မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 7 juni 2010

ကွမ်းခြံကုန်းဓားပြမှုKNUနှင့်ပတ်သက်ခြင်းမရှိဟုငြင်းဆို

သန်းထိုက်ဦး Monday,June07,2010
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ဒရယ်လူး ကျေးရွာတွင် ဓားပြတိုက်မှုနှင့် ဆက်စပ်၍ စွပ်စွဲ ဖမ်းဆီးခံရ သူများသည်ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်ဖွဲ့နှင့်ပတ်သက်ခြင်းမရှိကြောင်းKNUက ငြင်းဆိုလိုက်သည်။
ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ ပြည်ထဲရေး ၀န်ကြီးဌာန၊ ရဲချုပ်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ဓားပြတိုက်ခဲ့သောအဖွဲ့မှာKNUအဖွဲ့ဝင်ဟောင်းများ ဖြစ်သည်ဟု ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၏ စွပ်စွဲချက်ကို ယခုကဲ့သို့ ငြင်းဆို လိုက်ခြင်း ဖြစ်သည်။
KNUတွဲဖက်အတွင်းရေးမှူး(၁)ဗိုလ်မှူးဖဒိုစောလှငွေက“KNUအဖွဲ့ဝင်ဟောင်းသည်ဖြစ်စေ မဟောင်းသည်ဖြစ်စေ ရှင်းရှင်း ပြောရရင် ပါဝင်ပတ်သက်မှု မရှိတဲ့ လူတွေပဲလို့ ပြောလို့ရတယ်။ သူတို့ (KNU) အဟောင်းတုန်းကလည်း ကျနော်တို့နဲ့ ပတ်သက်တာမှ မဟုတ်တာ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရကKNUအဖွဲ့ဝင်ဟောင်းဟု သုံးခြင်းသည် တစုံတခု ဖြစ်ပွားခဲ့ပါက လိုအပ်လျှင်လိုအပ်သလို အသုံးချနိုင်ရန် အမည်တပ်ခြင်းသာ ဖြစ်ကြောင်း ဖဒို စောလှငွေက ဆိုသည်။
မသင်္ကာမှုဖြင့် အဖမ်းခံရသူများမှာ ဦးဆန်း၊ ဦးသောင်းလွင် (ခ) ဆေးလုံး၊ ဦးအေးလွင်နှင့် ဦးခင်းမောင်ဝင်း တို့ဖြစ်ကြောင်း သိရသည်။ မသင်္ကာသူ တဦးမှာမူ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရ သတင်းစာတွင် ရေးသားထားသည်။
ရဲချုပ် ခင်ရီက “ခင်မောင်ဝင်းနဲ့ လွတ်မြောက်နေတဲ့ အေးသန်းတို့ဟာKNUအကြမ်းဖက် သောင်းကျန်းသူ တပ်မဟာ (၁)လက်အောက်ခံ ဗိုလ်မောင်နီရဲ့ တပ်ခွဲက တပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်ပါတယ်”ဟု ပြောကြောင်း စစ်အစိုးရ သတင်းစာတွင် ရေးသား ဖော်ပြထားသည်။
ဖဒို စောလှငွေကမူ “ကျနော်တို့ အဖွဲ့အစည်းနဲ့ စပ်ဆက်ပြီး မရှိတော့တဲ့ လူတွေဟာ သူတို့ (စစ်အစိုးရ) နဲ့ပဲ ပတ်သက်တာ။ ဘာဖြစ်လို့ သူတို့နဲ့ ပတ်သက်တာလဲ ဆိုရင် သူတို့ မျက်စိအောက်မှာ သူတို့ရဲ့ မှတ်ပုံတင်နဲ့ နေနေတဲ့ လူတွေမို့လို့ပဲ” ဟု ဆိုသည်။
လွန်ခဲ့သည့် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ဒရယ်လူးရွာနေ ဒေါ်သိန်းမြင့် အိမ်၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ ပြန်လည်ခုခံသောကြောင့် ရွာသား ၃ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကာ ကျပ်ငွေ ၁၃ သိန်းနှင့် ရွှေလက်စွပ် တကွင်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မသင်္ကာမှုဖြင့် ဖမ်းဆီးခံခဲ့ရသော ဦးဆန်းက ဓားပြတိုက်မှုတွင် ပါဝင်ခဲ့သည်ဟု ထွက်ဆိုခဲ့ပြီးနောက် ဆက်စပ် ပါဝင်သူများကို လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အဖမ်းခံရသူများထဲမှ တချို့သည် ၁၉၉၀ ပြည့်နှစ်အတွင်း အလင်းဝင်ခဲ့ကြသူများနှင့် ယခင်က ဓားပြတိုက်မှုဖြင့် ထောင်ကျဖူးသူများ ဖြစ်ကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
ထို့ပြင်မေလ၆ ရက်နေ့ကပဲခူးတိုင်းရွှေကျင်မြို့နယ်တွင်ကားအတွင်း ဝှက်၍ သယ်ယူလာသော လက်နက်များ ဖမ်းမိသည့် ကိစ္စတွင်လည်းKNUနှင့်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကိုလည်း ရဲချုပ် ခင်ရီက ထည့်သွင်း စွပ်စွဲထားသေးသည်။
ကားအတွင်းဝှက်၍လက်နက်မျိုးစုံ၇လက်နှင့်ကျည်ဆန်ကဲ့သို့သောဆက်စပ်ပစ္စည်း၁၂မျိုးကို ဖမ်းဆီးရမိသည်ဟု ရဲချုပ် ခင်ရီက ပြောသွားသည်။
စစ်အစိုးရသည် မြန်မာပြည်အတွင်း၌ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အခါတိုင်း နယ်စပ် အခြေစိုက် လက် နက်ကိုင်တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲလေ့ရှိသည်။
ပြီးခဲ့သည့် သင်္ကြန် ကာလအတွင်း ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှု၌ ပြည်ပအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD -LA) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ကို စစ်အစိုးရက စွပ်စွဲခဲ့သည်။
စစ်အစိုးရက မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည့် တခြားသော မှုခင်း တချို့ကို စုံစမ်း ဖော်ထုတ်နိုင်ခဲ့သည် ဆိုသော်လည်း ၂၀၀၈ ခုနှစ် မတ်လအတွင်း၌ ဖြစ်ပွားခဲ့သော စိမ်းလဲ့ကန်သာလမ်းရှိ နေအိမ်တခုတွင် ငါးလောင်းပြိုင် လူသတ်မှုကို ယနေ့အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
သတင်းစာရှင်းလင်းပွဲတွင် ငါးလောင်းပြိုင် သေဆုံးမှုနှင့် ပတ်သက်၍ ရဲချုပ်ခင်ရီက စုံစမ်းနေဆဲ ဖြစ်သည်ဟုသာ ဖြေကြားကြောင်း တက်ရောက်ခဲ့သည့် ပြည်တွင်း စာနယ်ဇင်းသမား တဦးက ပြောသည်။

Geen opmerkingen: