မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 11 juni 2010

မျက်ဝန်းများနှင့်နားလည်မိခြင်း

ရွှေအိမ်စည်
သောကြာနေ့၊ဇွန်လ၁၁ရက်၂၀၁၀ခုနှစ်၁၆နာရီ၅၁မိနစ် .

“မျက်ဝန်းများနဲ့ပြောပါ
ဒါ အလှဆုံးစကားထက်
ပိုပြီးလှနေမယ်
ဒီမျက်ဝန်းများနဲ့ နားလည် ….”
(ထူးအိမ်သင်၏ ‘စကာလုံးမရှိတဲ့ ကောင်းကင်’ တေးစီးရီးမှ သီချင်း)
                                                          (က)
တပါးသူများကဲ့သို့ပင်ကျနော့်တွင်လည်းမျက်ဝန်းတစုံရှိ၏။မျက်ဝန်းကနက်နက်မှောင်မှောင်၊သူငယ်အိမ် ကျဉ်းခြင်း၊ကျယ်ခြင်း၊စွေခြင်း၊စောင်းခြင်း၊မရှိသည့်အတွက်ကျနော့်မျက်ဝန်းတစုံကသာမန်အားဖြင့် ကောင်းမွန်သည့် မျက်လုံးများဟု ဆိုရမည်။
ကျနော့် မျက်ဝန်းတစုံဖြင့် တပါးသူတို့၏ မျက်ဝန်းများအား ကြည့်မိ၏။ ဤတွင် ကျနော်သည် တပါးသူတို့၏ မျက်လုံးများအား ကျနော့် မျက်လုံးများဖြင့် မြင်ရ၏၊ တွေ့ရ၏။
ကျနော်ပထမဦးစွာကြည့်မိ၍ မြင်တွေ့ရသည့်မျက်ဝန်းတစုံကကျနော့်မိခင်၏မျက်လုံးများဖြစ်မည်။မိခင်၏ ရင်ခွင်အတွင်းနို့ချိုစို့သောက်ရင်းကျနော်သည်မိခင်၏မျက်ဝန်းတစုံအားငေးမော၍မမှိတ်မသုန်နှင့် ကြည့်နေမိခဲ့မည်။မိခင်သည်လည်းသားငယ်အားရင်ခွင်တွင်ထွေးပွေ့၍နို့ချိုတိုက်ကျွေးရင်း သားငယ်အားငုံ့၍ တရှိုက်မက်မက် ကြည့်နေမည်ပင်။
မိခင်၏မျက်ဝန်းကကျနော့်မျက်ဝန်းကဲ့သို့ပင်နက်နက်မှောင်မှောင်၊ကြည်လင်ရွှန်းလဲ့သည့်မိခင်၏ မျက်ဝန်းတစုံအတွင်း၌နွေးထွေးမှုအကြင်နာတရားနှင့်အနန္တမေတ္တာတို့အားကျနော်မြင်ရ၏။ကျနော် မြင်နေရသည့်မိခင်၏မျက်ဝန်းတစုံကကျနော့်အတွက်မူတုနှိုင်း၍မရနိုင်သည့်မျက်ဝန်း၊ပြီးလျှင် ကျနော့်အတွက် အလိုအပ်ဆုံးသော မျက်လုံးများဟု ဆိုရမည့် အမေ့မျက်ဝန်း။
                                                        (ခ)
ကျနော်စတုတ္ထတန်းနှစ်တွင်မျက်ဝန်းနှစ်စုံအားထပ်မံ၍တွေ့ရှိမိ၏။ကျနော်ပညာသင်ကြားနေခဲ့သည့် အခြေခံပညာမူလတန်းကျောင်း၏ကျောင်းအုပ်ဆရာကြီးနှင့်ကျောင်းအုပ်ဆရာမကြီးတို့၏ မျက်ဝန်းများဖြစ်၏။
ဦးရွှေသောင်းကဤမူလတန်းကျောင်းလေးတွင်ကျောင်းအုပ်ကြီးအဖြစ် အမှုထမ်းခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကျနော်သူငယ်တန်းလေး၊သူငယ်တန်းကြီးမှစတုတ္ထတန်းရောက်သည်အထိ ဆရာကြီးဦးရွှေသောင်းသည် ကျနော်တို့ကျောင်း၏ ကျောင်းအုပ်ကြီး။ ကျနော့်အကိုများ၊ အမများ လက်ထပ်တွင်လည်း ဆရာကြီးသည်ပင် ဤကျောင်းလေးတွင် ကျောင်းအုပ်ကြီးပင် ဖြစ်ခဲ့၏။ အနေအထိုင် ရိုးကုတ်၍ အလုပ်တာဝန်အား လေးစားပြီး စည်းစနစ်တွင် တိကျသည့် ဆရာကြီးကို၊ တပည့်သစ်များက ချစ်ကြောက်၍ တပည့်ဟောင်းများက ရိုသေပြီး ကျောင်းသားမိဘများက လေးစားခြင်းခံရသည့် အနန္တဂိုဏ်းဝင် ဆရာတဦးအဖြစ် အသိအမှတ်ပြုခံရ၏။
ပထမအစမ်းစာမေးပွဲများဖြေဆိုရန်ပြင်ဆင်နေသည့်ကာလအတွင်းမှာပင်ဆရာကြီး၏ ပြောင်းရွှေ့မိန့်ကျသည်ဟူသည့်သတင်းအားရုတ်ချည်းကြားရ၏။ဆရာကြီးပြောင်းရွှေ့ရမည့်ဒေသက ‘အမဲရောင်နယ်မြေ’ဟုသတ်မှတ်ထားသောမြို့လေး၏အရှေ့တောင်ဘက်တွင်ရှိသည့်တောင်တန်းကြီးများပေါ်က တောင်ပေါ် ကရင်ရွာငယ်လေးတရွာဆီသို့။
ပြောင်းရွေှ့မည့်ဆရာဦးရွှေသောင်း၏နှုတ်ဆက်ပွဲအားကျနော်တို့ကျောင်းလေးတွင်ပြုလုပ်ကြ၏။ဆရာ၊ ဆရာမများနှင့်ကျောင်းသားအားလုံးကဆရာကြီးအားလက်အုပ်ချီ၍ရှိခိုးကြ၏။ဆရာဦးရွှေသောင်းက ကျနော်တို့ကျောင်းသားများအားဆုံးမစကားဆို၏၊သြဝါဒစကားပြော၏။ဆရာကြီး၏အသံက တည်တည်ငြိမ်ငြိမ်၊ငြိမ့်ငြိမ့်အေးအေး။ကျနော်လက်အုပ်ချီထားရင်းမှဆရာကြီး၏မျက်ဝန်းတစုံအား ကြည့်မိ၏။ဆရာကြီး၏မျက်ဝန်းကရွှန်းရွှန်းလဲ့လဲ့၊ကြည်ကြည်လင်လင်။ကြည်လင်ရွှန်းလဲ့သော မျက်ဝန်းအတွင်းရီဝေမှုကစွတ်၍နေ၏။နှုတ်မှဖွင့်ဟမိန့်ဆိုခြင်းမရှိသည့်စကားများအားဆရာကြီး၏ မျက်ဝန်းအတွင်း၌ကျနော်မြင်မိ၏။ပြီးလျှင်ကျနော်မြင်နေမိသည့်ဆရာကြီး၏ မျက်ဝန်းများက ကျနော့်မိခင်၏ မျက်ဝန်းအစုံကဲ့သို့ပင်။
                                                             (ခး ၁)
ဆရာဦးရွှေသောင်းပြောင်းရွှေ့သွားပြီးသည့်နောက်တွင်ကျနော်တို့၏မူလတန်းကျောင်းလေးသို့ ကျောင်းအုပ်ဆရာမကြီး တဦးရောက်လာ၏၊ ဆရာမ ဒေါ်ခင်ဖုန်းညွှန့်။
ကျောင်းအုပ်ဆရာမကြီးအသစ်ဒေါ်ခင်ဖုန်းညွှန့်ကကျနော်တို့မြို့လေး၏မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပါတီယူနစ်အတွင်းရေးမှူး၏ဇနီးဖြစ်သည်။ပြီးလျှင်ဆရာမဒေါ်ခင်ဖုန်းညွှန့်၏ဖခင်သည်လည်း တခေတ်တခါကကျနော်တို့မြို့လေး၏ပျူစောထီးတပ်များ၏တပ်မင်းဗိုလ်မှူးဖေညွှန့်ဖြစ်သည်။ ပျူစောထီးတို့၏ လက်ဇောင်းထက်မှုကြောင့် ဗိုလ်မှူးဖေညွှန့် ဟူသည့် အမည်က ခန့်ငြားခဲ့၏။
‘ဒီနေရာပေါ့ သေနတ်ထိပြီး ဗိုလ်ဖေညွှန့် ကျသွားတာ’ ဟူ၍ ဗိုလ်မှူးဖေညွှန့်၏ ‘ဗျူးပက်’အား သိမီလိုက်သည့် သူများထံမှသက်ကြီးစကားကြားနာရ၏။ကျောင်းအုပ်ဆရာမကြီးအသစ်ဒေါ်ခင်ဖုန်းညွှန့်က ကျောင်းသို့လာရာ၌ခင်ပွန်းသည်၏အဆောင်အယောင်အာဏာစက်၊ဖခင်ဖြစ်သူ၏ရာဇမာန်တို့အား ပခုံးထက်၌ ခြုံ၍ လာတတ်၏။
ကျနော်တို့ကကျောင်းပိတ်ရက်များတွင်ကျောင်းရှေ့ရှိကွက်လပ်ငယ်လေး၌ဘောလုံးကစားကြ၏။ ကစားကွင်းကကျဉ်း၏။တဖက်အနားသတ်ကကျောင်း၏အရှေ့စာမျက်နှာ၊ဤကျဉ်းကြပ်သော ကစားကွင်းလေးမှာပင်ကျနော်တို့ကျောင်းပိတ်ရက်များ၌‘W’ဘောလုံးငယ်လေးနှင့်ဂိုးကျဉ်းကန်ကြ၏။ ဘောလုံးကတခါတရံကျောင်းနံရံကိုလည်းထိ၏၊တခါတရံတွင်လည်းကျောင်း၏ခေါင်မိုးထက်သို့ ရောက်၏။ ဤသို့ကစားခဲ့ကြသည်မှာလည်းကြာပြီ။‘W’ဘောလုံးငယ်ထိမှန်မှုကြောင့်ကျနော်တို့၏ ကျောင်းငယ်လေးသည်လည်းမည်သည့်ပျက်စီးမှုမျှမရှိခဲ့။ဤအတွက်ကြောင့်ပင်ဤကွင်းလေး၌ ကျောင်းပိတ်ရက်တိုင်း ကျနော်တို့ ဘောလုံးကန်မြဲ။
ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဖုန်းညွှန့်သည်ကျနော်တို့ဘောလုံးကစားနေရာသို့ရောက်လာပြီး၊ ဘောလုံးကစားနေသည်အားရပ်ခိုင်း၏၊ပြီးလျှင်ကျနော်တို့အားလုံးအားရပ်ကွက်ကောင်စီရုံးသို့ခေါ်သွားပြီး၊ အရေးယူပေးပါရန် ရပ်ကွက်ကောင်စီ ဥက္ကဠ အား တိုင်ကြား၏။
ရပ်ကွက်ကောင်စီဥက္ကဋ္ဌက‘ဆရာမကြီးရယ်၊ဆရာမကြီးရဲ့တပည့်တွေပဲဆရာမကြီးပဲရိုက်နှက်ပြီး ဆုံးမလိုက်လည်းရပါတယ်’ဟုအမှု၏အတိမ်အနက်အားချင့်တွက်၍ဖျောင်းဖျရှာ၏၊မရ။ကျနော်တို့၏ ကျောင်းအုပ်ဆရာမကြီးက မရ။
“ကျောင်းချိန်မှာသာ သူတို့ဟာ ကျမရဲ့ တပည့်၊ ကျောင်းချိန် မဟုတ်ရင်တော့ သူတို့ဟာ ကျမ တပည့်တွေ မဟုတ်ဘူး၊ ရပ်ကွက်နဲ့သာ ဆိုင်တယ်။ ဒါကြောင့် ရပ်ကွက်ကောင်စီက အရေးယူပေးပါ။ ပြီးတော့ သူတို့ဟာ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးဖို့ ကြံရွယ်တာဖြစ်တယ်”
ကျနော်တို့၏မူလတန်းကျောင်းအုပ်ဆရာမကြီးသည်မူလတန်းကျောင်းသားကျနော်တို့အား စွဲချက်များတင်နေ၏၊အသံကမာ၏၊အသံကစွာ၏။ပျူစောထီးဗိုလ်၏သမီး၊ယူနစ်ကော်မတီ အတွင်းရေးမှူး၏ ဇနီးဟူသည့်သွေးတို့ကဆရာမကြီး၏ခန္ဓာအတွင်းဆူပွက်နေသည့်ဟန်ကြောင့်ဆရာမကြီးသည် နတ်ဝင်သည်တဦးကဲ့သို့။
ကျနော်ကနတ်ဝင်သည်တဦးကဲ့သို့ ဖြစ်နေသည့်ဆရာမဒေါ်ခင်ဖုန်းညွှန့်၏မျက်ဝန်းတစုံအားကြည့်မိ၏။ မီးကျည်ခဲအလား။ဒေါသ၊မာန်မာန၊အတ္တတို့ကဆရာမကြီး၏မျက်ဝန်းအစုံ၌ပန်းစကြာမှန်ပြောင်း လှည့်သကဲ့သို့ တလှည့်စီ၊ လှည့်ပြောင်းလျက်။
                                                                    (ဂ)
၁၉၉၈ခုနှစ်၊ပွင့်လင်းရာသီ၏တနေ့။
ရေးမြို့နယ်အတွင်းရှိ‘လိပ်ပုတ်’ရွာလေးသို့ကျနော်တို့စစ်ကြောင်းရောက်နေ၏။စစ်ကြောင်းက ဗိုလ်မှူးစောဂျိုးဇက်၏KNLAတပ်ရင်း၁၆၊ကျောင်းသားတပ်မတော်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)တို့ စုဖွဲ့ထားသည့်နိုင်ငံရေး၊စစ်ရေး၊စည်းရုံးရေးစစ်ကြောင်းဖြစ်သည်။အင်အားက၂ဝဝခန့်ရှိမည်။၆ဝ မီလီမီတာနှင့်၈၂မီလီမီတာလက်နက်ကြီးများလည်းပါ၏။ရည်ရွယ်ချက်ကလိပ်ပုတ်ရွာလေးတွင် လူထုစည်းဝေးပွဲ ပြုလုပ်မည်။ လက်ရှိနိုင်ငံရေး အခြေအနေအား ရှင်းပြမည်။ စစ်အုပ်စုနှင့် မပူးပေါင်း၊ မဆောင်ရွက်ရေး (NonCo-operation)လှုပ်ရှားမှုအားလူထုအနေနှင့်ဆောင်ရွက်ရန်ဟောပြောမည်။ ပြီးလျှင်နိုင်ငံရေးအံတုမှုတိုက်ပွဲနည်းနာများအားလူထုအားဆွေးနွေးမည်။တဖက်တွင်က စစ်ကြောင်းနှင့်အတူ ပါလာသည့်‘နယ်လှည့်ကျောပိုးအိတ်ဆေးအဖွဲ့’(MobilMedicalBackPackTeam)ကလိပ်ပုတ်ရွာ၏ စာသင်ကျောင်းငယ်အတွင်း ယာယီဆေးခန်းဖွင့်၍ လူထုကျန်းမာရေးအား ပြုစုကုသစောင့်ရှောက်ကြမည်။
လိပ်ပုတ်ရွာ၏ အနောက်တောင်ဘက် ၄ မိုင်မျှ အကွာတွင်က ‘ကျောင်းရွာ’ရှိ၏။ ကျောင်းရွာတွင် ရန်သူ၏ လှုပ်ရှားစစ်ကြောင်းတကြောင်းနှင့် စခန်းထိုင်တပ်ခွဲ တခွဲရှိ၏။
ကျောင်းရွာနှင့်ရေးကမော်တော်ကားလမ်းပေါက်သည်ဖြစ်၍ရေးရှိတပ်ရင်းသည်ကျောင်းရွာသို့ အချိန်နှင့်အမျှစစ်ကူအင်အားဖြည့်လာနိုင်၏။ကျနော်တို့အဖွဲ့လိပ်ပုတ်သို့ဝင်ခြင်းကစစ်ရေး၊ ရည်မှန်းချက်မပါ။သို့သော်ရန်သူနှင့်နီးကပ်လွန်းသည့်ဒေသဖြစ်၍တပ်အင်အားနှင့်တိုးဝင်လာကြရ၏။ လူထုဆွေးနွေးပွဲနှင့် လူထုအားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ကင်းတို၊ ကင်းရှည် အထပ်ထပ်ကာရံ၍ လုပ်ဆောင်ကြရခြင်း ဖြစ်၏။
ကျနော်တို့ လိပ်ပုတ်တွင် ရောက်နေသည့်သတင်းအား ကျောင်းရွာမှလည်း ရမည်၊ ‘ရေး’ မှလည်း သိမည်ပင် ရေးမှ စစ်ကူအချို့ ကျောင်းရွာသို့ ရောက်လာ၏။
လိပ်ပုတ်ရွာ၏ဘုန်းတော်ကြီးကျောင်းအတွင်းလူထုစည်းဝေးပွဲအားပြုလုပ်၏။နဝတ၏ပညာရေး ဝန်ထမ်းများနှင့်ကျန်းမာရေးလုပ်သားများလည်းတက်ရောက်ကြ၏။ဆွေးနွေးပွဲကအားရကျေနပ်စွာနှင့်ပင် ပြီးဆုံးခဲ့၏။ကျောင်းရွာရှိစစ်ကြောင်းကရေးမှစစ်ကူလာသည့်တပ်ဖွဲ့နှင့်ပူးပေါင်းပြီးကျောင်းရွာမှထွက်ရန် ပြင်နေသည့်သတင်းအားကျနော်တို့ ရ၏။ရန်သူ၏ ဦးတည်ရာကကျနော်တို့ရှိရာလိပ်ပုတ်ရွာသို့။
စစ်ကြောင်းမှူးကလိပ်ပုတ်မှပြန်လည်ဆုတ်ခွာရန်အမိန့်ပေး၏။ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ‘နယ်လှည့်ကျောပိုးအိတ်ဆေးအဖွဲ့’(MobilMedicalBackPackTeam)ကိုလည်းကုသမှု့များအား လက်စသတ်၍ သိမ်းဆည်းရန်ညွှန်ကြား၏။ဤတွင်လိပ်ပုတ်ရွာစာသင်ကျောင်းအတွင်းကျန်းမာရေး ကုသမှုပေးနေသည့်(MobilMedicalBackPackTeam)မှအရေးကြီးလူနာတဦးအားကုသမှု ပေးနေရသည်ဖြစ်၍ အချိန် ၃ နာရီခန့် ပေးပါရန် တင်ပြလာ၏၊ ခက်ပြီ။
ကျောင်းရွာကရန်သူသည်တနာရီအတွင်းလိပ်ပုတ်သို့ရောက်လာနိုင်၏။ရန်သူကမိုက်မိုက်ကန်းကန်း တိုးဝင်လာပါက လိပ်ပုတ်ရွာအတွင်း၌ပင် တိုက်ပွဲဖြစ်နိုင်မည်။
ကျနော်တို့လူနာအခြေအနေအားသိရန်စာသင်ကျောင်းလေးဆီသို့ထွက်လာခဲ့ကြ၏။ စာသင်ခုံတန်းရှည်များအားဆက်ထားသည့်ယာယီကုတင်ပေါ်၌အသက်၁၂နှစ်ခန့်ရှိမည့် ကလေးမလေးသည်မေ့မြော၍နေ၏။လူနာ၏လက်နှစ်ဖက်မှဆေးရည်၂ပုလင်းအားအစက်ချ၍ သွင်းပေးထား၏။နှလုံးခုန်နှုန်းကမမှန်။ခက်ခက်ခဲခဲအသက်ရှူနေရသည့်အတွက်လူနာ၏ရင်ဘတ်လေးသည် နိမ့်ချည်၊မြင့်ချည်နှင့်၊ကလေးမလေး၏အခြေအနေက၅ဝ၊၅ဝ၊အခြေအနေ။အရာအားလုံးသည် ငြိမ်သက်၍နေ၏၊ ဆေးမှူးများက သူတို့၏ ပြုစုကုသမှုအား တိတ်ဆိတ်စွာနှင့်ပင် ဆောင်ရွက်၍နေကြသည်။
လူနာ၏ဘေး၌ကလေးမလေ၏ မိခင်သည်ကျုံ့ကျုံ့လေးထိုင်ရင်းသမီး၏ နဖူးပြင်ပေါ်သို့ ရေဖတ်အုပ်ပေး၍ နေ၏။ရေဖတ်အုပ်ပေးရင်းသူမသည်မေ့မျောနေသည့်သမီးငယ်၏မျက်နှာလေးအားကြည့်၏၊ ကျနော်တို့အား ကြည့်၏။ကုသမှုပေးနေသည့်ဆေးမှူးလေး၂ဦးအားကြည့်၏။ပြီးလျှင်ကျောင်းရွာမှစစ်ချီလာမည့် ရန်သူ့စစ်ကြောင်းဆီသို့စိတ်ရောက်သွားဟန်တူသည်။ကျောင်းဝင်း၏အဝင်လမ်းဆီသို့ တွေ၍ကြည့်နေပြန်သည်။
ကျနော်ကသူမ၏မျက်ဝန်းအစုံအားကြည့်မိ၏။မျက်ဝန်းအစုံကစိုစိုစွတ်စွတ်၊အရည်လဲ့၍နေသည်၊ ပြိုမည့်မိုးပမာ။ပူပင်သောကသည်လူနာရှင်မိခင်၏မျက်ဝန်းအစုံ၌အရောင်းအသွေးစုံစွာနှင့်ဖျက်ကနဲ၊ ဖျက်ကနဲပြောင်း၍နေ၏။
ကျောင်းရွာမှ စစ်ကြောင်းရောက်လာပြီး ရွာအတွင်း တိုက်ပွဲဖြစ်မည်ကို ပူပန်သည့်သောက၊ သမီးလေးအား ကုသပေးနေသည့် ဆေးမှူးလေးများ သမီးငယ်လေးအား ထားခဲ့ပြီး ထွက်ခွာသွားမည်ကို စိုးရိမ်သည့် ပူပင်သောက၊ ပြီးလျှင် သမီးလေးအပေါ် ပူပင်သည့်သောက။
ကျနော်တို့စစ်ကြောင်းမှူးနှင့် တိုင်ပင်ပြီး ဆုံးဖြတ်လိုက်ကြ၏။ လူနာအား ထမ်းစင်နှင့်ထမ်း၍ စစ်ကြောင်းနှင့်အတူ ခေါ်သွားမည်။ ရွာအပြင် စိတ်ချရသည့် နေရာတွင် စစ်ကြောင်းနားပြီး လူနာအား ဆက်၍ကုသမှုပေးမည်။ ကျနော်တို့၏ အစီအစဉ်အား လူနာရှင်၏ မိခင်အား ပြောပြ၏။ လူနာရှင်မိခင်၏ မျက်ဝန်းအတွင်းမှ လျှပ်လက်သကဲ့သို့ ဖျတ်ကနဲ ဝင်းလဲ့သွားသည်ကို ကျနော် မြင်လိုက်မိ၏။
                                                         (ဃ)
တပါးသူများကဲ့သို့ပင်ကျနော့်တွင် မျက်ဝန်းတစ်စုံရှိ၏။ အမြင်အာရုံတွင် သာမာန်အားဖြင့် ကောင်းမွန်သည့် မျက်ဝန်းတစုံ။ ဤမျက်ဝန်းနှင့် ကျနော်သည် တပါးသူတို့၏ မျက်ဝန်းများအား ရှာဖွေ၍ ကြည့်ရှုပြီး စကားလုံးမရှိသည့် အကြောင်းအရာများအား အဓိပ္ပာယ်ဖော်နေမိခဲ့၏၊ ကျနော် မြင်မိ၏၊ ကျနော် တွေ့မိ၏၊ ကျနော် နားလည်ခဲ့မိသည်ဟု ထင်ခဲ့၏။
ဤသို့ပင် ကျနော့်မျက်ဝန်းအစုံနှင့် ဆုံတွေ့ခဲ့ကြရသည့် မျက်ဝန်းများသည်လည်း ကျနော့်မျက်ဝန်းအတွင်းမှ စကားလုံးမရှိသည့် မည်သည့်အကြောင်းအရာများအား အဓိပ္ပာယ်ဖော်ခဲ့ကြလေးသနည်း ကျနော် သိချင်နေမိ၏။

Geen opmerkingen: