မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 9 juni 2010

ကမ္ဘာ့ဖလားတိုက်ရိုက်လွှင့်သောကြောင့်စလောင်းရောင်းအားကျဆင်း

ဟိန်းဇော် Wednesday, June 09, 2010
.စစ်အစိုးရပိုင်ရုပ်မြင်သံကြားအစီအစဉ်များမှနေ၍၂၀၁၀ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကိုတိုက်ရိုက် ထုတ်လွှင့်ပြသမည်ဆိုခြင်းကြောင့်တရားမ၀င်၈ပေနှင့်၂ပေဂြိုဟ်တုစလောင်းများရောင်းအားကျဆင်း နေကြောင်း အရောင်းဆိုင်များမှ သိရသည်။
                             ရန်ကုန်မြို့လယ်တွင်ဂြိုဟ်တုစလောင်းတပ်ဆင်နေစဉ်(ဓာတ်ပုံ-LupKeenNg)
“၂၀၀၆ ကမ္ဘာ့ ဖလားတုန်းက တီဗီက တိုက်ရိုက် မလွှင့်တော့ ကျနော်တို့ ဆိုင်တွေ စလောင်း အရမ်း ရောင်းရတယ်။ အခု လာမေးသူ နည်းတယ်။ အခုတော့ အင်တင်နာတွေ၊ တီဗီတွေ ရောင်းအား တက်တယ်” ဟု လျှပ်စစ်ပစ္စည်း အရောင်းဆိုင် တာဝန်ခံ တဦးက ပြောသည်။
စစ်အစိုးရပိုင် ရုပ်/သံ မီဒီယာများက ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်များကို တိုက်ရိုက် ပြသမည် ဆိုသော်လည်း ရန်ကုန်မြို့၏ လျှပ်စစ်မီး ရရှိမှုမှာ တရက်လျှင် ၆ နာရီသာ ရှိသည်။
“မီးပျက်နေတယ် ဆိုရင်တော့ ကျနော်တို့က ဘီယာဆိုင်တို့၊ လက်ဖက်ရည် ဆိုင်တို့မှာ ကြည့်ဖို့ စိတ်ကူးတယ်။ မီးစက်နဲ့ ကြည့်မယ်ဆို အဆင်မပြေနိုင်ဘူး”ဟု ဘောလုံးပွဲ ကြည့်ရှုရန် အားသန်နေသူ တဦးကဆိုသည်။
စစ်အစိုးရအနေဖြင့် ကမ္ဘာ့ဖလားဘောလုံး ပွဲစဉ်များ တိုက်ရိုက်ပြသခြင်းမှာ ဂြိုဟ်တုစလောင်းများ ပြန်လည် တပ်ဆင်မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်ကြောင်း သုံးသပ် ဝေဖန်သူများလည်း ရှိနေသည်။
ရန်ကုန် အခြေစိုက်သတင်း အယ်ဒီတာတဦး ကလည်း ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကြောင့် ပြည်ပ မီဒီယာများမှ ထုတ်လွှင့်နေသည့် မြန်မာနိုင်ငံ ၏ နျူကလီးယားကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများ စိတ်ဝင်စားနေမှုကို အာရုံ ပြောင်းလဲစေနိုင်ကြောင်း သုံးသပ်ပြသည်။
“အယ်လ်ဂျာဇီးယားနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ ပေါင်းပြီးလွှင့်တဲ့ နျူကလီးယားကိစ္စကို ဒီရက်ပိုင်း လူတွေ တော်တော် စိတ်ဝင်စားနေတာ။ ကမ္ဘာ့ဖလားပွဲတွေလာရင်တော့ အာရုံပြောင်းသွားနိုင်တယ်။ လူတွေက ဘောလုံးပွဲတွေလောက် ရွေးကောက်ပွဲအကြောင်း၊ နိုင်ငံရေးအကြောင်း စိတ်မ၀င်စားကြဘူး” ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဒဂုံစင်တာရှေ့ရှိ ဘရဏီမီဒီယာပိုင် LED ဘေလ်ဘုတ်တွင်လည်း ကမ္ဘာ့ဖလား ပွဲစဉ်များကို တိုက်ရိုက်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့အတွက်အဆင်ပြေတာပေါ့ဗျာ။ကားဆွဲရင်းဘောလုံးပွဲကြည့်ရတာပေါ့။LEDနဲ့ကြည့်ရတာ ဆိုတော့အရသာကတော်တော်လေးမိုက်မှာဗျ”ဟုဒဂုံစင်တာအနီးတွင်ညပိုင်းတက္ကစီဂိတ်ထိုး ပြေးဆွဲလျက်ရှိသူ ကိုအောင်နိုင်က ဆိုသည်။
ကမ္ဘာ့ဖလား ဘောလုံးပွဲကို ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ တောင်အာဖရိကတွင် ကျင်းပမည် ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့် အသင်း ၃၂ သင်း ဖြစ်ကာ ပွဲစဉ်အရေအတွက် စုစုပေါင်း ၆၄ ပွဲ ရှိသည်။
မြန်မာဘောလုံးပရိတ်သတ်များအနေဖြင့် ကမ္ဘာ့ဖလားဘောလုံးပွဲများကို စိတ်ဝင်စားမှုများမြင့်တက်နေပြီး စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များကလည်း ကမ္ဘာ့ဖလားပွဲအတွက် ကြိုတင်ပြင်ဆင် နေကြပြီ ဖြစ်သည်။
“ကျနော့်ဆိုင်မှာဘောလုံးပွဲပြဖို့LCDတွေတပ်လိုက်တယ်ဗျာ။ဘောလုံးပွဲပြတဲ့ဆိုင်ပဲလူတွေက ထိုင်ကြမှာလေ။ဒါမှရောင်းအားလည်းတက်လာမှာ”ဟု ရန်ကုန်ရှိ ရွှေပြည်တန် လက်ဖက်ရည်ဆိုင်ရှင် ကိုမြင့်သိန်းက ဆိုသည်။
စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူ အများစုမှာ ဘောလုံးပွဲကိုအားထား၍ ပြင်ဆင်မှုများရှိသကဲ့သို့ ဘောလုံးပွဲ လောင်းကစားဒိုင်များ၊ ဘောလုံးပွဲဖြင့် စားဝတ်နေရေး ဖြေရှင်းသူများလည်း ပြင်ဆင်နေကြသည်။
“ဒီလတော့ ပိုက်ဆံရအောင် ရှာရမယ်။ ချန်ပီယံလိဂ်တုန်းက ရှုံးထားတာလေးတွေ ပြန်ရအောင်တော့ ရှာရမယ်” ဟု ဘောလုံး လောင်းကစားသည့် ဦးကျော်ကြီးဆိုသူက ပြောသည်။
ဘောလုံးပွဲစဉ်များကိုညနေ၆နာရီ၊ည၈နာရီ၊နံနက်၁နာရီဟူ၍၃ ချိန်ပြသမည်ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီ မြ၀တီရုပ်သံတွင် အလျဉ်းသင့်သလို ပြသမည်ဟု သိရသည်။
မိုးဆမ်းပန်းမီဒီယာမှကမ္ဘာ့ဖလားပြိုင်ပွဲထုတ်လွှင့်ခွင့်ကိုသီးခြားကုမ္ပဏီတစ်ခုဖြစ်သောYangon Entertainmentအားကြားခံပြီးမြန်မာတနိုင်ငံလုံးသို့ FreetoAirပြသမည်ဖြစ်ကြောင်းကြော်ငြာထားသည်။
မိုးဆမ်းပန်းမီဒီယာ ဥက္ကဌ ဦးဇော်မင်းအေးမှာ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၏ သားဖြစ်ပြီးလက်ရှိတွင် Eco Vision စာစောင်နှင့် Messenger ဂျာနယ်ကို ထုတ်ဝေနေသူဖြစ်သည်။ ဦးဇော်မင်းအေးသည် တာမွေ မြို့နယ်အတွင်းရှိ ယခင် အမျိုးသား စာကြည့်တိုက် အဆောက်အအုံကို လွှဲပြောင်းရရှိထားသည် ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
ကမ္ဘာ့ဖလားပွဲစဉ်များကို မြ၀တီနှင့် မြန်မာ့ရုပ်မြင်သံကြားတို့တွင် Sponsorshipစနစ်ဖြင့် ပြသရန် သဘောတူညီထားပြီး သတ်မှတ်ထားသော အကျိုးခံစားခွင့်ကိုလည်း ယခင် Sponsorship စနစ်များအတိုင်း အကျိုးခံစားခွင့်ရရှိမည် ဖြစ်ကာ အဓိက ပံ့ပိုးပေးသူမှာ ဂရင်းရွိုင်ရယ်၊ စူပါ၊ လေဆာနှင့် စတားကိုလာ ကုမ္ပဏီများ ဖြစ်ကြသည်။
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ၁၉၃၀ ပြည့်နှစ်မှ စတင်၍ ၄ နှစ်တကြိမ်ကျင်းပခဲ့ရာ ယခု၂၀၁၀ ပြိုင်ပွဲမှာ ၁၉ ကြိမ်မြောက် ဖြစ်သည်။

Geen opmerkingen: