မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 24 september 2010

ကိုယ်စားလှယ်လောင်းအမည်တွင် ပါတီအမည် မဖော်ပြ

မျိုးဝင်းဇော် / ၂၄ စက်တင်ဘာ ၂၀၁၀
ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်ရုံးခွဲတို့တွင် ကြေညာဖော်ပြထားသည့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတွင် ပါတီအမည် မဖော်ပြဘဲ ချန်လှပ်ထားသဖြင့် ထိခိုက်နစ်နာကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များက ပြောသည်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က “လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းမှာ လူမျိုးစုမဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းကို ဖော်ပြတဲ့အခါ ပါတီအမည်ကိုပါ ဖော်ပြပေးရင် ပိုကောင်းမယ်။ ပါတီတွေ ထူထောင်ရတဲ့အချိန်က တိုတောင်းတယ်။ (၃) လ၊ (၃) လကျော်လောက်ပဲရှိမယ်။ တချို့နာမည်ရှိပြီးသား ပြည်ခိုင်ဖြိုးတို့၊ တစညတို့ ပါတီတွေဆိုတာက နှစ်ပေါင်းများစွာရှိပြီ။ သူတို့ပါတီရဲ့အမည်ကိုLogoက တဆင့် ပြည်သူတွေကသိပြီးသား။ ကျနော်တို့ကျတော့ ပါတီရဲ့နာမည်၊Logoနဲ့အလံတွေကိုပြည်သူတွေဆီမိတ်ဆက်နေရတုန်းပဲ။ စည်းရုံးရေးဆင်းတဲ့ကာလမှာလည်း အကန့်အသတ်တွေရှိတယ်။ ကျနော်တို့က ပါတီရဲ့အမည်ကို ပါစေချင်တယ်။ အဲ့ဒီအတွက်ကိုလည်း ကျနော်တို့ကငွေ (၅) သိန်း deposit သွင်းထားတာပဲ။ ထည့်ပေးရင် ကောင်းတာပေါ့။ ဒါကို ကျနော်တို့ သတိထားမိပါတယ်။ ဒါလည်း ကျနော်တို့ကို နှိပ်ကွပ်တာတခုပဲ”ဟု ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် လွှတ်တော် (၃)ခုအတွက် အမတ်လောင်းများကို ပြည်သူများက မဲပေးရွေးချယ်ရမည် ဖြစ်သည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ကြေညာရာတွင် အမတ်လောင်း အမည်၊ မှတ်ပုံတင်အမှတ်၊ ကိုယ်စားပြုပါတီ အမည်၊ ပါတီ လိုဂို၊ နေရပ်လိပ်စာ စသည်တို့ ဖော်ပြထားပြီး၊ တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော်များအတွက် တိုင်းရင်းသားလူမျိုးစု အမတ်လောင်းကြေညာရာတွင်မူ အမည်၊ မှတ်ပုံတင်အမှတ်၊ တိုင်းရင်းသားလူမျိုးအမည်၊ ပါတီ လိုဂို၊ နေရပ်လိပ်စာ စသည်တို့ကိုသာ ဖော်ပြထားပေးပြီး မည်သည့်ပါတီက ဝင်ရောက်ယှဉ်ပြိုင်သည် ဆိုသည်ကိုမူ လုံးဝ ဖော်ပြထားခြင်း မရှိပေ။
ထို့ကြောင့် တိုင်းရင်းသားလူမျိုး အမတ်လောင်းများအတွက် မဲပေးကြမည့် တနိုင်ငံလုံးက မဲဆန္ဒရှင်များသည် ကြံ့ဖွံ့နှင့် တစည ပါတီ အမတ်လောင်းများကလွဲ၍ အခြား အမတ်လောင်းများကို မည်သည့်ပါတီမှ ဖြစ်သည်ကို သိနိုင်ကြတော့မည် မဟုတ်ပေ။
ကျောက်တံတားမြို့နယ်လမ်း(၄ဝ)တွင် နေထိုင်သူတဦးက “ကျနော်တို့မြို့နယ်မှာ ပြည်သူ့လွှတ်တော်တခုတည်းအတွက် အမတ်လောင်း (၇) ယောက် ဝင်ပြိုင်မယ်။ အမျိုးသားလွှတ်တော်၊ တိုင်းလွှတ်တော် လူတွေ အများကြီးပဲ။ ဘယ်သူ့အကြောင်းမှလည်း ဂဃနဏ မသိဘူး။ ကိုယ်ရေးရာဇဝင်တွေလည်း ကပ်ပေးမထားဘူး။ တိုင်းရင်းသား ကိုယ်စားလှယ်ဆိုလည်း ဘယ်ပါတီကမှန်း မသိဘူး။ ဘယ်လိုလုပ် မဲပေးမလဲ၊ ထိုင်းနိုင်ငံမှာဆို အမတ်လောင်းရုပ်ပုံ ဗီနိုင်း ပိုစတာကြီးတွေ နေရာတိုင်း ထောင်ထားကြတယ်။ ကိုယ်ရေးရာဇဝင်တွေ ရေးထားတယ်။ ဒီတော့ ပြည်သူတွေ သိနိုင်တာပေါ့”ဟု ပြောသည်။
မဲပေးရန် (၁) လကျော်သာ လိုသည်အချိန်ထိ ပြည်သူတို့သည် အမတ်လောင်းများနှင့် ပါတီများအကြောင်း ကောင်းကောင်း မသိကြသေးကြောင်း၊ မဲစာရင်းများကိုလည်း ပါတီများက မစစ်ဆေးနိုင်ကြကြောင်း၊ မဲရုံ များလွန်းသဖြင့် ပါတီများအနေဖြင့် မဲရုံကိုယ်စားလှယ် ခန့်ရန် အခက်အခဲများ ရှိနေကြောင်း နိုင်ငံရေးပါတီ တာဝန်ရှိသူများထံမှ စုံစမ်းသိရသည်။

Geen opmerkingen: