မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 28 september 2010

မြန်မာ့အရေး အလေးထားရန် အိန္ဒိယကို တိုက်တွန်း

ဇာနည်မာန် Tuesday, September 28, 2010
.မြန်မာ့ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အိမ်နီးချင်း အိန္ဒိယနိုင်ငံအနေဖြင့် မှန်ကန်သော တုံ့ပြန် တိုက်တွန်းမှုများ ပြုလုပ်သင့်ကြောင်း အိန္ဒိယရှိ မြန်မာ့အရေး လှုပ်ရှားသူများက ပြောဆိုလိုက်သည်။
ချက်သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ မြန်မာ့အရေး လှုပ်ရှားသူများ၊ အိန္ဒိယရောက် မြန်မာဒုက္ခသည်များအရေး လုပ်ဆောင်နေသောသူများ ပါဝင်သည့် နယူးဒေလီမြို့မှ မြန်မာ့အရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အိမ်နီးချင်း နိုင်ငံတခုအနေဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးကို အလေးထားသင့်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

                      နယူးဒေလီမြို့တွင်ကျင်းပသောမြန်မာ့အရေးအလုပ်ရုံဆွေးနွေးပွဲ(ဓာတ်ပုံ - ဧရာဝတီ)
“အိန္ဒိယ အစိုးရအနေနဲ့ ပြည်တွင်းရေး ပြဿနာတွေ အများကြီး ဖြေရှင်းနေရတာကို နားလည်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်အိမ်နီးချင်းနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် မှန်ကန်တဲ့ တုံ့ပြန်မှုတွေ ပေးဖို့၊ ကူညီဖို့ ပြောချင်ပါတယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ၊ ပြန်ကြားရေး ၀န်ကြီး ဒေါက်တာ တင့်ဆွေက ဆွေးနွေးပွဲတွင် ပြောသည်။
စစ်အစိုးရက လာမည့် နိုဝင်ဘာတွင် ပြုလုပ်ပေးမည့် ရွေးကောက်ပွဲတွင် ပါဝင်ခြင်း၊ ရွေးကောက်ပွဲကို ထောက်ခံအားပေးခြင်း၊ ရွေးကောက်ပွဲအပြီးတွင် ဒီမိုကရေစီနည်းလမ်းကျသော အစိုးရ ပေါ်ထွက်လာမည်ဟု မျှော်မှန်းခြင်းတို့သည် မှားယွင်းသော အမြင်များဖြစ်ကြောင်း ဒေါက်တာ တင့်ဆွေက ထောက်ပြသည်။
ဒေါက်တာ တင့်ဆွေက ဆက်လက်၍ “အိန္ဒိယ အစိုးရနဲ့ ပြည်သူလူထုကို ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မှန်မှန်ကန်ကန် သိအောင် ပြောချင်တာပါ။ တရုတ်နိုင်ငံကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထား မပြောင်းလဲဘူးလို့ ပြောလိုက်တော့ အိန္ဒိယအနေနဲ့ကရော ဘယ်လိုတုံ့ပြန်မလဲ။ မှန်မှန်ကန်ကန် တုံ့ပြန်ဖို့လိုတယ်” ဟု ပြောသည်။
ဆွေးနွေးပွဲတွင် ချက်သမ္မတနိုင်ငံမှ မြန်မာ့အရေး လှုပ်ရှားသူများနှင့် သတင်းထောက်များ၊ အိန္ဒိယနိုင်ငံ အာသံပြည်နယ် သတင်းထောက်များသမဂ္ဂမှ NavaThakuria၊ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေ၊ အိန္ဒိယအခြေစိုက် မဇ္ဈိမသတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်၊ ခေါနုသုမ် သတင်းဌာနမှ Sangte၊ အိန္ဒိယရောက် ချင်းအမျိုးသား ဒုက္ခသည်များအဖွဲ့မှ Romawiတို့က အိန္ဒိယ-မြန်မာ ဆက်ဆံရေး အခြေအနေများ၊ အိန္ဒိယရောက် မြန်မာဒုက္ခသည်များ၏ အခြေအနေများ၊ ရွေးကောက်ပွဲ အခြေအနေနှင့် သတင်းဌာနများ၏ ကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။
အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒအရ အာဆီယံနိုင်ငံများနှင့် စီးပွားကူးသန်းမှု တိုးတက်ရေးအတွက် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး စသည်တို့ကို ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုနှင့် မြန်မာပြည်သူများ၏ အကျိုးအတွက် အလေးထားမှုကို မတွေ့ရကြောင်း ဆွေးနွေးသူများက ဝေဖန်သည်။
အိန္ဒိယ အစိုးရအနေဖြင့် အာဆီယံနိုင်ငံများ၏ မြန်မာ့ရွေးကောက်ပွဲအပေါ် သဘောထားများကို စောင့်ကြည့်နေဟန်ရှိပြီး အာဆီယံ၏ သဘောထားအတိုင်းသာ ရှိလိမ့်မည်ဟု ObserverResearch Foundation (ORF) အဖွဲ့မှ အိန္ဒိယ-မြန်မာ ဆက်ဆံရေး လေ့လာသူ Mr. K. Yhome က ဆိုသည်။
၎င်းက “အိန္ဒိယ အစိုးရအနေနဲ့ကတော့ မြန်မာနဲ့ပတ်သက်တဲ့ မူဝါဒ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ နောက်ပြီး အာဆီယံက ပြောမယ့် ရွေးကောက်ပွဲအပေါ် သဘောထားတွေဟာလည်း အိန္ဒိယရဲ့ သဘောထားအပေါ် ဖိအား တစုံတရာ သက်ရောက်မယ်လို့ ထင်တယ်” ဟု ပြောသည်။
ထို့အတူ အိန္ဒိယ သတင်းဌာနများ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းများအပေါ် စိတ်ဝင်စားမှု အားနည်းခြင်းသည်လည်း အိန္ဒိယအစိုးရနှင့် အိန္ဒိယပြည်သူများ၏ မြန်မာ့အရေး သိရှိနားလည်မှုကို အကျိုး သက်ရောက်စေသည်ဟု ဆိုသည်။
“မြန်မာ့အရေး လှုပ်ရှားသူတွေ၊ ဒုက္ခသည်တွေ အိန္ဒိယနိုင်ငံထဲမှာ နှစ် ၂၀ ကျော်ကြာ နေလာတာတောင်မှ အိန္ဒိယ ပြည်သူလူထုက မြန်မာဆိုတာကို ကောင်းကောင်း မသိကြဘူး။ ဒါကြောင့် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက အိန္ဒိယအစိုးရရော၊ အိန္ဒိယပြည်သူတွေကိုရော မြန်မာနိုင်ငံမှာ ဘယ်လိုတွေ ဖြစ်နေတယ်ဆိုတာကို သိအောင် သူတို့ရဲ့ သတင်းထောက်တွေကနေ တဆင့် ပြောပြခြင်းပဲ ဖြစ်ပါတယ်” ဟု ဆွေးနွေးပွဲကို စီစဉ်ဆောင်ရွက်သည့် မြန်မာ့အဖွဲ့အစည်း-ပရာဟာမြို့ (BurmaCenterPrague)၏ ဒါရိုက်တာ ဒေါ်စံပယ်စိုးက ဧရာဝတီသို့ ပြောသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ လာရောက်ဖွင့်လှစ်ပေးသည့် အိန္ဒိယနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး Mr.MiloslavStasekကမူရွေးကောက်ပွဲမှရလဒ်ကောင်းများ ပေါ်ထွန်းလာနိုင်မည်ဟု ထင်မြင်ချက်ပေးသည်။
သံအမတ်ကြီးက “ကျနော်တယောက်တည်း အမြင်ကတော့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးလုပ်တဲ့ ရွေးကောက်ပွဲဖြစ်လို့ ကောင်းမွန်တဲ့ လက္ခဏာ၊ ရွေးကောက်ပွဲမှာ ပါဝင်တာဟာ ဒီမိုကရေစီနည်းလမ်းကျတဲ့ အစိုးရဖြစ်ပေါ်လာစေဖို့ ကြိုးပမ်းမှု တခုလို့ မြင်ပါတယ်။ မှန်ကန်တရားမျှတမှု ရှိမရှိနဲ့ ရွေးကောက်ပွဲပြီးရင် ဘယ်လိုဖြစ်လာမယ် ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အမြန်ဆုံး ပေါ်ပေါက်ဖို့ မျှော်လင့်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ချက် သတင်းထောက်များကမူ မြန်မာ့ရွေးကောက်ပွဲသည် ယခင် ချက်သမ္မတနိုင်ငံကို အုပ်ချုပ်သည့် ကွန်မြူနစ်အစိုးရ၏ ရွေးကောက်ပွဲများကဲ့သို့ပင် အစိုးရ အနိုင်ရရေးကိုသာ ဦးစားပေးမည့် ရွေးကောက်ပွဲ ဖြစ်သည်ဟု ပြောဆိုကြသည်။
“အစကတော့ မြန်မာတွေ ရွေးကောက်ပွဲကို မကြိုက်ဘူးဆိုတာကို နားမလည်ဘူး။ ဒါပေမယ့် နောက်မှ ဒါကြီးက တဘက်သတ် အာဏာတည်မြဲရေးပဲ လုပ်ထားတယ်ဆိုတာ သိလာတယ်။ အစိုးရသစ်လက်ထက်မှာ လွှတ်တော်ထဲကနေ ပြောင်းလဲမှု လုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ၂၀၀၈ အခြေခံ ဥပဒေက ရှင်းနေတာပဲလေ”ဟု ချက် သတင်းထောက် JaromirMarekက ဧရာဝတီသို့ ပြောသည်။
ဒီမိုကရေစီစနစ် ထွန်းကားသော နိုင်ငံများအနေဖြင့် ရွေးကောက်ပွဲ ပြုလုပ်ခြင်းသည် နိုင်ငံရေး ပြဿနာတရပ်ကို ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းခြင်းဖြစ်ကြောင်း ထင်မြင်နေကြဆဲဖြစ်ကြောင်း မြန်မာ့အရေးလှုပ်ရှားသူများက ဆိုသည်။
ဒေါက်တာတင့်ဆွေက “ဒီအမြင်မျိုးက အိမ်နီးချင်း တိုင်းပြည်မှာရော ဥရောပနိုင်ငံတွေ တော်တော်များများမှာပါ ရှိကြတယ်။ ဒီအဖြစ်မျိုးက အနှစ် ၂၀ အတွင်း ခဏခဏ ကြုံရတဲ့ အခက်အခဲတခုပါ။ အခုလည်း ဒီဆွေးနွေးပွဲကနေ ချက်သမ္မတနိုင်ငံကနေ တဆင့် ဥရောပနိုင်ငံတွေကိုပါ အကျိုးအကြောင်း ဆီလျော်အောင် ရှင်းပြသွားမှာပါ” ဟု ပြောဆိုသွားသည်။

Geen opmerkingen: