မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 9 juni 2010

သိကြားစေသက်သေညွှန်း

NEJ / ၀၉ ဇွန် ၂၀၁၀
“မပြီးဆုံးသေးတဲ့နိုင်ငံရေးတာဝန်တွေကိုဆက်လက်ဆောင်ရွက်သွားမှာပါ”ဟုNLDဗဟိုအလုပ် အမှုဆောင်တဦးဖြစ်ခဲ့သူ ဦးခင်မောင်ဆွေ၏ ပြောကြားချက်ကို TheVoiceVol6,No-27,May17-23,2010 မျက်နှာဖုံးစာမျက်နှာတွင် ဖတ်လိုက်ရသည်။
ပြီးခဲ့သည့် မတ်လ (၂၉) ရက်က NLD ဗဟိုကော်မတီဝင်များ၏ တညီတညွတ်တည်းသော ဆုံးဖြတ်ချက်ဖြင့် NLD ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ကြပြီးဖြစ်သည်။ အထက်ပါစကားကို ပြောကြားသော ပုဂ္ဂိုလ်ပါ ပါဝင်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ NLD-CEC အဖွဲ့ဝင် ဦးအုန်းကြိုင်၏ အပြောအရ “NLD ဆုံးဖြတ်ချက်မူကြမ်းမှာ တိုင်းအသီးသီးက အများသဘောတူ တခဲနက် တညီတညွတ်တည်း ဆုံးဖြတ်လိုက်သည်လို့ ရေးတာကိုတောင်မှ ဦးခင်မောင်ဆွေက ဒီလိုမရေးပါနဲ့ဗျာ၊ အများသဘောတူ ကန့်ကွက်သူမရှိဆိုတဲ့ စကားကို သုံးပေးဖို့ ပြောခဲ့ပါသေးတယ်”ဟု သိရသည်။ ထိုသို့ အများသဘောတူ ဒီမိုကရေစီနည်းအရ ဆုံးဖြတ်ချက်ချပြီးကာမှ ထိုဆုံးဖြတ်ချက်အပေါ် အဖွဲ့ဝင်တဦးအနေဖြင့် ရပ်တည်ရမည့်အစား ယခုတော့ “ဘယ်သူခိုင်းခိုင်း၊ မခိုင်းခိုင်း၊ NLD အဖွဲ့ဝင်ဟောင်းတွေ အနေနဲ့ မပြီးဆုံးသေးတဲ့ နိုင်ငံရေးတာဝန်တွေ ဆက်လက်ဆောင်ရွက်သွားဖို့ တရားဝင်ပါတီတရပ် ရှိသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါတီထောင်တာပါ” ဟု ဒီမိုကရေစီကျင့်စဉ်မဲ့ စကားပြောလာပါသည်။
ဦးခင်မောင်ဆွေသည် NLDပါတီဝင်ဟောင်းတဦးဖြစ်သည့်အပြင်NLD-CECတာဝန်ယူခဲ့သူဖြစ်သည်။ NLD ပါတီထူထောင်စဉ်က ပါတီ၏ရည်မှန်းချက် အခြေခံမူများချမှတ်ရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ ဒီမိုကရေစီအုတ်မြစ်ချရန်ဟူ၍ ပါရှိခဲ့သည်။ ပါတီ၏ ထိုအခြေခံမူတရပ်ကို မိမိနိုင်ငံ၌ ကျင့်သုံးမည်ဟု သဘောတူချမှတ်ခဲ့သူပါတီဝင်တဦးအနေဖြင့်ထိုအခြေခံမူအရဒီမိုကရေစီကျင့်စဉ်အပေါ် တန်ဖိုးထားလေးစားလိုက်နာရမည်။
ဒီမိုကရေစီကျင့်စဉ်၏ အဓိကအချက်တခုမှာ အဖွဲ့ဝင်အများစု၏ သဘောတူဆုံးဖြတ်ချက်ကို အနည်းစုအဖွဲ့ဝင်များက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံလိုက်နာရမည်ဖြစ်သည်။ အနည်းစုအဖွဲ့ဝင်များ၏ သဘောထားကိုလည်း အများစုအဖွဲ့ဝင်များက အသိအမှတ်ပြု မှတ်တမ်းတင်ပေးရမည် ဖြစ်သည်။ ဤဒီမိုကရေစီအခြေခံသဘောတရားကိုပင်မသိဘဲမိမိဆန္ဒနှင့်မကိုက်ညီလျှင်“တစင်”ထောင်မည်ဆိုသည့် စိတ်ဓာတ်မျိုးသည် ဒီမိုကရေစီနှင့် မထိုက်တန်သော စိတ်ဓာတ်မျိုးဖြစ်သည်။ ထိုသူတို့က ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မည်မဟုတ်။
ဤနေရာတွင် ဆရာလူထုစိန်ဝင်းက NLD ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေး၊ ပါတီမှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ချက်မချမီလေးတွင်ပင် အောက်ပါ သတိပေးစကားပြောကြားခဲ့သည်။
“NLD က အများစုသဘောဆန္ဒနဲ့ ရွေးကောက်ပွဲမ၀င်ဘူး၊ ပါတီမှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ရင်လည်း အဖွဲ့ဝင်တချို့က သူတို့သဘောနဲ့သူတို့ ၀င်ကြမယ်လို့ ပြောသံတွေကြားနေရတယ်။ ဒါဟာ အများစုရဲ့ဆန္ဒနဲ့ ဆုံးဖြတ်တာကို မလိုက်နာတဲ့ သဘောဖြစ်နေလို့ မဖြစ်သင့်ဘူး”လို့ NLDပါတီတွင်း သဘောထားမကွဲအောင် အုပ်စုမဖွဲ့အောင် ပညာသားပါစွာ ကြိုတင်သတိပေးခဲ့ပါသည်။ထို့ပြင်NLDနှင့်နီးစပ်သော နိုင်ငံရေးအသိုင်းအ၀ိုင်းမှ အစုအဖွဲ့များ၊ လူပုဂ္ဂိုလ်များကလည်း သတိပေးစည်းရုံးခဲ့ကြပါသေးသည်။ အဓိကအကြောင်းရင်းမှာ ကျွန်ုပ်တို့နိုင်ငံ၏ မဏ္ဍိုင်ပါတီကြီးတခု မကွဲစေလို၍ဖြစ်သည်။ “ပါတီကွဲတာမဟုတ်၊ လုပ်သင့်လုပ်ထိုက်သည့် နိုင်ငံရေးအလုပ်ကိုအခြေအနေအချိန်အခါအရလုပ်ရပါသည်”ဟုမည်သို့ပင်ဆင်ခြေပေးပေး ဒီမိုကရေစီကျင့်စဉ်ကို ဆန့်ကျင်ပြီး ပါတီမှ ခွဲထွက်ခြင်းဖြစ်သည်မှာ အလွန်ထင်ရှားသည်။
ဦးခင်မောင်ဆွေ ဦးဆောင်၊ ဒေါက်တာသန်းငြိမ်း ဦးစီးမည့် အမျိုးသားဒီမိုကရေစီအင်အားစုသည် မည်သည့်အဂတိ၊ မည်သည့်ပယောဂကြောင့် ထို့သို့ပြောင်းလဲသွားသည်ကို မခန့်မှန်းတတ်ပါ။ သို့သော် ထိုလုပ်ရပ်ကြောင့် တိုင်းပြည်၊ လူမျိုးနှင့် မျိုးဆက်သစ်များအတွက် အလွန်မှ နစ်နာဖွယ်ရှိပါသည်။ မျိုးဆက်သစ်နိုင်ငံရေးအတွက်အကျည်းတန်လှသည့်လုပ်ရပ်အဖြစ်သမိုင်းတွင် မှတ်တမ်းတင်ခံရပေတော့မည်။ ကျွန်ုပ်တို့နိုင်ငံတွင်ဒီမိုကရေစီပေါ်ထွန်းရေး မျှော်လင့်တောင့်တနေကြသော မြန်မာပြည်သူလူထုကြီးအနေဖြင့်လည်းထိုသူများအပေါ်ဒွိဟစိတ်များ ပွားနေကြသည်။ နားမလည်နိုင်အောင် ဖြစ်နေကြပါသည်။ သို့သော် လက်မခံနိုင်သူက အများစုဖြစ်ပါသည်။
ထိုသူများသည် စစ်အာဏာရှင်လက်အောက်တွင် အသက်သွေး၊ ဘ၀များ ပေးဆပ်ခဲ့ကြရသော ကျောင်းသား/သူ၊ ရဟန်းရှင်လူ ပြည်သူလူထုအပေါ် သစ္စာမဲ့ကြသူများဖြစ်သည်။ ယနေ့ချိန်ထိ စွန့်လွှတ်အနစ်နာခံ ပေးဆပ်နေသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကိုလည်း ထောက်ထားခြင်းမရှိပါ။ ထိုသို့ ဒီမိုကရေစီရေးအပေါ် သစ္စာမဲ့ကြသော၊ အဘယ်သို့သော ပယောဂများ ပူးကပ်နေမှန်းမသိအောင် ဖောက်ပြန်ကြသော ထိုသူများကို မြန်မာပြည်သူလူထုကြီးအနေဖြင့် မထောက်ခံ ဆန့်ကျင်ကြလျက် မြန်မာနိုင်ငံသမိုင်း၊ ဒီမိုကရေစီရေးတိုက်ပွဲသမိုင်းတွင် သစ္စာဖောက်များအဖြစ် သတ်မှတ်ကြရန် တိုက်တွန်းလိုက်ပါသည်။
ဒီလုံး (ရန်ကုန်

Geen opmerkingen: