မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 14 juni 2010

အဏုမြူသင်္ချိုင်းတူးနေသူများ

NEJ / ၁၄ ဇွန် ၂၀၁၀
မတရားလုပ်သူသည် အမြဲတမ်းတွေးကြောက်နေတတ်၏။ မှန်ကန်ရိုးသားစွာလုပ်သူသည် မည်သူကိုမျှ ကြောက်စရာမလိုပါ။ လက်နက်အားကိုး၍ အာဏာယူထားသော မြန်မာစစ်အစိုးရများသည်လည်း နိုင်ငံခြားမှ ၀င်ရောက်စွက်ဖက်မည်ကို တွေးကြောက်၏။ ပြည်တွင်း၌ ယုတ်မာရက်စက်လေလေ ပြည်ပကို ကြောက်လေလေဖြစ်သည်။နိုင်ငံခြားမှဝင်ရောက်တိုက်ခိုက်သဖြင့်မြန်မာမင်းများပျက်စီးရသည့် သာဓကများကိုလည်းတပ်ချုပ်ကြီးသန်းရွှေကသတိရနေပုံရသည်။ထို့ကြောင့်၁၉၈၈၌အရပ်သားများကို ထောင်ချီသတ်ဖြတ်၍အာဏာလုယူစဉ်ကတည်းကစစ်အင်အားဖြည့်တင်းလာခဲ့သည်မှာ ယနေ့အထိပင်ဖြစ်သည်။စစ်အင်အားတောင့်တင်းပါကပြည်တွင်း၌ဗိုလ်ကျနိုင်ပြီးအဏုမြူလက်နက် ရှိပါကပြည်ပရန်ကိုဟန့်တားနိုင်သည်ဟုတပ်ချုပ်ကြီးကတွက်ထားပုံရသည်။နိုင်ငံခြားဝင်ရောက်စွက်ဖက်မည်ကို အကြောက်လွန်၍နာဂစ်ရေဘေးတွင်အမေရိကန်ရေတပ်အကူအညီကို လုံးဝငြင်းပယ်လိုက်ခြင်းဖြစ်၏။တပ်ချုပ်ကြီးသည်ကောက်ရိုးပုံစောင့်သည့်ခွေးကြီးပမာ အကူအညီလာပေးသူများကိုဟောင်လွှတ်၏။သို့သော်လည်းမြန်မာပြည်သူပြည်သားများကို စာနာထောက်ထားသည့်အနေဖြင့်နိုင်ငံခြားအဖွဲ့အစည်းများသည်အကိုက်ခံအဟောင်ခံ၍ ကူညီထောက်ပံ့နေသည်။
ကြပ်ပြေးနေပြည်တော်သို့ပြောင်းရွှေ့ပြီးနန်းစံရသည့်အကြောင်းရင်းများတွင်နိုင်ငံခြားရန်နှင့်ကင်းဝေးရေးဟူသောအချက်လည်းပါဝင်သည်။တပ်ချုပ်ကြီးကြပ်ပြေးသန်းရွှေ၌ အဏုမြူလက်နက်ကိုင်ဆောင်ချင်နေသောရောဂါ စွဲကပ်နေသည်မှာ ကြာပြီဖြစ်၏။ သို့သော်လည်း ငွေကြေးမတတ်နိုင်၍လည်းကောင်း၊ သို့မဟုတ် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက စစ်ဆေးမည်ကို လက်မခံလို၍လည်းကောင်း၊မိမိဖာသာကျိတ်ကြံနေသည်ကိုဗိုလ်မှူးစိုင်းသိန်းဝင်းကဖွင့်ချလိုက်သဖြင့် တကမ္ဘာလုံးသိကုန်၏။ဤကိစ္စတွင်မြောက်ကိုရီးယားပါဝင်ပတ်သက်နေသဖြင့် အမေရိကန်ဆီးနိတ်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် ကြပ်ပြေးသို့သွားပါက နာမည်ပျက်နိုင်သဖြင့် မြန်မာပြည်ခရီးကို ရွှေ့ဆိုင်းလိုက်ရ၏။ ခိုးစားနေတုန်း လူသိသွားသည့်အတွက် မဟုတ်မမှန်ရကြောင်း နအဖက အကြောက်အကန်ငြင်းသည်။
နအဖစစ်တပ်သည် အမိန့်နာခံရေးကိုသာ အဓိကထား၍ လုပ်ဆောင်သောအဖွဲ့အစည်းဖြစ်၏။ ဖြစ်နိုင်သည် မဖြစ်နိုင်သည်၊ ယုတ္တိရှိသည် မရှိသည်၊ သိပ္ပံနည်းကျသည် မကျသည်ကို လုံးဝဂရုမစိုက်ပါ။ ထို့ကြောင့် မြောက်ကိုရီးယားနှင့်ပူးတွဲလုပ်ကိုင်ရန်ကြံစည်ခြင်းဖြစ်သည်။ငတ်၍သေဆုံးသူ နှစ်သန်းကျော်နေသော်လည်းကင်ဂျုံအီးသည်အဏုမြူလက်နက်ထုတ်လုပ်ရေးကို မျက်ခြည်မပြတ်အားပေးသည်။ မြောက်ကိုရီးယားသည် ဒုံးပျံအတတ်ကို ရုရှထံမှရ၍ အဏုမြူဗုံးလုပ်နည်းကို ပါကစ္စတန် အဏုမြူလက်နက်ပညာရှင်AbdulQadeerKhanဆီက ၀ယ်ယူကြောင်း သိရ၏။ AbdulQadeer Khanကအဏုမြူအတတ်ပညာမြောက်ကိုရီးယားကိုတိတ်တဆိတ်ရောင်းစားခဲ့ကြောင်း၂၀၀၄၌၀န်ခံထား၏။
၁၉၉၈ တွင် ဂျပန်ကိုကျော်ဖြတ်၍ ပစိဖိတ်သမုဒ္ဒရာထဲသို့ ဒုံးပျံစမ်းသပ်ပစ်ခတ်သည်။ ၂၀၀၅ တွင် အဏုမြူလက်နက်ရှိကြောင်း ကြေညာ၍ စီးပွားရေးအကူအညီနှင့် လုံခြုံရေးအာမခံချက်ပေးလျှင် စွန့်လွှတ်မည်ဟု ကြေညာသည်။ ၁၉၉၈ ၌ ပါကစ္စတန်နှင့်အိန္ဒိယ အဏုမြူစမ်းသပ်ဖောက်ခွဲစဉ်က အရေးယူခြင်းမရှိခဲ့သည်ကို ကင်ဂျုံအီးသိသည်။ ဤသာဓကကိုကြည့်၍ အဏုမြူလက်နက်ထုတ်သူကို မည်သူမျှ ထိထိရောက်ရောက် အရေးယူမည်မဟုတ်ဟု တွက်ထားနိုင်သည်။ အခုလည်း ကင်ဂျုံအီး၏ တွက်ကိန်းအတိုင်းပင်ဖြစ်နေပုံရသည်။ အဏုမြူဗုံးစမ်းသပ်ဖောက်ခွဲမည်ဟု ကြိုတင်ကြေညာသူမှာ ကမ္ဘာပေါ်၌ ကင်ဂျုံအီးတဦးသာရှိသည်။ အုန်းသီးရထားသော မျောက်နှင့်တူနေ၏။
ကြိုတင်ကြော်ငြာသည့်အတိုင်း၂၀၀၆အောက်တိုဘာ(၉)ရက်နေ့တွင်အဏုမြူဗုံးအသေးစားကို မြောက်ကိုရီးယားကစမ်းသပ်ဖောက်ခွဲသည်။အောက်တိုဘာ(၁၄)ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကဆုံးဖြတ်ချက်(၁၇၁၈)ကိုချမှတ်၍ကင်ဂျုံအီးအစိုးရကို ဒဏ်ခတ်အရေးယူသည်။လိုက်နာပါက(၁၇၁၈)ကိုရုပ်သိမ်းမည်ဟုဆိုသည်။လက်နက်ကြီးများ၊ဒုံးစနစ်၊ တိုက်လေယာဉ်၊ တိုက်သင်္ဘောနှင့် သက်ဆိုင်ရာ အပိုပစ္စည်းအပါအ၀င် မြောက်ကိုရီးယားနှင့် အရောင်းအ၀ယ်မပြုရဟု(၁၇၁၈)ကဆို၏။မြောက်ကိုရီးယားနှင့်ပတ်သက်သော သင်္ဘောများကို ရှာဖွေရမည်ဟုဖော်ပြ၏။ အဏုမြူဗုံးဖောက်ပြသောမြောက်ကိုရီးယားခေါင်းဆောင်ကြီးကင်ဂျုံအီးကိုတပ်ချုပ်ကြီး သန်းရွှေနှင့်တပည့်များ အထင်ကြီးသွားပုံရ၏။
မြောက်ကိုရီးယားနှင့် လက်နက်မရောင်းဝယ်ရန် ကုလသမဂ္ဂက ပိတ်ပင်ထားသော်လည်း ၂၀၀၈ နိုဝင်ဘာလနှောင်းပိုင်း၌ သူရရွှေမန်းခေါင်းဆောင်သော နအဖစစ်မစ်ရှင် ပြုံယမ်းသို့ လျှို့ဝှက်သွားရောက်၍ စစ်လက်နက်ပစ္စည်းဝယ်ယူ၏။(၁၇၁၈)က ပိတ်ပင်ထားသော စစ်ပစ္စည်းအားလုံး နအဖအဖွဲ့ကလိုချင်၏။ မြောက်ကိုရီးယားဒုံးကျည်အမျိုးအစားကိုနအဖအဖွဲ့ကစိတ်ဝင်စားသည်၊ရှိသင့်သော မဟာဗျူဟာဒုံးလက်နက်ဟူ၏။ အပယ်ခံမြန်မာစစ်အုပ်စုသည် မြောက်ကိုရီးယားနှင့် ပါကစ္စတန်ကို အားကျနိုင်သည်။ စီးပွားပျက်နေသော မြောက်ကိုရီးယားသည် အဏုမြူအတတ်ပညာကို ဈေးပေါပေါနဲ့ ရောင်းစားနိုင်၏။ ဒုံးပျံအတတ်ပညာရောင်းစားရာ၌ နာမည်ကြီးသော မြောက်ကိုရီးယားသည် အဏုမြူပစ္စည်းကို ရောင်းစားရန် ၀န်လေးမည်မဟုတ်ပါ။
အဏုမြူလက်နက်ကိုင်ဆောင်ထားသောအစိုးရကိုထိုးစစ်ဆင်ရန်ခက်ခဲသည်ဟု ယူဆကြ၏။ သို့သော်လည်း တကယ်တမ်း အန္တရာယ်ပေးမည်ဟုအင်အားကြီးနိုင်ငံကယူဆပါက ၀င်ရောက်တိုက်ခိုက်သည်ကို အီရတ်က သတ်သေပြနေ၏။အာဏာရှင်ဆာဒမ်ဟူစိန်သည်အဏုမြူလက်နက်ရှိဟန်ဆောင်ပါကပြည်ပရန်ကို ဟန့်တားနိုင်မည်ဟုထင်သည်။သို့သော်အမေရိကန်ကိုမဟန့်တားနိုင်ပါ။ အဏုမြူလက်နက်ကိုင်ဆောင်ခြင်းသည်အာဏာတည်မြဲရေးအတွက်အန္တရာယ်ရှိပြီး မကိုင်ဆေင်ပါက အာဏာတည်မြဲရေးအတွက် အန္တရာယ်ကင်းသည်ကို အီရတ်က သက်သေပြသည်။ အီရတ်၌ အဏုမြူလက်နက်ရှိမရှိအသေအချာမသိဘဲ အမေရိကန်က ထိုးစစ်ဆင်ခြင်းဖြစ်သည်။ အဏုမြူလက်နက်ကို အမေရိကန်ကစတင်သုံးစွဲမည်မဟုတ်ပါ။သို့သော်အီရတ်ကစတင်သုံးစွဲပါကအမေရိကန်က လက်တုံ့ပြန်မည်မှာ သေချာ၏။ အင်အားကြီးနိုင်ငံကို အဏုမြူလက်နက်ဖြင့် မဟန့်တားနိုင်ကြောင်း ပြသခြင်းဖြစ်၏။
ကြပ်ပြေးသန်းရွှေနှင့်ကင်ဂျုံအီးတို့၏။ အဏုမြူလက်နက်ရောဂါသည် တိုင်းပြည်ပျက်စီးစေမည့် ရောဂါဆိုးဖြစ်၏။ ဖားကိုတု၍ လိုက်ခုံနေသော ခရုများပင်ဖြစ်၏။ ကမ္ဘာ့ာယဉ်ကျေးမှုကို အနောက်တိုင်းက လွှမ်းမိုးနေသည်မှာ ကြာပြီဖြစ်၏။ အနောက်တိုင်းကို ကဏ္ဍကောစလုပ်၍ အဏုမြူဗုံးဒဏ်ခံရသူမှာ ဖက်ဆစ်ဂျပန်ဖြစ်သည်။ စစ်ဝါဒီကြီးစိုးသော ဂျပန်သည် အနောက်တိုင်းဓလေ့ထုံးစံကို နားမလည်သဖြင့် အဏုမြူဗုံးဒဏ် ခံလိုက်ရခြင်းပင်ဖြစ်သည်။ အမေရိကန်သမ္မတသည် အဏုမြူလက်နက်ကို သုံးခွင့်ရှိသူဖြစ်သည်။ အမေရိကန်၏ အကျိုးစီးပွားကို အန္တရာယ်ပေးလာပါက ယင်းအန္တရာယ်ကို အဏုမြူလက်နက်ဖြင့် ဖယ်ရှားနိုင်သူပင်ဖြစ်၏။
အဏုမြူလက်နက်အရေအတွက် လျော့ချနေသည့်တိုင်အောင် အမေရိကန်ကို အဏုမြူလက်နက်ဖြင့် အနိုင်ယူရန်မှာ မဖြစ်နိုင်သော အရာဖြစ်သည်ဟု ကျွမ်းကျင်သူများ ယူဆကြ၏။ အမေရိကန်သည် အဏုမြူဗုံးသယ်ဆောင်သော တိုက်ချင်းပစ်ဒုံပျံများကို ရေငုတ်သင်္ဘော (၁၄) စီးတွင် တပ်ဆင်ထား၏။ ဒုံးပျံ (၂၄)ခုတင်ထားသောရေငုပ်သင်္ဘောတစီးသည်မြောက်ကိုရီးယားနိုင်ငံကွယ်ပျောက်သွားအောင် လုပ်နိုင်၏။ အမေရိကန်ရေငုပ်သင်္ဘောများတွင် တတ်ဆင်ထားသော အဏုမြူလက်နက်အင်အားမှာ ဟီရိုရှီးမား၌ အသုံးပြုသော အဏုမြူအလုံးပေါင်း(၁,၅၃၆)ခန့်နှင့်ညီမျှသည်ဟုသိရသည်။သို့သော်လည်း အဏုမြူလက်နက်မရှိသူကိုအမေရိကန်သည်အဏုမြူလက်နက်ဖြင့်တိုက်ခိုက်မည်မဟုတ်ဟု အိုဘားမားအစိုးရကကြေညာပြီးဖြစ်၏။သို့သော်လည်းအမေရိကန်သမ္မတများ၏။ အပြုအမူအယူအဆများသည် တဦးနှင့်တဦး မတူကြပါ။
မြောက်နှင့်တောင်ကိုရီးယား ၁၉၅၀ ၌ စစ်ဖြစ်သောအခါ တရုတ်သည် မြောက်ကိုရီးယားဘက်မှကူ၏။ အမေရိကန်ဗိုလ်ချုပ်ကြီးမက်အာသာကတရုတ်ကိုအဏုမြူလက်နက်ဖြင့်တိုက်ခိုက်လိုသော်လည်း အမေရိကန်သမ္မတ ထရူးမင်းက သဘောမတူပါ။ သို့သော်လည်းစစ်မရပ်ပါက အဏုမြူလက်နက်သုံးမည်ဟု သမ္မတအိုက်စင်ဟာဝါကတရုတ်ကို ခြိမ်းခြောက်သဖြင့်၁၉၅၃ ၌စစ်ရပ်စဲနိုင်ခဲ့၏။စစ်မရပ်စဲပါက အဏုမြူဗုံးဒဏ် တရုတ်ခံရမည်မှာ သေချာသလောက်ပင်ဖြစ်သည်။
အမေရိကန်သမ္မတ၌တိုင်းပြည်တပြည်ကိုဖျက်ဆီးနိုင်သည့်အာဏာရှိသည်။ခေါင်းဆောင်နဲ့ အခြေအနေပေါ်တွင်မူတည်၍ နိုင်ငံခြားရေးလမ်းစဉ်သည် ပြောင်းလဲနေသည်။ လူပြောမသန်၊ လူသန်မပြောဆိုသည်မှာမြောက်ကိုရီးယားနှင့်အမေရိကန်ဖြစ်သည်။ကလင်တန်၊ဘုရှ်၊အိုဘားမား စသဖြင့်ခေါင်းဆောင်များကအမျိုးမျိုးဆက်ဆံနေသဖြင့်မြောက်ကိုရီးယား လူလည်လုပ်နေခြင်းဖြစ်ပုံရသည်။ အဏုမြူလက်နက်သုံးမည်ဆိုပါက မြောက်ကိုရီးယားသည် အကောင်းဆုံးအခွင့်အလမ်းဖြစ်နေ၏။ သမ္မတဘုရှ်လက်ထက်က ပေါက်ကြားသည်ဆိုသောလျှို့ဝှက်Pentagonစာတမ်းတွင် အဏုမြူလက်နက် သုံးနိုင်မည့် အလားအလာကို ဖော်ပြကြောင်း သိရ၏။
ထို့ကြောင့်အဏုမြူလက်နက်ဖြင့်မိမိကိုယ်မိမိကာကွယ်ချင်သောအာဏာရှင်များသည်မိမိတို့၏ အဏုမြူသင်္ချိုင်းကို မိမိဖာသာ တူးသကဲ့သို့ဖြစ်နေ၏။

Geen opmerkingen: