မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 22 september 2010

ကင်မ်ဂျုံအီးလ်၏ သား မြောက်ကိုရီးယား ခေါင်းဆောင်သစ် ဖြစ်လာမလား

ရန်ပိုင် Wednesday, September 22, 2010
.မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်၏ အရိုက်အရာကို ဆက်ခံရန် အသက် ၂၆ နှစ် အရွယ်ရှိ တတိယ သားဖြစ်သူ ကင်မ်ဂျုံအန်းကို မကြာမီ ကျင်းပမည့် မြောက်ကိုရီးယား ကွန်မြူနစ်ပါတီ ညီလာခံတွင် ရွေးချယ်ရန်ရှိကြောင်း သိရသည်။
ကင်မ်ဂျုံအန်းဟု ယူဆရသူကို ကင်မ်ဂျုံအီးလ်နှင့်အတူ ယမန်နှစ်က တရုတ် ခရီးစဉ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - The Australian)
ကင်ဂျုံအန်းသည် လူသိနည်းပြီး ဆွစ်ဇာလန် နိုင်ငံတွင် ပညာ သင်ကြား ခဲ့သည်ဟုသာ သိရကြောင်း၊ နိုင်ငံပိုင် သတင်းစာများ တွင်လည်း ဖော်ပြခြင်း မခံရကြောင်း AP သတင်းတွင် ယနေ့ ဖော်ပြ ထားသည်။
လေ့လာသူ များကလည်း ထိုညီလာခံတွင် မြောက်ကိုရီးယား နိုင်ငံ၏ “ချစ်လှစွာသော ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီးလ်”၏ အရိုက် အရာကို ကင်မ်ဂျုံအန်းအား ဆက်ခံရန် ကြေညာ လိမ့်မည်ဟု ခန့်မှန်းနေ ကြသည်။
“အခုညီလာခံမှာ သူ့ကို တရားဝင် ဆက်ခံသူအဖြစ် ဆုံးဖြတ် လိမ့်မယ်” ဟု တောင်ကိုရီးယားနိုင်ငံ ဆိုလ်း တက္ကသိုလ်မှ မြောက်ကိုရီးယား သုတေသီ Yan Moo Jin က ဆိုသည်။
ပြီးခဲ့သည့်နှစ်က ဖခင်ဖြစ်သူ ကင်မ်ဂျုံအီးလ်နှင့် အတူ တရုတ်ပြည်သို့ မီးရထားဖြင့် သွားရောက်သည့် ခရီးစဉ်တွင် ကင်မ်ဂျုံအန်း လိုက်ပါခဲ့သည်ဟု တောင်ကိုရီးယား ရုပ်မြင်သံကြား ဌာနတခုက ဖော်ပြခဲ့သည်။
ယခုကျင်းပမည့် ညီလာခံသည် ၁၉၈၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် ညီလာခံ ဖြစ်သည်။
မြောက်ကိုရီးယား အစိုးရ သတင်းဌာန (KCNA)၏ ထုတ်ပြန်ချက်တွင် ပါတီကိုယ်စားလှယ်များ ညီလာခံတက်ရောက်ရန် ပြုံယမ်းမြို့တွင် ရောက်ရှိနေပြီး တိုင်းပြည်၏ ထိပ်ပိုင်း ခေါင်းဆောင်သစ်နေရာများကို ရွေးချယ်မည်ဟု ဖော်ပြထားသည်။
ညီလာခံကို ယခုလ အစောပိုင်းတွင် ကျင်းပမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ရက်ရွှေ့ဆိုင်းခဲ့ကြောင်း၊ ထိုသို့ ရွှေ့ဆိုင်းရခြင်းမှာ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီးလ်၏ ကျန်းမာရေး ဆိုးဝါးလာမှုနှင့် နိုင်ငံ၏ မြောက်ပိုင်းဒေသများတွင် ရေလွှမ်းမိုးမှုများကြောင့် ဖြစ်ကြောင်း ခန့်မှန်းပြောဆိုကြသည်။
ထိုကိစ္စနှင့် ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းစာမှ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
အသက် ၆၈ နှစ် ရှိပြီဖြစ်သည့် လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအီးလ်သည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က လေဖြတ်ဝေဒနာကို ခံစားရခြင်းကြောင့် နိုင်ငံရေးလောကမှ အနားယူခြင်းဖြစ်နိုင်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။
ကင်မ်ဂျုံအီးလ်သည် မကြာသေးမီနှစ်များအတွင်းက မဟာမိတ် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ဆေးကုသမှု ခံခဲ့ရသေးသည်။
ကင်ဂျုံအီးလ်သည် ဖခင်ဖြစ်သူ ကင်အီဆွန်း၏ အရိုက်အရာကို ဆက်ခံမည့်သူဟု သတ်မှတ်ခြင်းခံခဲ့ရစဉ်က အသက် ၃၈ နှစ်သာ ရှိသေးပြီး ၁၉၉၄ ခုနှစ်က ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် တိုင်းပြည်ခေါင်းဆောင်ဖြစ်လာသည်။
ကင်မ်ဂျုံအီးလ် ခေါင်းဆောင်ဖြစ်လာပြီးနောက် တခြားသော ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံခြင်းမရှိဘဲ တခါးပိတ်မူဝါဒကို ကျင့်သုံးကာ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ အီရန်နိုင်ငံတို့နှင့်သာ အများဆုံးဆက်ဆံခဲ့သည်။
၁၉၈၃ ခုနှစ်နှစ်တွင် မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် အဖွဲ့အား ရန်ကုန်မြို့အာဇာနည် ဗိမာန်တွင် မြောက်ကိုရီးယား ကွန်မန်ဒိုတို့က ဗုံးခွဲတိုက်ခိုက်ရာ သမ္မတ ချန်ဒူးဝမ် သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီး ၄ ဦး အပါအ၀င် ၂၁ ဦး သေဆုံးပြီး နောက်ပိုင်း မြန်မာနှင့် မြောက်ကိုရီးယား သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့သည်။
ရန်ကုန် အာဇာနည် ဗိမာန် ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ၂၅ နှစ်အကြာတွင် မြောက်ကိုရီးယားသည် တရားဝင် လူသိရှင်ကြား တောင်းပန်ခြင်း မရှိသော်လည်း စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက်ကြောင့် အာဏာရှင် နှစ်နိုင်ငံသည် သံတမန် ဆက်သွယ်ရေး သာမက စစ်ရေး ဆက်နွယ်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။
၁၉၉၉ ခုနှစ်တွင် မြန်မာစစ်အစိုးရ အရာရှိများ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခြင်းဖြင့် မြန်မာနှင့် မြောက်ကိုရီးယား သံတမန် အဆက်အသွယ် ပြန်လည်အစပြုခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ တရားဝင် သံတမန် ပြန်လည် ဆက်သွယ်ရန် သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့သည်။
ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး PakUiChun သည် ၂၅ နှစ်တာ အတွင်း ပထမဆုံး အကြိမ် အဆင့်မြင့် အရာရှိအဖြစ် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ကလင်တန် က “မြောက်ကိုရီးယားက မြန်မာစစ်အစိုးရကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ နေတာကို အားလုံးက စိုးရိမ်နေကြတယ်”ဟု ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လက ကျင်းပခဲ့သော အာဆီယံ ဒေသတွင်း ဆိုင်ရာ ဆွေးနွေးပွဲ (ARF) အစည်းအဝေးအတွင်း ဗီယက်နမ် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

Geen opmerkingen: