မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 24 september 2010

နျူကလီးယား လက်နက် မထုတ်ဟု စစ်အစိုးရ အခိုင်အမာ ငြင်း

သန်းထိုက်ဦး Friday, September 24, 2010
.မြန်မာ စစ်အစိုးရအပေါ် စွပ်စွဲထားသော နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး စွပ်စွဲချက်များနှင့် ပတ်သက်၍ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ဆိုင်ရာ မြန်မာ ကိုယ်စားလှယ် သံအမတ်ကြီး ဦးတင်ဝင်းက အခိုင်အမာ ငြင်းဆိုလိုက်သည်။
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ယမန်နေ့က ကျင်းပခဲ့သော ၅၄ ကြိမ်မြောက် ကုလသမဂ္ဂ IAEA အထွေထွေ ညီလာခံတွင် “မြန်မာအစိုးရက နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ နိုင်ငံတကာ မီဒီယာတွေက စွပ်စွဲရေးသားတာ အခြေအမြစ်မရှိပါ” ဟု ဦးတင်ဝင်းကပြောကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
မြန်မာနိုင်ငံတွင် နျူကလီးယားသိပ္ပံနှင့် နည်းပညာ တိုးတက်စေရန် ကြိုးပမ်းနေခြင်းမှာ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုရန်သာ ဖြစ်ကြောင်း၊ နျူကလီးယားလက်နက် ပြန့်ပွားရေး၊ ထုတ်လုပ်ရေးကိစ္စများနှင့် ပတ်သက်မှုများတွင် မြန်မာနိုင်ငံက မည့်သည့်အခါမှ ပါဝင်မည်မဟုတ်ကြောင်း ဦးတင်ဝင်းက ပြောသည်ဟု သိရသည်။
စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းနှင့် ဥမင်လိုဏ်ခေါင်းဆိုင်ရာ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို ဗိုလ်မှူး စိုင်းသိန်းဝင်းက ယူဆောင်၍ ပြီးခဲ့သည့် ၂၀၁၀ ဖေဖော်ဝါရီလတွင် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သည်။
အဆိုပါ စာရွက်စာတမ်းများကို အခြေခံ၍ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)နှင့် အယ်လ်ဂျာဇီးရား သတင်းဌာနတို့က စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက်ကို ထုတ်လွှင့်ခဲ့သည်။
နျူကလီးယား စီမံကိန်း အထောက်အထားများကြောင့် စစ်အစိုးရ၏ လျှို့ဝှက်အစီအစဉ်များကို နိုင်ငံတကာမှ စောင့်ကြည့် လေ့လာမှုများ တိုးမြင့်လာပြီး ဒေသတွင်းနိုင်ငံများကလည်း လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်လာကြသည်။
ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာသည့် စာရွက်စာတမ်းနှင့် အထောက်အထားများကို သုံးသပ်ရေးသားထားသည့် စာမျက်နှာ ၂၀ ကျော်ရှိသော“မြန်မာနိုင်ငံ နျူကလီးယားဆိုင်ရာ လူပ်ရှားမှုများ” စာတမ်းတွင် အထောက်အထား အချက်အလက်၊ ဓာတ်ပုံ၊ မြေပုံများဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။
ယင်း စီမံကိန်းများကို မြောက်ကိုရီးယားအစိုးရ၏ အကူအညီဖြင့် စစ်အစိုးရက အကောင်အထည် ဖော်နေသည်ဟုလည်း သုံးသပ်ကြသည်။
၂၀၀၂ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာစစ်အစိုးရက “ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချရေးအတွက်" အဏုမြူ သုတေသန ဓာတ်ပေါင်းဖိုတခု တည်ဆောက်ရန် အစီအစဉ်ကို အတည်ပြုပြောဆိုခဲ့သည်။
ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဦးခင်မောင်ဝင်းက “မြန်မာနိုင်ငံ၏ အဏုမြူစွမ်းအင်အပေါ် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် စိတ်ဝင်စားမှုမှာ ကာလကြာရှည်ကတည်းက ရှိနေခဲ့သည်”ဟု ထုတ်ဖော်ပြောဆိုသည်။
အဏုမြူစွမ်းအင် ဦးစီးဌာနကို ၁၉၉၇ အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ လက်အောက်တွင် ထားရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံသည် နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ် (NPT)အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်ပြီး ယင်းစာချုပ်ကို ၁၉၉၅ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးထားသည်။
လွန်ခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ထုတ် အစိုးရသတင်းစာတွင်လည်း နျူကလီးယားဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက် မည်ဆိုပါက IAEA ကို အသိပေးမည်ဟု ဦးတင်ဝင်းက ပြောကြားခဲ့သည်။
စစ်အစိုးရကမူ မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် နှစ်ပေါင်း ၂၀ ကျော်ကြာ သံတမန် ဆက်ဆံရေး ပြတ်တောက်ခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမူဝါဒကြောင့် မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း အစိုးရပိုင် သတင်းစာများမှတဆင့် ရေးသားဖော်ပြခဲ့သည်။

Geen opmerkingen: