွှတ်တော်အမတ်များကို အချိန်မရွေး တွေ့ဆုံမေးမြန်းခွင့်နှင့် သတင်း ပြန်လည်ရေးသားခွင့်ပါ ခွင့်ပြုခဲ့သည်။
၂ဝ၁ဝ ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ထွက်လာသည့် လွှတ်တော်အစည်းအဝေးများကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့မှ မတ်လ ၃ဝ ရက်နေ့အထိ နှစ်လကြာ ကျင်းပခဲ့ရာ တက်ရောက်သတင်းယူခွင့် တားမြစ်ခဲ့ပြီး၊ လွှတ်တော်တွင် တင်ပြမည့် အဆိုများ ပြင်ပသို့ ပေါက်ကြားပါကလည်း အဆိုတင်သွင်းခွင့် မပြုခြင်းများပင် ရှိခဲ့သည်။
ပြင်သစ်အခြေစိုက်နယ်စည်းမခြားသတင်းထောက်များအဖွဲ့RSFကမြန်မာနိုင်ငံကိုသတင်းစာ လွတ်လပ်ခွင့်နှင့် ပတ်သက်၍ အဆိုးဆုံး စာရင်း၌ ထည့်သွင်းခဲ့ပြီး အင်တာနက်၏ ရန်သူနိုင်ငံ အဖြစ်ပါ ဖော်ပြထားသည်။
ကမ္ဘာ့နိုင်ငံများတွင်သတင်းထောက်များအနေဖြင့်လွှတ်တော်များ၌သတင်းရယူလိုပါက တောင်းဆိုပိုင်ခွင့်ရှိပြီး၊ လွတ်လပ်စွာ ရေးသားဖော်ပြခွင့် ပြုလေ့ရှိသည်ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီ BLC မှ ဥပဒေသုံးသပ်ရေးဌာန တာဝန်ခံ ဦးမျိုးက မဇ္ဈိမကို ပြောသည်။
“တောင်းဆိုပိုင်ခွင့် ရှိတယ်။ သူတို့ ခွင့်ပြုရင် ခွင့်ပြုသလောက်ကို ကျနော်တို့ ပါဝင်ပြီးတော့ သတင်းယူပိုင်ခွင့် ရှိတယ်။ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ပိုင်ခွင့် ရှိတယ်။ တချို့နိုင်ငံ တော်တော်များများကပေါ့ဗျာ။ သတင်းသမားတွေကို ဒီလိုနေရာမျိုးမှာ သက်ဆိုင်ရာ အစိုးရက အားလုံး အသုံးချလိုက်တာပဲ။ အသုံးချတယ်ဆိုတာ သူတို့ ပါဝင်စရာတောင် မလိုဘူးဗျ။ သတင်းသမားဆီကနေ တဆင့်တောင် ပြန်ယူတာ ရှိသေးတယ်လေ” ဟု သူက ဆိုသည်။
သမ္မတသစ် ဦးသိန်းစိန်၏ ပွဲဦးထွက်မိန့်ခွန်းတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာမှ ပြောဆိုမှုများကို လေးစားရန်နှင့် ပြည်သူများ၏ ထင်မြင်ချက်ကိုပါ နားထောင်ရမည်ဟု ပါရှိခဲ့သော်လည်း ယခုထိ မီဒီယာ လွတ်လပ်ခွင့်မရှိသေးကြောင်းဝေဖန်သူများရှိနေပြီး၊RSF၏ မီဒီယာလွတ်လပ်ခွင့်ချိုးဖောက်သူ စာရင်းထဲတွင် သမ္မတ ဦးသိန်းစိန်ကိုပင် မကြာသေးခင်က ထည့်သွင်းဖော်ပြခဲ့သည်။
“သတင်းစာရဲ့ ဒီကနေ့ ပြဿနာက လုံးဝ ပိတ်ထားတယ်။ အားလုံးပိတ်ထားပြီးတော့ ဟိုဝှာမရေးရ၊ ဒီဟာမရေးရ၊ ဟိုဝှာမလုပ်ရ၊ ဒီဟာမလုပ်ရ။ ဒါတင် မကဘူး။ ရေးပြီးသား၊ လုပ်ပြီးသားဟာကိုလည်း စာပေစိစစ်ရေးကို တင်တဲ့အခါ စာပေစိစစ်ရေးက ဖြတ်တယ်၊ တောက်တယ်၊ ပိတ်တယ်၊ ဆို့တယ်။ ဒါတွေ လုပ်နေတာကိုး” ဟု ဦးဝင်းတင်က ဆိုသည်။
သူက ဆက်ပြီး “သမ္မတရဲ့ မိန့်ခွန်းက ပြောရုံပြောပြီးတော့ လွတ်လပ်အောင်၊ လွပ်လပ်စွာ ပြောနိုင်၊ ဆိုနိုင်၊ ရေးနိုင်၊ သားနိုင်အောင် သို့မဟုတ်လည်း ပြည်သူတွေရဲ့သဘောထား သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေထဲမှာပါတဲ့ စာပေပညာရှင်များ၊ အသိပညာရှင်များရဲ့ သဘောထားကို နားမထောင်ဘူး ဆိုရင်တော့ ဒီအခြေအနေဟာ တိုင်းပြည်ရဲ့ ကျပ်တည်းကျဉ်းမြောင်းနေတဲ့ အခြေအနေတွေဟာ ဘယ်လိုမှ ပြောင်းလဲမှာ မဟုတ်ဘူး” ဟု ပြောဆိုလိုက်သည်။



Geen opmerkingen: