မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 11 juni 2010

•မြန်မာယာယီပတ်စပို့စ်ကိုင်သူများပြည်ပြန်ဝင်ခွင့်တရားဝင်လုပ်ရမည်

မြတ်ခိုင်ဦး/၁၁ဇွန်၂၀၁၀
ယာယီပတ်စပို့စ်ကိုင်မြန်မာရွှေ့ပြောင်းအလုပ်သမားများမြန်မာပြည်သို့ပြန်လျှင်ယခင်ကကဲ့သို့ တိတ်တဆိတ်ပြန်၍မရတော့ဘဲတရားဝင်ပြည်ပြန်ဝင်ခွင့်အသိအမှတ်ပြုတံဆိပ်တုံးထု၍ သွားလာရတော့မည်ဖြစ်သည်။
ယခင်ကာလကမိမိတို့၏သာရေးနာရေးကိစ္စများအတွက်မြန်မာပြည်သို့ပြန်လျှင်တိတ်တဆိတ် ပြန်နေကြသော ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှသတိထားမိလာ၍ တရားဝင်သွားလာရမည်ဖြစ်သောပြည်ပြန်ဝင်ခွင့်(re-entry)တံဆိပ်တုံးထု၍သာ သွားလာရတော့မည်ဖြစ်သည်။
ပြီးခဲ့သည့်တနင်္လာနေ့မနက်၌မဲဆောက်မြို့အဝင်တောင်ပေါ်ရှိရဲနှင့်လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်တွင်အများပြည်သူသုံးခရီးသည်တင်ကားကြီးပေါ်တွင်ပါလာသူယာယီပတ်စ်ပို့ကိုင်သူ မြန်မာ(၄)ဦးအားလူဝင်မှုကြီးကြပ်ရေးသို့ပို့ဆောင်ခဲ့ပြီးတရားဝင်ပြည်ဝင်၊ပြည်ထွက်တံဆိပ်တုံး ထုခဲ့ရသည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သူ မချောစုက ပြောသည်။
၎င်းက“ကျမနဲ့အတူကားပေါ်မှာပါလာတဲ့ပတ်စပို့စ်ကိုင်တဲ့သူ(၄)ယောက်ကိုခေါ်ချသွားတယ်။ပြီးတော့ တောမောရုံးကိုသူတို့ကားနဲ့ခေါ်သွားတယ်။အဲဒီမှာတုံးထုပြီးဘတ်(၁,၀၀၀)ပေးရတယ်၊မဲဆောက်ကို သွားတာပါလို့ပြောရင် ဟိုကလူကို လာခေါ်ခိုင်းလို့ ပြောတယ်” ဟု ဆိုသည်။
ယခုအခါထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနနှင့်နီးစပ်သောကားစီးသူတို့ပင်လျှင်လူဝင်မှုကြီကြပ်ရေးရုံးသို့ တိုက်ရိုက်သွားရကာ တုံးထုရကြောင်း သိရသည်။
ခရီးသည်တင်ကားငယ်ဖြင့်သွားခဲ့သူမသူဇာက“ကျမတို့ကိုဖုန်းနံပါတ်ပေးထားတာရှိတယ်။အကယ်၍ ဘန်ကောက်ကနေသွားမယ်ဆိုရင်တဦးကိုဘတ်(၅၀၀)ပေးရတယ်အိမ်တိုင်ရာရောက်လာခေါ်တယ်။ အဲဒီဂိတ်ရောက်ရင် ရဲကပြောတယ်။ဒီကားကတောမောရုံးကိုပဲတိုက်ရိုက်သွားရမယ်နော်လို့ပြောတယ်” ဟုဆိုသည်။
ယခုအခါတွင်မြန်မာအလုပ်သမားများဝင်ထွက်သွားလာမှုများ၍ယခင်ကကဲ့သို့သာမာန်ခရီးသည်တင် လိုင်းကားများတင်မကဘဲဘန်ကောက်နှင့်မဲဆောက်ကားအငယ်များဖြင့်ပြေးဆွဲနေမှုများလည်း ရှိနေပြီဖြစ်သည်။
သို့အတွက်မဲဆောက်ဒေသသို့သွားလာရန်ရှိသောအလုပ်သမားများအတွက် အဆင်ပြေချောမွေ့နိုင်သော်လည်းထိုသို့အတင်းအကျပ်တုံးထုခိုင်းမည်ဆိုပါကထိခိုက်နစ်နာမည်ဟု အလုပ်သမားများက ပြောဆိုနေကြသည်။
နှစ်နိုင်ငံသဘောတူညီချက်များအရ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့် ရရှိရမည်ဖြစ်သည်။
တရားဝင်ထုတ်ပြန်ထားသောဥပဒေအရယာယီပတ်စပို့စ်ကိုင်ဆောင်ထားသူများသည်လည်း တိုင်းပြည်ဖြတ်ကျော်သွားလာမည်ဆိုပါကဤသို့တရားဝင်ပြည်ဝင်၊ပြည်ထွက်တံဆိပ်တုံး ထုရမည်သာဖြစ်ပြီး၊ ထိုအခကြေးငွေမှာ အခြားကမ္ဘာပတ်ပတ်စပို့စ်ကိုင်ဆောင်ထားသူများကဲ့သို့ဘတ်ငွေ(၁,၀၀၀)ကို တိုင်းပြည်အတွင်းပြန်လည်ဝင်ရောက်ခွင့်အဖြစ်ပေးသွင်းကြရမည်ဖြစ်ကြောင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်း ကြေညာကတည်းကပင် ပါရှိပြီးဖြစ်သည်။
(၂)နှစ်ဗီဇာရရှိထားသော သက်တမ်းအတွင်း အချိန်မရွေး ဝင်ထွက်သွားလာလိုပါက ဘတ်ငွေ (၃,၈၀၀) ကို လူဝင်မှု ကြီးကြပ်ရေးဌာနသို့ အပြီးပြတ်ပေးသွင်း၍ ရသည်။ ဤသည်မှာ (multiple re-entry) ဟုခေါ်သည့် ဗီဇာသက်တမ်း ရှိကာလအတောအတွင်း အကြိမ်ရေ မည်မျှဖြစ်စေ ပြည်ဝင်၊ ပြည်ထွက်သွားလာခွင့်ကို ဆိုလိုသည်။
ဆက်လက်သိရှိရသည်မှာ မြန်မာပြည်ဘက်အခြမ်းသို့ဝင်လျှင် အဝင်နှင့်အထွက် တိုင်းအတွက် မြန်မာငွေ (၃၀၀)ကျပ်စီကိုပြည်ဝင်၊ပြည်ထွက်ကြေးအဖြစ်ပေးဆောင်ရပြီး၊ယာယီပတ်စပို့စ်အားထိုရုံး၌ အပ်နှံထားရှိရကာမိမိမှတ်ပုံတင်ဖြင့်ဆက်လက်သွားလာရသည်ဟုသိရသည်။သို့သော် မြန်မာစစ်ဆေးရေးဂိတ်များမှ အမေးအမြန်းထူမှုနှင့် လာဘ်စားမှုများကို ရှောင်ကြဉ်ချင်၍ မိမိအစီအစဉ်ဖြင့် သွားလာသူများလည်း ရှိကြသည်။

Geen opmerkingen: