မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 11 juni 2010

ကြည်းရေလေတပ်မတော်တွင်းကသတ္တိခဲတွေ…ရဲရဲတောက်ဖွင့်ချနေပါသလေ

စိန်အိုးစည်/၁၁ဇွန်၂၀၁၀
ယနေ့တော့ရွှေဂျိုး၏လေပုပ်ထုတ်ကုန်း နံနက်ခင်းလေး ကံဆိုးမှုနှင့် စ,တိုးရပြီထင့်။ အဘယ်ကြောင့်နည်းဟု ဆိုရပြန်သော်ရွှေဂျိုးတယောက်ခနော်နီခနော်နဲ့သံစုံမြည်အော်ခက်စတြာစက်ဘီးစုတ်ကလေးကို ဒေါက်ထောက်ရုံရှိသေး၊လေအိုး၏၀က်ဆိုးအော်သံကျယ်ကျယ်လောင်လောင်လွင့်ပျံ့နေသည့်အခိုက်နှင့် ကြုံဆုံလိုက်ရ၍ ဖြစ်ပေသည်။
“ကြည်းရေလေတပ်မတော်တွင်းကသူငယ်ချင်းတွေ…ရဲရဲတောက်တိုက်စစ်ဆင်ကာနေ…တောကြားတောင်ကြားမရှောင်ရှား…အများအတွက်ဖြင့်အသက်ပင်စွန့်လို့နေ…မင်းတို့အတွက် ဂုဏ်ယူရတယ်လေ …”
လေအိုးအော်နေသည့်သီချင်းသည် မြန်မာပြည်၏ မျက်မှောက်အခြေအနေနှင့် လားလားမျှ ကိုက်ညီမှုမရှိဟု ရွှေဂျိုးယူဆသည့်အတွက်စားပွဲဝိုင်းကို ၀င်ထိုင်ထိုင်ချင်း ရွှေဂျိုးကပင် ပါးစပ်သေနတ် စပစ်တော့လေသည်။
ရွှေဂျိုး ။ ။ ကိုလေအိုး …မနက်စောစောစီးစီး သီချင်းအော်မယ်ဆိုလည်း ကျက်သရေမင်္ဂလာရှိတဲ့ သီချင်းကို အော်စမ်းပါဗျာ။နဂိုကတည်းကမှကိုလေအိုးအသံက၀က်ဆိုးအော်သံ၊အဲဒီအသံကြီးနဲ့အခုလို ကျက်သရေမင်္ဂလာမရှိတဲ့သီချင်းကိုအော်ဟစ်နေတော့ဘေးဝိုင်းကလူတွေစားရသောက်ရတာ ဘယ်မျိုကျတော့မလဲ။နည်းနည်းပါးပါးလည်းအလိုက်သိဦးမှပေါ့ဗျာ။မနက်စောစောစီးစီး မင်္ဂလာယူရမယ့်အချိန်ဥစ္စာ…တကယ်ပဲကိုလေအိုးလုပ်လိုက်မှဖြင့် …။
လေအိုး ။ ။ဘာလို့ကျက်သရေမရှိရမှာလဲကိုရွှေဂျိုး၊သီချင်းက ကျက်သရေမင်္ဂလာရှိပြီးသားပါဗျာ။ သန်းရွှေတို့ နအဖစစ်တပ်လုပ်ရပ်ကြောင့်ဒီသီချင်းနာမည်ပျက်ရတာ။ဒီသီချင်းကနအဖစစ်တပ်ပြည်သူ့ချဉ်ဖတ်မဖြစ်ခင် ဟိုးပဝေသဏီကတည်းကပေါ်ခဲ့တဲ့သီချင်းဗျ။တိုက်ရည်ခိုက်ရည်ပြည့်ဝပြီးတိုင်းပြည်အတွက် တကယ်ပေးဆပ်ခဲ့တဲ့ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောတို့ခေတ်တုန်းကလို တကယ့်ပြည်သူ့တပ်မတော်သားစစ်စစ်တွေကိုဂုဏ်ပြုတဲ့သီချင်းဗျ။ကိုရွှေဂျိုးကတပ်မတော်သားဆို သန်းရွှေတို့လိုအာဏာရူးတဲ့စစ်သားတုစစ်သားယောင်တွေကိုပဲမျက်စိထဲမြင်ယောင်နေတော့သီချင်းကို မင်္ဂလာမရှိဘူးထင်စရာပေါ့။ခက်တယ်ကိုရွှေဂျိုးခက်တယ်၊အရာရာကိုအကန့်ခွဲပြီး ကြည့်တတ်မြင်တတ်အောင်ကြိုးစားစမ်းပါ။ဒီလောက်လေးကအစလေအိုးရှင်းပြနေရရင် ဘယ်ခရီးရောက်တော့မလဲ၊ဟုတ်တယ်မဟုတ်လားဟားဟားဟားဟား(ပြောရင်းဆိုရင်းပါးစပ်ကို လက်ဖြင့်အုပ်ကာ လေအိုးရယ်)
ရွှေဂျိုး ။ ။ကဲပါဗျာထားလိုက်ပါတော့။ရွှေဂျိုးအတွက်တော့ကိုလေအိုးရဲ့ဝက်ဆိုးအော်သံမကြားရဖို့ အရေးကြီးတယ်။ဒါမှနားကျန်းမာရေးကောင်းမှာ။ဒါနဲ့နေစမ်းပါဦး၊မနက်စောစောစီးစီးဘာဖြစ်လို့ ဒီသီချင်းကိုမှ ရွေးအော်ပြီး နှိပ်စက်နေရတာလဲ ကိုလေအိုး၊ လင်းစမ်းပါဦး။
ထိုစဉ် အဖျော်ဆရာလေး ပိုက်ထွေး၏ စကားသံ ကြားဖြတ်ဝင်လာသည်။
ပိုက်ထွေး ။ ။ဗျို့အစ်ကိုလေအိုးနဲ့အစ်ကိုရွှေဂျိုး၊ဒီနေ့မနက်လက်ဖက်ရည်မမှာတော့ဘူးလားဗျ။ ပိုက်ဆံမပါရင်ပြောနော် အတိုးနဲ့ ချေးထားပေးမယ်။ လက်ဖက်ရည်မသောက်ဘဲ လေပဲကန်မယ်ဆိုရင်တော့ ရေနွေးအလကားမရဘူးနော့ ဟဲ ဟဲ ဟဲ။
လေအိုး ။ ။ဟေ့ကောင်ပိုက်ထွေး။လက်ဖက်ရည်မသောက်ဘဲဘယ်တုန်းကလေအိုးတို့ထိုင်ဖူးလို့လဲ။ ခပ်ညံ့ညံ့ လက်ဖက်ရည်သောက်ပြီးမှလေကန်တာကွ။ဘယ်သူ့ဂရုစိုက်ရမလဲ၊လေအိုးတဲ့နော်တအိုးတည်းရှိတယ်။ နောက်တအိုးရှိစေချင်ရင်ရေနွေးအိုးမြန်မြန်လာချလိုက်ဒါပဲ(လေအိုးပြောအပြီးတွင်ပါးစပ်ကို လက်ဖြင့်အုပ်ကာ ပြုံးစိစိလုပ်)
လေအိုးကအတည်ပေါက်နှင့်ပြောအပြီးတွင်ရွှေဂျိုးကလည်းလေပျော့ကလေးနှင့်ပိုက်ထွေးကို လှမ်းပြောလိုက်သည်။
ရွှေဂျိုး ။ ။ပိုက်ထွေးကလည်းကွာမင့်အစ်ကိုတွေအကြောင်းလည်းသိသားနဲ့။လေစိမ်းတွေ တိုက်နေရသလား။ ဒီမှာစိန်ကောင်းကျောက်ကောင်းရောင်းဝယ်နေလို့မှာဖို့မေ့နေတာပါကွ။မင်းလုပ်တာအဖျော်ဆရာက ကန့်လန့်ကန့်လန့် ဆိုသလိုဖြစ်နေပြီ။ ငွေရေးကြေးရေးက ခြေသလုံးမွေးပါကွ။ ဟဲ ဟဲ သိတယ်မဟုတ်လား။
ပိုက်ထွေး ။ ။သိပါတယ်အစ်ကိုရွှေဂျိုး၊အစ်ကိုရွှေဂျိုးခြေသလုံးကအမွေးတပင်မှကိုမရှိတာပိုက်ထွေး ကောင်းကောင်းမြင်ပါတယ်။အစ်ကိုနှစ်ယောက်ကိုသက်သက်စ,နေတာပါ။လက်ဖက်ရည်ကော ရေနွေးအိုးရော အခုလာပို့ပါတော့မယ်။ လွန်တာရှိ ၀န္ဒြာမိပါခင်ဗျား။
လေအိုး ။ ။ဟေ့ကောင်ပိုက်ထွေးလူကြီးတွေကိုစ,ပြီးမှလွန်တာရှိဝန္ဒြာမိလုပ်ရသလား။လုပ်ချင်ရင် သီတင်းကျွတ်ကျမှကန်တော့ပွဲနဲ့လာခဲ့။အခုတော့လက်မခံဘူးဒါပဲ။
ပိုက်ထွေးနှင့်လေအိုးပေဆက်ရှည်နေဦးမည်စိုးသဖြင့်ရွှေဂျိုးကပင်စကားလမ်းကြောင်းကိုပြန်တည့်ဖို့ ကြိုးစားရလေသည်။
ရွှေဂျိုး ။ ။ ကဲ တော်ပါတော့ ကိုလေအိုး၊ ခုနက သီချင်းနဲ့ နှိပ်စက်တဲ့ကိစ္စကို လင်းစမ်းပါဦး။
လေအိုး ။ ။ဒါကအကြောင်းရှိတယ်လေ။ကိုရွှေဂျိုးကချက်ဆိုနားခွက်ကမီးမတောက်ဘဲကိုး။သတင်းလည်း နားမထောင်၊အင်တာနက်လည်းတက်မကြည့်၊မိန်းမဟောက်သံအောက်မှာပဲပိပြားနေတော့အင်းလေ … မသိတာမဆန်းဘူးပေါ့။ဒီလိုဗျ။အခုသန်းရွှေတို့နအဖစစ်တပ်ထဲမှာလည်းတပ်မတော်သားကောင်းတွေ တယောက်စနှစ်ယောက်စဆိုသလိုထွက်ပေါ်လာနေပြီဗျ။ဒါကျုပ်တို့မြန်မာပြည်ကြီး အပြောင်းအလဲဖြစ်ဖို့အတွက်လမ်းစပဲ။အဲဒါကြောင့်ဒီမနက်ဒီသီချင်းနဲ့လေအိုးဂုဏ်ပြုနေရတာဗျ။ ကိုရွှေဂျိုးကလည်း ဝေးလိုက်တာ လွန်ရောဗျာ။
ရွှေဂျိုး ။ ။ဟုတ်လို့လားကိုလေအိုးရာ။ကျောင်းသားပြည်သူတွေမဆိုထားနဲ့ရဟန်းသံဃာတွေကိုတောင် ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့သန်းရွှေတို့စစ်တပ်ထဲကဘယ်လိုလုပ်တပ်မတော်သားကောင်းတွေ ပေါ်ထွက်နိုင်မှလဲဗျ။ ဟုတ်လည်း မဟုတ်ဘဲနဲ့ မနောက်စမ်းပါနဲ့ဗျာ။
လေအိုး ။ ။ဟနောက်စရာလားဗျ။ ဟိုတလောကမြောက်ကိုရီးယားကိုရွှေမန်းတို့အဖွဲ့သွားတဲ့ကိစ္စနဲ့ မြေအောက်လိုဏ်ခေါင်းတူးတဲ့ကိစ္စ လျှို့ဝှက်မှတ်တမ်းတွေ ပေါက်ကြားသွားလို့ဆိုပြီး အဖမ်းခံရတဲ့ ဗိုလ်မှူး ၀င်းနိုင်ကျော်နဲ့အခုရက်ပိုင်းအတွင်းမှာပဲဒီဗွီဘီနဲ့အယ်လ်ဂျာဇီယားကနေနအဖစစ်အုပ်စုရဲ့ နျူကလီးယားစီမံကိန်းအတွင်းရေးတွေကိုပြည့်ပြည့်စုံစုံဖွင့်ချလိုက်တဲ့ဗိုလ်မှူးစိုင်းသိန်းဝင်းတို့က တပ်မတော်သားကောင်းမဟုတ်လို့ဘာလဲဗျ။လူမိုက်နည်းနဲ့နျူကလီယားပိုက်ပြီးတိုင်းပြည်ကို ဆက်နှိပ်စက်ချင်နေတဲ့အာဏာရူးသန်းရွှေတို့ရဲ့ယုတ်မာတဲ့အစီအစဉ်တွေကိုဖွင့်ချတာ တပ်မတော်သားကောင်းတွေပေါ့ဗျာ။နောင်လည်း ဗိုလ်မှူး ၀င်းနိုင်ကျော်တို့လို၊ ဗိုလ်မှူး စိုင်းသိန်းဝင်းတို့လို တပ်မတော်သားကောင်းတွေများများပေါ်ထွက်လာအောင်လို့လေအိုးကဒီမနက်ဗိုလ်တွံ (တွံတေးသိန်းတန်) အသံနဲ့လေကုန်ခံပြီးဂုဏ်ပြုနေတာပေါ့ဗျ။ကဲ…ရှင်းပြီမဟုတ်လား။ဒါပေမယ့်သီချင်းကိုတော့ ဒီလိုပြောင်းဆိုပြီး ဂုဏ်ပြုမှ ပိုကောင်းမယ် ကိုရွှေဂျိုး။
ရွှေဂျိုး တားချိန်ပင် မရလိုက်တော့ဘဲ လေအိုး ထပ်မံဟစ်ကြွေးသည်ကို သည်းခံနားဆင်ရပြန်လေသည်။
“ကြည်းရေလေတပ်မတော်တွင်းကသတ္တိခဲတွေ…ရဲရဲတောက်ဖွင့်ချနေပါသလေ…ဟေ့နအဖရဲ့ နျူကလီယား … အများအတွက်ဖြင့် ဖွင့်ကာချလို့နေ … မင်းတို့အတွက် ဂုဏ်ယူရတယ်လေ … ဟေ ဟေ ဟေ”
သီချင်းအဆုံးတွင် လေအိုးက“ဟာအခုမှသတိရတယ်ကိုရွှေဂျိုးရေ့။အိမ်က ချစ်ဇနီးပူပူနွေးနွေးက တို့ဟူးနွေးဝယ်ပြီးကိုကို မြန်မြန်ပြန်လာခဲ့နော်လို့မှာလိုက်တာ။ကိုရွှေဂျိုးကိုသီချင်းဆိုပြနေရတာနဲ့ လေကုန်(အဲ …)အချိန်တွေ လင့်ကုန်ပါပြီ။မဖြစ်ဘူး၊သူလေးစိတ်ကောက်နေရော့မယ်၊သွားလိုက်ဦးမယ်ဗျို့ ဟဲ ဟဲ” ဟုဆိုကာ ပျာယီးပျာယာ ထွက်ခွာသွားသကဲ့သို့ အောက်ရေတိုးနေသည့် ရွှေဂျိုးလည်း သူ့ကဲ့သို့ ဇနီးမယားအပေါ် ကြင်နာတတ်လွန်းသည့် လေအိုးအတွက် ဂုဏ်ယူရင်း ဆိုင်နောက်သို့ ရွေ့လျားရန် စတိုင်ကြွကြွဖြင့် ထိုင်ရာမှ ထခဲ့လေသည်တကား။ ။

Geen opmerkingen: